http://www.meebo.com/rooms

Padauk Myay

ReliefWeb: Updates by Country

Welcome to the Mizzima News - Burmese Version

သတင်းမဵား

VOA News: Burma

VOA News: Disasters and Accidents

NYI LYNN SECK 18+ DEN

CYCLONE NARGIS - Google News

MoeMaKa Media - မိုးမခ မီဒီယာ

ဒေါက်တာလွဏ်းဆွေ

နေနတ်နွယ်

ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ

Promoting Humanity

Saturday, May 10, 2008

မြန်မာနိုင်ငံ၏ "စပါးကျီ" ဖြိုလှဲခံရလေပြီ !!!!!!!!!! (From Irrawaddy)

မြန်မာနိုင်ငံ၏ "စပါးကျီ" ဟု ခေါ်ဆိုနိုင်သော စပါးစိုက်ပျိုးရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်ဆိုက်ကလုန်း မုန်တိုင်း၏ ရိုက်ခတ်ဖျက်ဆီးခံရမှုများကြောင့် ရေရှည်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူပညာရှင်များက သတိပေး ပြောကြားကြသည်။

မူလကတည်းက ဆင်းရဲမွဲတေနေခဲ့ရသော မြန်မာနိုင်ငံတွင် ယခုအခါ အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေရုံ မျှမက၊ အနည်းဆုံး စိုက်ပျိုးရာသီ ၂-ခု၊ ၃-ခုတိုင် ဆန်ကို ပြန်ဝယ်၍ တင်သွင်းစားသောက်နေရသော နိုင်ငံတခု ဖြစ်လာနိုင် ခြေ ရှိနေသည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အရာရှိများနှင့် အခြား အကဲဖြတ်များက ပြောဆိုနေ ကြသည်။

လွန်ခဲ့သည့်အပတ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဒီရေမြင့် တက်ကာ ဆားငံရေများ အတွင်းဖက် ကုန်းပိုင်း ၁၂-ကီလိုမီတာအထိ ၀င်လာခဲ့ပြီး၊ ယခင်လယ်ကွက်များအတွင်း သက်ရောက်ခဲ့သော ကြောင့် ဖြစ်သည်။ ထိုမျှမက သိုလှောင်ရုံများ ညံ့ဖျင်းခြင်းကြောင့် ယခင်က သိုလှောင်ထားခဲ့သော စပါးများလည်း မုန်တိုင်းနှင့် ဆားငံ ရေများဒဏ် ခံရကာ ပျက်စီး ဖွယ် ရှိနေသည်။

ဤအနေအထားတွင် အပြည်ပြည်ဆိုင်ရာမှ ထောက်ပံ့မှုများသာ ရောက်ရှိမလာပါက ဒေသတွင်း ဆန်ဈေးနှုန်းများ အလွန် အမင်း မြင့်တက်သွားစေနိုင်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့များ အသင်းချုပ် (IFRC) က အထူးကျွမ်းကျင်သူ အကဲဖြတ် ပညာရှင် များကို မြစ်ဝကျွန်းပေါ်ဒေသသို့ အဖွဲ့ဖွဲ့ စေလွှတ်ခဲ့ပြီး၊ ပြဿနာအတိမ် အနက်ကို သိရှိနိုင်ရန်နှင့် လိုအပ် သည့် အဖြေများရနိုင်ရန် ဆောင်ရွက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့များ အသင်းချုပ် (IFRC) သာ ကပ်ဘေးသင့်ဒေသများ အတွင်းကျကျ ၀င်ရောက်နိုင်ခဲ့သည့် အနည်းငယ်သော နိုင်ငံတကာအဖွဲ့အစည်းများအနက်မှ တခုဖြစ်ပြီး၊ မြန်မာစစ်အစိုးရက နောက်ထပ် အကူအညီပေး ရေးအဖွဲ့များ ဆက်လက်ခွင့်ပြုရန်လည်း တုံ့ဆိုင်းနေခဲ့သည်။

