မြန်မာနိုင်ငံ၏ "စပါးကျီ" ဟု ခေါ်ဆိုနိုင်သော စပါးစိုက်ပျိုးရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်ဆိုက်ကလုန်း မုန်တိုင်း၏ ရိုက်ခတ်ဖျက်ဆီးခံရမှုများကြောင့် ရေရှည်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူပညာရှင်များက သတိပေး ပြောကြားကြသည်။
မူလကတည်းက ဆင်းရဲမွဲတေနေခဲ့ရသော မြန်မာနိုင်ငံတွင် ယခုအခါ အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေရုံ မျှမက၊ အနည်းဆုံး စိုက်ပျိုးရာသီ ၂-ခု၊ ၃-ခုတိုင် ဆန်ကို ပြန်ဝယ်၍ တင်သွင်းစားသောက်နေရသော နိုင်ငံတခု ဖြစ်လာနိုင် ခြေ ရှိနေသည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အရာရှိများနှင့် အခြား အကဲဖြတ်များက ပြောဆိုနေ ကြသည်။
လွန်ခဲ့သည့်အပတ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဒီရေမြင့် တက်ကာ ဆားငံရေများ အတွင်းဖက် ကုန်းပိုင်း ၁၂-ကီလိုမီတာအထိ ၀င်လာခဲ့ပြီး၊ ယခင်လယ်ကွက်များအတွင်း သက်ရောက်ခဲ့သော ကြောင့် ဖြစ်သည်။ ထိုမျှမက သိုလှောင်ရုံများ ညံ့ဖျင်းခြင်းကြောင့် ယခင်က သိုလှောင်ထားခဲ့သော စပါးများလည်း မုန်တိုင်းနှင့် ဆားငံ ရေများဒဏ် ခံရကာ ပျက်စီး ဖွယ် ရှိနေသည်။
ဤအနေအထားတွင် အပြည်ပြည်ဆိုင်ရာမှ ထောက်ပံ့မှုများသာ ရောက်ရှိမလာပါက ဒေသတွင်း ဆန်ဈေးနှုန်းများ အလွန် အမင်း မြင့်တက်သွားစေနိုင်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့များ အသင်းချုပ် (IFRC) က အထူးကျွမ်းကျင်သူ အကဲဖြတ် ပညာရှင် များကို မြစ်ဝကျွန်းပေါ်ဒေသသို့ အဖွဲ့ဖွဲ့ စေလွှတ်ခဲ့ပြီး၊ ပြဿနာအတိမ် အနက်ကို သိရှိနိုင်ရန်နှင့် လိုအပ် သည့် အဖြေများရနိုင်ရန် ဆောင်ရွက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့များ အသင်းချုပ် (IFRC) သာ ကပ်ဘေးသင့်ဒေသများ အတွင်းကျကျ ၀င်ရောက်နိုင်ခဲ့သည့် အနည်းငယ်သော နိုင်ငံတကာအဖွဲ့အစည်းများအနက်မှ တခုဖြစ်ပြီး၊ မြန်မာစစ်အစိုးရက နောက်ထပ် အကူအညီပေး ရေးအဖွဲ့များ ဆက်လက်ခွင့်ပြုရန်လည်း တုံ့ဆိုင်းနေခဲ့သည်။
(IFRC) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန် စပဲရိုး (John Sparrow) က အကဲဖြတ်လေ့လာချက်များကို အခြေခံ၍ ပြောကြား ရာတွင် လူတသန်းခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်ပြီး၊ အစားအစာနှင့် အမိုးအကာများ လိုအပ်နေသည်။ ထိုမျှမက စိုက်ပျိုးရေး ဆိုင်ရာ အခြေခံ အဆောက်အဦတခုလုံး ပြိုကျပျက်စီးရသည့် ပြဿနာကလည်း ထပ်ဆင့်နေသည်ဟု ဆိုသည်။
" မြစ်ဝကျွန်းပေါ်ဒေသရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးရတာဟာ အထူးစိုးရိမ်စရာပါ" ဂျွန် စပဲရိုးက ပြောခဲ့သည်။
နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးက ပြောကြရာတွင် ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးခံရသည့် ပမာဏကို ငွေကြေးဖြင့် တွက်ချက်ရန်မှာ အလွန်စောလွန်းသေးသည်ဟု ဆိုကြသည်။ သို့သော်လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အာရှဒေသဆိုင်ရာ တာဝန်ခံ တိုနီ ဘန်ဘူရီ (Tony Banbury) က ပြောကြားရာတွင် "အပျက်အစီးတွေအားလုံး ရဲ့ အတိုင်းအတာနဲ့ လိုအပ်ချက်ကို မသိနိုင်သေးပေမယ့်၊ သေချာတာကတော့ ကြီးမားတယ်ဆိုတာတော့ ကျနော်တို့ပြော နိုင်ပါတယ်" ဟု ဆိုခဲ့သည်။
အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ချုပ် (FAO) က ခန့်မှန်းဖော်ပြရာတွင် မြန်မာနိုင်ငံက ဆန်စပါး မက်ထရစ်တန် ၆၀၀, ၀၀၀ မျှကို အဓိကအားဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာသို့ ယခုနှစ်တွင် တင်ပို့ရောင်းချရန် ရှိနေသည်။
ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးမခံရမီ မည်မျှတင်ပို့ ပြီးစီးခဲ့ပြီကို အတိအကျ မသိရှိရသေးပေ။ သို့သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပင် ဆန်များ ပြန်လက်ခံတင်သွင်းနေရပြီ ဖြစ်သည်။ လွန်ခဲ့သည့်နှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရအပြီး၊ နိုင်ငံတကာကူညီထောက်ပံ့မှုများမှ ကျွင်းကျန်နေသည့် ဆန်များကို အကူ အညီအဖြစ် ပြန်လက်ခံနေရသည်။
"ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မခံရခင်အထိ၊ ကမ္ဘာမှာ ဆန်ဈေးတွင် ရုတ်တရက်ထိုးတက်ခဲ့ပေမယ့် မြန်မာနိုင်ငံက ဆန် တင်ပို့နိုင်တဲ့ အနေအထားကို သူ့ဘာသာထိန်းထားနိုင်သေးတယ်။" ဟောင်ကောင်အခြေစိုက် ပွဲစားကုမ္ပဏီတခုမှ ကုန်ပစ္စည်း ဆိုင်ရာ ကျွမ်းကျင်သူ အလက်ဇန်းဒါး စပင့်စ် (Alexander Spence) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောခဲ့သည်။
" ကျနော်တို့ လေ့လာအကဲဖြတ်လို့ ရသမျှတော့ မြန်မာပြည်က သူ့ဘာသာ ဖူလုံတယ်။ ကုန်ဈေးနှုန်းတွေ တက်လာတာ ကိုလည်း ထိုင်းဆန်လက္ကားကုန်သည်ကြီးတွေက ဈေးတိုးတောင်းရ သလိုမျိုး အထူး ပူပန်စရာ မလိုဘူး" စပင့်စ်က ပြောပါ သည်။ "ဒါပေမယ့် ဆိုင်ကလုန်းတိုက်ခံရပြီးတဲ့ နောက်မှာတော့ အခြေအနေတွေ အားလုံး ပြောင်းသွားပြီ" ဟု ထပ်ပြောခဲ့ သည်။
ဆန်က မြန်မာနိုင်ငံနှင့် အာရှဒေသတွင် ပင်မ အစားအစာဖြစ်နေသော်လည်း၊ ဆိုင်ကလုန်းမုန်တိုင်းက အခြားသော အစား အသောက်ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း ပြင်းပြင်းထန်ထန် ဖျက်ဆီးခဲ့ဖွယ်ရှိသည်ဟု ယုံကြည်နေရပါသည်။ အပြင်း ထန်ဆုံး ရိုက်ခတ်ခံခဲ့ရသည့်နေရာသည် မြန်မာနိုင်ငံ၏ ၀က်သား၊ ကြက်သားနှင့် မွေးမြူရေးငါး အထွက် တ၀က်ကျော်ကို ထုတ်လုပ်ပေးနေသည့် ဒေသဖြစ်နေသည်ဟု (FAO) အဖွဲ့က ဖော်ပြခဲ့ပါသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အကြောင်း သိကျွမ်းနားလည်သူ ပညာရှင်များက ပြောကြရာတွင်၊ စားသောက်ရန် သိုမှီးထား သော ဆန်များ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရုံမျှ မက၊ နောက်ရာသီအတွက် မျိုးစပါးများလည်း ပျက်စီးသွားနိုင်သည်ဟု ဆိုကြ သည်။