(IFRC) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန် စပဲရိုး (John Sparrow) က အကဲဖြတ်လေ့လာချက်များကို အခြေခံ၍ ပြောကြား ရာတွင် လူတသန်းခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်ပြီး၊ အစားအစာနှင့် အမိုးအကာများ လိုအပ်နေသည်။ ထိုမျှမက စိုက်ပျိုးရေး ဆိုင်ရာ အခြေခံ အဆောက်အဦတခုလုံး ပြိုကျပျက်စီးရသည့် ပြဿနာကလည်း ထပ်ဆင့်နေသည်ဟု ဆိုသည်။

" မြစ်ဝကျွန်းပေါ်ဒေသရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးရတာဟာ အထူးစိုးရိမ်စရာပါ" ဂျွန် စပဲရိုးက ပြောခဲ့သည်။

နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးက ပြောကြရာတွင် ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးခံရသည့် ပမာဏကို ငွေကြေးဖြင့် တွက်ချက်ရန်မှာ အလွန်စောလွန်းသေးသည်ဟု ဆိုကြသည်။ သို့သော်လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အာရှဒေသဆိုင်ရာ တာဝန်ခံ တိုနီ ဘန်ဘူရီ (Tony Banbury) က ပြောကြားရာတွင် "အပျက်အစီးတွေအားလုံး ရဲ့ အတိုင်းအတာနဲ့ လိုအပ်ချက်ကို မသိနိုင်သေးပေမယ့်၊ သေချာတာကတော့ ကြီးမားတယ်ဆိုတာတော့ ကျနော်တို့ပြော နိုင်ပါတယ်" ဟု ဆိုခဲ့သည်။

အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ချုပ် (FAO) က ခန့်မှန်းဖော်ပြရာတွင် မြန်မာနိုင်ငံက ဆန်စပါး မက်ထရစ်တန် ၆၀၀, ၀၀၀ မျှကို အဓိကအားဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာသို့ ယခုနှစ်တွင် တင်ပို့ရောင်းချရန် ရှိနေသည်။

ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးမခံရမီ မည်မျှတင်ပို့ ပြီးစီးခဲ့ပြီကို အတိအကျ မသိရှိရသေးပေ။ သို့သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပင် ဆန်များ ပြန်လက်ခံတင်သွင်းနေရပြီ ဖြစ်သည်။ လွန်ခဲ့သည့်နှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရအပြီး၊ နိုင်ငံတကာကူညီထောက်ပံ့မှုများမှ ကျွင်းကျန်နေသည့် ဆန်များကို အကူ အညီအဖြစ် ပြန်လက်ခံနေရသည်။

"ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မခံရခင်အထိ၊ ကမ္ဘာမှာ ဆန်ဈေးတွင် ရုတ်တရက်ထိုးတက်ခဲ့ပေမယ့် မြန်မာနိုင်ငံက ဆန် တင်ပို့နိုင်တဲ့ အနေအထားကို သူ့ဘာသာထိန်းထားနိုင်သေးတယ်။" ဟောင်ကောင်အခြေစိုက် ပွဲစားကုမ္ပဏီတခုမှ ကုန်ပစ္စည်း ဆိုင်ရာ ကျွမ်းကျင်သူ အလက်ဇန်းဒါး စပင့်စ် (Alexander Spence) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောခဲ့သည်။

" ကျနော်တို့ လေ့လာအကဲဖြတ်လို့ ရသမျှတော့ မြန်မာပြည်က သူ့ဘာသာ ဖူလုံတယ်။ ကုန်ဈေးနှုန်းတွေ တက်လာတာ ကိုလည်း ထိုင်းဆန်လက္ကားကုန်သည်ကြီးတွေက ဈေးတိုးတောင်းရ သလိုမျိုး အထူး ပူပန်စရာ မလိုဘူး" စပင့်စ်က ပြောပါ သည်။ "ဒါပေမယ့် ဆိုင်ကလုန်းတိုက်ခံရပြီးတဲ့ နောက်မှာတော့ အခြေအနေတွေ အားလုံး ပြောင်းသွားပြီ" ဟု ထပ်ပြောခဲ့ သည်။

ဆန်က မြန်မာနိုင်ငံနှင့် အာရှဒေသတွင် ပင်မ အစားအစာဖြစ်နေသော်လည်း၊ ဆိုင်ကလုန်းမုန်တိုင်းက အခြားသော အစား အသောက်ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း ပြင်းပြင်းထန်ထန် ဖျက်ဆီးခဲ့ဖွယ်ရှိသည်ဟု ယုံကြည်နေရပါသည်။ အပြင်း ထန်ဆုံး ရိုက်ခတ်ခံခဲ့ရသည့်နေရာသည် မြန်မာနိုင်ငံ၏ ၀က်သား၊ ကြက်သားနှင့် မွေးမြူရေးငါး အထွက် တ၀က်ကျော်ကို ထုတ်လုပ်ပေးနေသည့် ဒေသဖြစ်နေသည်ဟု (FAO) အဖွဲ့က ဖော်ပြခဲ့ပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အကြောင်း သိကျွမ်းနားလည်သူ ပညာရှင်များက ပြောကြရာတွင်၊ စားသောက်ရန် သိုမှီးထား သော ဆန်များ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရုံမျှ မက၊ နောက်ရာသီအတွက် မျိုးစပါးများလည်း ပျက်စီးသွားနိုင်သည်ဟု ဆိုကြ သည်။

" ဒီလို ဆိုးကျိုးရလဒ်ကတော့ ရေတိုအနေနဲ့ရော၊ ရေရှည်အနေနဲ့ပါ ဆိုးဆိုးရွားရွား ကြုံရနိုင်တယ်" မြန်မာနိုင်ငံအကြောင်း စောင့်ကြည့်လေ့လာနေသူနှင့် စီးပွားရေးပညာရှင် တဦးဖြစ်သူ သြစတြေလျနိုင်ငံ၊ မက်ကွိုင်းယားတကက္ကသိုလ်မှ ရှောင် တာနဲ (Sean Turnell) က ဧရာဝတီမဂ္ဂဇင်းသို့ ကြာသပတေးနေ့တွင် ပြောခဲ့ပါသည်။

"နွေစပါးတွေလည်း အတော်ထိခိုက်သွားနိုင်တယ်။ ပိုဆိုးတာက နောက်တခါ ပင်မစိုက်ရာသီ မိုးကာလမှာ ဒီဖျက်ဆီးခံ လိုက်ရတဲ့ လယ်ကွင်းတွေက ပြန်သုံးလို့ ရနိုင်-မရနိုင် မသိရသေးဘူး။ ဒီစိုက်ရာသီသာ မဖြစ်ရင် မြန်မာနိုင်ငံ ကျေးလက် ကဏ္ဍအတွက် ထုတ်လုပ်နိုင်ခြေ တကယ်မရှိသလောက် ဖြစ်သွားမယ်။ ပြန်လည်ထူထောင်ရေးကိစ္စတွေလည်း ပိုရှည်ကြာ မယ်" ဟု သူက ဆိုသည်။

အကယ်၍သာ စစ်အစိုးရက ခွင့်ပြုခဲ့ပါက မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်စေရန် ငွေ ကြေး ရန်ပုံငွေများက အဆောတလျင် ရောက်လာဖွယ် ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်ခံရမီ နေ့များတွင်ပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို မကြာသေးမီက အစားအစာဈေးနှုန်းများ ကမ္ဘာတခုလုံးတွင် မြင့်တက်လာမှုကြောင့် အထူးထိခိုက်နစ်နာဖွယ်ရှိနေသည့် အာရှနိုင်ငံများကို ကူညီပေးမည့် အစီအစဉ်ပြုထားသည်ဟု ကြေညာခဲ့ပါသေးသည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ဒေါ်လာ သန်း ၃, ၀၀၀ အထိ တိုးမြှင့်၍ ဤအစီအစဉ်ကို အားဖြည့်ခဲ့ပြီး၊ အဓိကအားဖြင့် ချေးငွေ ပုံစံဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်စေရန်နှင့် ချဲ့ထွင်နိုင်ရန် အသုံးပြုမည် ဖြစ်သည်။ အာရှဒေသတွင် အထူးသဖြင့် ဆန်ထုတ်လုပ်ရေးကို အာရုံထားဆောင်ရွက်ကြမည် ဖြစ်သည်။