" ဒီလို ဆိုးကျိုးရလဒ်ကတော့ ရေတိုအနေနဲ့ရော၊ ရေရှည်အနေနဲ့ပါ ဆိုးဆိုးရွားရွား ကြုံရနိုင်တယ်" မြန်မာနိုင်ငံအကြောင်း စောင့်ကြည့်လေ့လာနေသူနှင့် စီးပွားရေးပညာရှင် တဦးဖြစ်သူ သြစတြေလျနိုင်ငံ၊ မက်ကွိုင်းယားတကက္ကသိုလ်မှ ရှောင် တာနဲ (Sean Turnell) က ဧရာဝတီမဂ္ဂဇင်းသို့ ကြာသပတေးနေ့တွင် ပြောခဲ့ပါသည်။
"နွေစပါးတွေလည်း အတော်ထိခိုက်သွားနိုင်တယ်။ ပိုဆိုးတာက နောက်တခါ ပင်မစိုက်ရာသီ မိုးကာလမှာ ဒီဖျက်ဆီးခံ လိုက်ရတဲ့ လယ်ကွင်းတွေက ပြန်သုံးလို့ ရနိုင်-မရနိုင် မသိရသေးဘူး။ ဒီစိုက်ရာသီသာ မဖြစ်ရင် မြန်မာနိုင်ငံ ကျေးလက် ကဏ္ဍအတွက် ထုတ်လုပ်နိုင်ခြေ တကယ်မရှိသလောက် ဖြစ်သွားမယ်။ ပြန်လည်ထူထောင်ရေးကိစ္စတွေလည်း ပိုရှည်ကြာ မယ်" ဟု သူက ဆိုသည်။
အကယ်၍သာ စစ်အစိုးရက ခွင့်ပြုခဲ့ပါက မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်စေရန် ငွေ ကြေး ရန်ပုံငွေများက အဆောတလျင် ရောက်လာဖွယ် ရှိသည်။
ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်ခံရမီ နေ့များတွင်ပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို မကြာသေးမီက အစားအစာဈေးနှုန်းများ ကမ္ဘာတခုလုံးတွင် မြင့်တက်လာမှုကြောင့် အထူးထိခိုက်နစ်နာဖွယ်ရှိနေသည့် အာရှနိုင်ငံများကို ကူညီပေးမည့် အစီအစဉ်ပြုထားသည်ဟု ကြေညာခဲ့ပါသေးသည်။
ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ဒေါ်လာ သန်း ၃, ၀၀၀ အထိ တိုးမြှင့်၍ ဤအစီအစဉ်ကို အားဖြည့်ခဲ့ပြီး၊ အဓိကအားဖြင့် ချေးငွေ ပုံစံဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်စေရန်နှင့် ချဲ့ထွင်နိုင်ရန် အသုံးပြုမည် ဖြစ်သည်။ အာရှဒေသတွင် အထူးသဖြင့် ဆန်ထုတ်လုပ်ရေးကို အာရုံထားဆောင်ရွက်ကြမည် ဖြစ်သည်။
" အခုအခြေအနေက ရည်မှန်ထားတဲ့ အစီအစဉ်တွေအတိုင်း ပြည့်မီစေဖို့ အစိုးရတွေကနေ စောစောစီးစီးတုံ့ပြန်ဖို့ ကောင်း တဲ့ အနေအထားပါ။ ဒီငွေတွေက တကယ့် ဆင်းရဲနေတဲ့၊ တကယ့်ကို ဒုက္ခရောက်နေကြတဲ့သူတွေကို တိုက်ရိုက်ကူညီမှာ ဖြစ်ပြီး၊ ကုန်သွယ်မှု လွတ်လပ်ပွင့်လင်းစေရေးနဲ့ ဒေသအတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေကို ဖြန့်ဖြူ နိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ကိစ္စတွေအတွက်လည်း အသုံးပြုမှာပါ။" အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဥက္ကဋ္ဌ ဟာရူ ဟီကို ကူရိုဒါ (Haruhiko Kuroda) က စပိန်နိုင်ငံတွင် ကျင်းပသည့် ဘဏ်၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
သို့သော်လည်း မြန်မာစစ်အစိုးရက ကြွေးဆိုးဖြင့် နာမည်ပျက်ရှိနေသည်။
" နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်း တွေဖြစ်တဲ့ ဥပမာ ကမ္ဘာ့ဘဏ်၊ နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့လို အဖွဲ့တွေ အကြားမှာ မြန်မာစစ် အစိုးရက အကြွေးပြန်မပေးထားတဲ့ နာမည်ပျက် ပြဿနာ ရှိနေတယ်။ နောက်ထပ် ADB က ရှေ့ဆက်ဘယ်လို တုံ့ပြန်လာမလဲဆိုတာကတော့ စောင့် ကြည့်ရဦးမှာပဲ။" ဘန်ကောက်ရှိ အနောက်တိုင်းသံရုံးတခုမှ အမည် မဖော်လိုသည့် စီးပွားရေးပညာရှင် တဦးက ပြောပါသည်။
တချိန်တည်းမှာပင် ယခုအပတ်အတွင်း တွင်ပင် နိုင်ငံတကာ၌ ဆန်ဈေးများ လည်း ထပ်မံ မြင့်တက်ခဲ့ပြန်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဆန်စပါး လုံးလုံး လျားလျား တင်သွင်းမှီခိုရသည့် နိုင်ငံ တခုအဖြစ် ပြောင်းသွားမည့်အရေး တွက်ချက်မှုများကြောင့် လည်း ဤသို့ ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်လွန်ခဲ့သည့် ဧပြီလက ဆန်ဈေးနှုန်းများ သိသိသာသာမြင့်တက်သွားပြီးသည့်နောက်ပိုင်း ထိုင်းနိုင်ငံက ပြည်ပဆန်တင်ပို့မှု နှုန်းကို လျှော့ချခဲ့ပါသည်။ အကြောင်းမှာ အဓိကဆန်တင်သွင်းနေသူ ဖိလစ်ပိုင်နိုင်ငံက ဆန်ဝယ်နေမှုကို ရွှေ့ဆိုင်းထား လိုက်ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း အကယ်၍ ဆန်တင်သွင်းနေသူ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့က မြန်မာနိုင်ငံမှ ဆန်ဝယ်ရန် အခြားရွေးချယ်စရာအဖြစ် စဉ်းစားလာခဲ့လျှင် တဖန်ပြန်၍ ထိုင်းဆန်တင်ပို့မှုနှုန်း ပြန်မြှင့်လာဖွယ် ရှိနေပါသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ပုံမှန်အနေအထားအတိုင်း ဆန်ပြန်ထွက်လာရန် ဆိုသည်မှာ နှစ်ပေါင်းများစွာ အချိန်ယူရ နိုင်ဖွယ် ရှိနေပါသည်။
မြန်မာနိုင်ငံ စီးပွားရေးလေ့လာစောင့်ကြည့်ရေး (Burma Economic Watch) သတင်းဂျာနယ်ကို ထုတ်ဝေနေသူ ရှောင် တာနဲက ပြောရာတွင် "မြန်မာစစ်အစိုးရများက နှစ်ပေါင်းများစွာ လျစ်လျူရှုခံခဲ့ရသော" ကျေးလက်ထုတ်လုပ်ရေးကဏ္ဍများ အတွက် အလားအလာမှာ မှောင်အတိဖြစ်သည်ဟု ဆိုပါသည်။
" ဆိုင်ကလုန်းမုန်တိုင်းဒဏ် မခံရခင် ကတည်းက မြန်မာနိုင်ငံက လယ်သမားတွေက အရေးကြီးတဲ့ သွင်းအားစု ပစ္စည်းတွေ မရှိကြဘူး၊ ဥပမာ- ဓါတ်မြေသြဇာ လိုမျိုးပေါ့။ မြန်မာနိုင်ငံက စိုက်ပျိုးတောင်သူ လယ်သမား ၉၀% လောက်က ဘဏ္ဍာငွေ ထောက်ပံ့ချေးယူနိုင်တဲ့ နေရာမျိုးတွေလည်း မရှိဘူး။ ဒီအတွက်ကြောင့်လည်း ရှင်သန်ရပ်တည်နိုင်ရုံက လွဲလို့ အရင်းအမြစ် တွေလည်း မရှိကြဘူး။ အခုလို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် နည်းလမ်းတွေ၊ ရင်ဆိုင်ဖို့ ကိစ္စတွေမှာ ပိုလို့ဆိုးတယ်" ဟု ပြောခဲ့ပါသည်။
" ကျနော်တို့ တွေ့ကြုံရနိုင်တာက ဆန်ဈေးတွေ အလွန်အမင်းမြင့်တက်လာမယ်။ လာမယ့်နှစ်အတွင်းမှာတော့ ဆန်ရှားပါးမှု တွေလည်း ဒေသတွေမှာ ယာယီသဘောဖြစ်တာတွေ ရှိမယ်" ဟု သူက ကြိုတင်တွက်ဆထားပါသေးသည်။