" အခုအခြေအနေက ရည်မှန်ထားတဲ့ အစီအစဉ်တွေအတိုင်း ပြည့်မီစေဖို့ အစိုးရတွေကနေ စောစောစီးစီးတုံ့ပြန်ဖို့ ကောင်း တဲ့ အနေအထားပါ။ ဒီငွေတွေက တကယ့် ဆင်းရဲနေတဲ့၊ တကယ့်ကို ဒုက္ခရောက်နေကြတဲ့သူတွေကို တိုက်ရိုက်ကူညီမှာ ဖြစ်ပြီး၊ ကုန်သွယ်မှု လွတ်လပ်ပွင့်လင်းစေရေးနဲ့ ဒေသအတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေကို ဖြန့်ဖြူ နိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ကိစ္စတွေအတွက်လည်း အသုံးပြုမှာပါ။" အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဥက္ကဋ္ဌ ဟာရူ ဟီကို ကူရိုဒါ (Haruhiko Kuroda) က စပိန်နိုင်ငံတွင် ကျင်းပသည့် ဘဏ်၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

သို့သော်လည်း မြန်မာစစ်အစိုးရက ကြွေးဆိုးဖြင့် နာမည်ပျက်ရှိနေသည်။

" နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်း တွေဖြစ်တဲ့ ဥပမာ ကမ္ဘာ့ဘဏ်၊ နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့လို အဖွဲ့တွေ အကြားမှာ မြန်မာစစ် အစိုးရက အကြွေးပြန်မပေးထားတဲ့ နာမည်ပျက် ပြဿနာ ရှိနေတယ်။ နောက်ထပ် ADB က ရှေ့ဆက်ဘယ်လို တုံ့ပြန်လာမလဲဆိုတာကတော့ စောင့် ကြည့်ရဦးမှာပဲ။" ဘန်ကောက်ရှိ အနောက်တိုင်းသံရုံးတခုမှ အမည် မဖော်လိုသည့် စီးပွားရေးပညာရှင် တဦးက ပြောပါသည်။

တချိန်တည်းမှာပင် ယခုအပတ်အတွင်း တွင်ပင် နိုင်ငံတကာ၌ ဆန်ဈေးများ လည်း ထပ်မံ မြင့်တက်ခဲ့ပြန်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဆန်စပါး လုံးလုံး လျားလျား တင်သွင်းမှီခိုရသည့် နိုင်ငံ တခုအဖြစ် ပြောင်းသွားမည့်အရေး တွက်ချက်မှုများကြောင့် လည်း ဤသို့ ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်

လွန်ခဲ့သည့် ဧပြီလက ဆန်ဈေးနှုန်းများ သိသိသာသာမြင့်တက်သွားပြီးသည့်နောက်ပိုင်း ထိုင်းနိုင်ငံက ပြည်ပဆန်တင်ပို့မှု နှုန်းကို လျှော့ချခဲ့ပါသည်။ အကြောင်းမှာ အဓိကဆန်တင်သွင်းနေသူ ဖိလစ်ပိုင်နိုင်ငံက ဆန်ဝယ်နေမှုကို ရွှေ့ဆိုင်းထား လိုက်ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း အကယ်၍ ဆန်တင်သွင်းနေသူ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့က မြန်မာနိုင်ငံမှ ဆန်ဝယ်ရန် အခြားရွေးချယ်စရာအဖြစ် စဉ်းစားလာခဲ့လျှင် တဖန်ပြန်၍ ထိုင်းဆန်တင်ပို့မှုနှုန်း ပြန်မြှင့်လာဖွယ် ရှိနေပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ပုံမှန်အနေအထားအတိုင်း ဆန်ပြန်ထွက်လာရန် ဆိုသည်မှာ နှစ်ပေါင်းများစွာ အချိန်ယူရ နိုင်ဖွယ် ရှိနေပါသည်။

မြန်မာနိုင်ငံ စီးပွားရေးလေ့လာစောင့်ကြည့်ရေး (Burma Economic Watch) သတင်းဂျာနယ်ကို ထုတ်ဝေနေသူ ရှောင် တာနဲက ပြောရာတွင် "မြန်မာစစ်အစိုးရများက နှစ်ပေါင်းများစွာ လျစ်လျူရှုခံခဲ့ရသော" ကျေးလက်ထုတ်လုပ်ရေးကဏ္ဍများ အတွက် အလားအလာမှာ မှောင်အတိဖြစ်သည်ဟု ဆိုပါသည်။

" ဆိုင်ကလုန်းမုန်တိုင်းဒဏ် မခံရခင် ကတည်းက မြန်မာနိုင်ငံက လယ်သမားတွေက အရေးကြီးတဲ့ သွင်းအားစု ပစ္စည်းတွေ မရှိကြဘူး၊ ဥပမာ- ဓါတ်မြေသြဇာ လိုမျိုးပေါ့။ မြန်မာနိုင်ငံက စိုက်ပျိုးတောင်သူ လယ်သမား ၉၀% လောက်က ဘဏ္ဍာငွေ ထောက်ပံ့ချေးယူနိုင်တဲ့ နေရာမျိုးတွေလည်း မရှိဘူး။ ဒီအတွက်ကြောင့်လည်း ရှင်သန်ရပ်တည်နိုင်ရုံက လွဲလို့ အရင်းအမြစ် တွေလည်း မရှိကြဘူး။ အခုလို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် နည်းလမ်းတွေ၊ ရင်ဆိုင်ဖို့ ကိစ္စတွေမှာ ပိုလို့ဆိုးတယ်" ဟု ပြောခဲ့ပါသည်။

" ကျနော်တို့ တွေ့ကြုံရနိုင်တာက ဆန်ဈေးတွေ အလွန်အမင်းမြင့်တက်လာမယ်။ လာမယ့်နှစ်အတွင်းမှာတော့ ဆန်ရှားပါးမှု တွေလည်း ဒေသတွေမှာ ယာယီသဘောဖြစ်တာတွေ ရှိမယ်" ဟု သူက ကြိုတင်တွက်ဆထားပါသေးသည်။

နာဂစ်အလွန်

အမိုးအကာမလုံမခြုံနဲ့ နံရံအချို့ပြိုပျက်နေတဲ့ ဘုန်းကြီးကျောင်းတခုထဲက ပေ၂၀ ၀န်းကျင်ခန့်ရှိတဲ့ အခန်းတခုတည်းမှာ ကလေးငယ်တွေဟာ သတ်မှတ်ထားတဲ့ သူတို့နေရာအသီးသီးမှာ လဲလျောင်းသူ လဲလျောင်း၊ ထိုင်သူထိုင်နဲ့ ငေးငေးငိုင်ငိုင် ငြိမ်သက်နေကြပါတယ်။

သူတို့တွေဟာ မေလ ၂ ရက်နေ့ညပိုင်းက တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အဆိုပါ ဘုန်းတော်ကြီးကျောင်းဆီကို ခိုကိုးရာမဲ့ ရောက်လာကြတဲ့ မိသားစုတွေရဲ့ ကလေးတွေ ဖြစ်ကြပါတယ်။

သူတို့မိဘတွေကတော့ မနက်ကတည်းက ဘုန်းကြီးကျောင်းက ကျွေးတဲ့ ထမင်းကို စားပြီး လုပ်ငန်းခွင်တွေရှိရာ ဆီကို အသီးသီးထွက်သွားခဲ့ကြပြီလို့ သိရပါတယ်။

“သမီးတို့အိမ်ပြိုသွားတဲ့ နေ့ကတည်းက ဒီကျောင်းကို ရောက်လာတာပါ။ ဒီကျောင်းကပဲ သမီးတို့ကို တနေ့ ထမင်း နှစ်နပ်ကျွေးပါတယ်” လို့ အသက် ၈ နှစ်အရွယ် ကလေးမလေး တဦးက ခပ်တိုးတိုးလေး ပြောပြပါတယ်။ သူ့ ဘေးနားမှာတော့ သူ့အောက်က ၃ နှစ်အရွယ် ညီမနဲ့ အတူ မုန်တိုင်းနေ့က မိုးမိလို့ ဖျားနေတဲ့ အသက် ၅ လသားအရွယ် ကလေးငယ်ကို ပီနံအိတ်လေးပေါ်မှာ အိပ်ပျော်နေတာ တွေ့မြင်ရပါတယ်။

ကလေးတွေအတော်များများဟာ မုန်တိုင်းဒဏ်ခံထားရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ စတင်လာခဲ့ပြီလို့ အဆိုပါ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ကူညီလုပ်ကိုင်ပေးနေတဲ့ သန်လျင်မြို့သား ကျောင်းဆရာ တဦးက ပြောပြပါတယ်။

သန်လျင်မြို့နယ်ထဲက အဆိုပါ ဘုရားကုန်းကျေးရွာအုပ်စုဟာ လေဘေးမုန်တိုင်းဒဏ် အခံရဆုံး ကျေးရွာအုပ်စုထဲမှာ အပါအ၀င်ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ထဲက ဘုရားကုန်းကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ကိုးရွာ ပါဝင်ကြောင်း ကျေးရွာ စာရင်းများအရ သိရှိရပါတယ်။ ကျောက်ရေတွင်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ နတ်စင်တရာကျေးရွာ၊ တာဝ ကျေးရွာ၊ ကညင်ပင်ကျေးရွာ၊ စစ်စီးတော ကျေးရွာ၊ တိုက်လေးဝ ကျေးရွာတို့ ဖြစ်ပြီး ကျေးရွာ တရွာမှာ အိမ်ခြေ အနည်းဆုံး ၂၀၀ ကျော်ကနေ အများဆုံး ၄၀၀ ကျော်ထိ ရှိတယ်လို့ ကြားသိရပါတယ်။ ကျေးရွာတရွာမှာ လူဦးရေ အနည်းဆုံး ၅၀၀ ကနေ အများဆုံး ၂၀၀၀ ထိရှိတယ်လို့ ကျောက်ရေတွင်းကျေးရွာ ဆယ်အိမ်မှူးတဦးက ခန့်မှန်းပြောဆိုပါတယ်။

အဆိုပါ ကျေးရွာအုပ်စုတွင်းမှာရှိတဲ့ နေအိမ်များရဲ့ ၉၀ ရာခိုင်နှုန်းဟာ ထိခိုက်ပျက်စီးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ ဦးရေကတော့ ကျေးရွာအုပ်စုအတွင်း နေထိုင်သူအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ၄င်းရဲ့ ပြောပြချက်များအရ သိရှိရပါတယ်။

အဆိုပါ ကျေးရွာ အုပ်စုမှာ အိမ်ပြို၊ အိမ်ပိလို့ သေဆုံးသူ ဦးရေကတော့ ၇ ဦး ရှိတယ်လို့ သိရပြီး ယနေ့ထိ ကယ်ဆယ်ရေးတွေ၊ ထောက်ပံ့ရေးတွေ ရောက်လာခြင်း မရှိသေးသလို၊ မည်သူ တဦးတယောက်ကမှ စာရင်းကောက်ယူခြင်း မရှိသေးဘူးလို့ ဒုက္ခသည် စခန်း တွေဆီကနေ ကြားသိခဲ့ရပါတယ်။

“အစိုးရက သိပ်ညံ့တော့ လူတွေပိုပြီး ဒုက္ခရောက်တာပေါ့။ ဒီမှာတောင် မြို့နယ်တွေ စုံအောင်မပြောနဲ့ ရပ်ကွက်တွေ စုံအောင်တောင် ဘာမှ လုပ်မပေးနိုင်သေးဘူး။ ကျနော်တို့ သန်လျင်က စခန်းတွေဆီကို ဒီနေ့ ဒီအချိန်ထိ ဘယ်သူမှ ရောက်မလာကြသေးဘူး” လို့ သန်လျင်မြို့သား အင်ဂျင်နီယာတဦးက သုံးသပ်ပြောဆိုပါတယ်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းမှာ လူဦးရေ စုစုပေါင်း ၂၀၂ ယောက် မှီခိုနေထိုင်လျက်ရှိကြောင်း ကျောင်းတွင်းဝေယျာဝစ္စလုပ်ကိုင်ပေးသူတွေရဲ့ ပြောပြချက်များအရ သိရပါတယ်။

အိုးအိမ်ပျက်းစီးပြီး နေစရာမရှိတဲ့ သူတွေအများစုဟာ လက်လုပ်လက်စား လူတန်းစားတွေများတဲ့အတွက် သူတို့အနေနဲ့ ပြိုပျက်တဲ့ အိမ်ကို ဆောက်နိုင်ခြင်းမရှိသေးဘဲ လက်ရှိနေထိုင် စားသောက်ရေးအတွက် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာပဲ မှီခိုနေထိုင်လျက်ရှိတာကို တွေ့မြင်ကြရပါတယ်။

“အိမ်ပြန်ဆောက်နိုင်ဖို့မပြောနဲ့ အခုဆို ၁၀ ပေ၊ ၁၂ ပေလောက် ရှိတဲ့ တဲအိမ် တအိမ်တောင်မှ ကုန်ကျစရိတ်က ကျပ် ၅ သောင်းလောက်ရှိတာ ဆိုတော့ တော်တော် များများက ပြန်မဆောက်နိုင်ကြသေးဘူး၊ အများစုကတော့ ဘုန်းကြီးကျောင်းတွမှာပဲ နေနေကြရတယ်” လို့ တာဝ ကျေးရွာသား တဦးက ပြောပြပါတယ်။

အဆိုပါ ဘုရားကုန်းကျေးရွာ အုပ်စုအတွင်းမှာ ဘုန်းတော်ကြီးကျောင်းပေါင်း ၂၄ ကျောင်းရှိပြီး ယခုအခါ ဘုန်းတော်ကြီးကျောင်း ၂၀ ၀န်းကျင်ဟာ ဒုက္ခသည်တွေကို လက်ခံကျွေးမွေးရာ စခန်းတွေ ဖြစ်နေကြတာ တွေ့ရပါတယ်။

ဘုန်းကြီးကျောင်းတကျောင်းမှာ မှီခိုနေသူ ဒုက္ခသည်ပေါင်း အနည်းဆုံး ၂၀ ဦးကနေ အများဆုံး ၃၀၀ ၀န်းကျင်ထိ ရှိတယ်လို့ သိရပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ဘုန်းတော်ကြီးကျောင်းအများစုဟာလည်း အမိုးတွေလန်၊ နံရံတွေ ပျက်စီးနေတာကို တွေ့မြင်ရသလို၊ အဲဒီ အပျက်အစီးတွေကြားထဲမှာပဲ ဒုက္ခသည်တွေကို အိုးကြီးအိုးငယ်တွေနဲ့ ချက်ပြုတ်ကျွေးနေကြတာ တွေ့မြင်ရပါတယ်။

“ဖြစ်တဲ့နေ့က စပြီး ဒီနေ့ထိ တနေ့ကို ဆန် ၈ တင်းချက်ရတယ်။ အားလုံး ဘုန်းဘုန်းတို့ လှူတာပဲ။ ခုချိန်ထိ ဘယ်ကယ်ဆယ်ရေးကမှမလာပါဘူး။ အစိုးရပိုင်း တွေကလည်း စာရင်းလာကောက်တာတောင် မရှိသေးပါဘူး” လို့ ကျောက်ရေတွင်း ကျေးရွာထဲမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း တကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

သန်လျင်မြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေအားလုံးကို ကျောင်းထိုင် ဆရာတော်တွေရဲ့ အစီအမံတွေနဲ့သာ ဆောင်ရွက်နေကြရတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

စစ်အာဏာပိုင်များရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် လေဘေးဒုက္ခသည်များဟာ အိုးမဲ့အိမ်မဲ့ ခိုးကိုးရာမဲ့လျက်ရှိတဲ့အပြင် အစားအသောက်အတွက်လည်း အခက်အခဲ ဖြစ်လျက်ရှိကြောင်း တွေ့မြင်ကြရပါတယ်။

တချို့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထမင်းတောင် ချက်ကျွေးနိုင်တဲ့ အင်အား မရှိတော့တဲ့အတွက် ဒုက္ခသည်တွေကို ဆန်ပြုတ်ပြုတ်တိုက်နေရတာလည်း တွေ့မြင်ရပါတယ်။

“ကျမကတော့ ဘုန်းဘုန်းတွေရဲ့ အခက်အခဲတွေကိုလည်း တွေ့မြင်နေရတော့ ဘုန်းကြီးကျောင်းမှာ နေရုံပဲ နေပါတယ်။ ကိုယ့်ဟာကိုယ်ပဲ ချက်စားတယ်။ ဖြစ်သလိုပဲ ချက်စားပါတယ်။ ဘုန်းဘုန်းတွေကတော့ ဘယ်သူ့ကိုမဆို ကျွေးတာပဲ” လို့ ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ပြီး ကိုယ့်စရိတ်နဲ့ကိုယ် ချက်ပြုတ်စားသောက်နေသူ အိမ်ရှင်မ တဦးက ပြောပြပါတယ်။

သူ့လိုပဲ တချို့ကလည်း ဘုန်းတော်ကြီးကျောင်းတွေရဲ့ အခြေအနေ၊ အခက်အခဲတွေကို သိမြင်နေရတဲ့ အတွက် ဘုန်းတော်ကြီးကျောင်းတွေဆီကို ညအိပ်ခါနီးမှ အိပ်စရာမရှိလို့ လာအိပ်ကြသူတွေလည်း ရှိတယ်လို့ ကြားသိရပါတယ်။

သန်လျင်မြို့နဲ့ မြို့နယ်ထဲက ကျေးရွာအတော်များများမှာ အိမ်အမိုးလန်တာတွေ၊ အိမ်ပြိုတာတွေ၊ သစ်ပင်ပြိုလဲတာ၊ လမ်းမီးတိုင်ပြိုလဲပျက်စီးတာတွေ စတဲ့ အပျက်အစီး တွေ ရှိနေပြီး ခုချိန်ထိ အစိုးရပိုင်းက အကူအညီပေးတာ စီမံတာတွေ ရောက်ရှိမလာသေးဘူးလို့ သန်လျင်မြို့မှာ နေထိုင်သူတွေက ပြောပြကြပါတယ်။

သန်လျင်မြို့နယ်ထဲက တခြားကျေးရွာတွေဖြစ်တဲ့ အေးသစာ ကျေးရွာ၊ အလွမ်းဆွတ် ကျေးရွာတွေလည်း ရွာလုံးကျွတ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရွာသားတွေလည်း ကျေးရွာတွင်းက ဘုန်းကြီးကျောင်းတွေမှာပဲ မှီခိုနေထိုင်လျက်ရှိကြ တယ်လို့ စုံစမ်း သိရှိရပါတယ်။

သန်လျင်မြို့တွင်နေထိုင်သူ လူငယ် ရယက တဦးကတော့ “ ကျနော်တို့ အနေနဲ့ ခရိုင်ရဲ့ စီမံခန့်ခွဲ့မှုကို စောင့်နေတာပါ” လို့ ပြောပါတယ်။ သန်လျင်မြို့ဟာ ရန်ကုန်တောင်ပိုင်း ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်ပါတယ်။

What's happening in Mother's Home ????????


Estimate Dead Toll

Friday, May 9, 2008

သေဆုံးသူ ၃ ပုံ ၂ ပုံဟာ ကလေးများ ဖြစ်ဖို့များဟု UNICEF ကပြောဆို

UN warns another storm headed towards Myanmar

GENEVA - MYANMAR could suffer another major storm this season even as it braces for more bad weather after the devastating impact of Cyclone Nargis, a UN weather expert warned on Friday.

'It's not rare if they have another (cyclone),' said Mr Yuichi Ono, a programme officer for the UN's International Strategy for Disaster Reduction (ISDR).

The Bay of Bengal generally sees two cyclone 'peaks' either side of the monsoon season which is likely to start by the end of May, Mr Ono said.

An estimated 1.5 million people have been left homeless in Myanmar by the disaster, which has killed tens of thousands and left the country's infrastructure in tatters.

The impact of any further cyclone would be much more devastating and even if early warnings were issued, it is not clear where people could go amid the devastation, Ono said.

'But they shouldn't be in low-lying areas or stay in destroyed houses,' he added.

UN relief spokesman Richard Horsey warned that another storm was heading in Myanmar's direction, which could further complicate the slow-moving relief efforts.

'Our meteorological people tell us there's likely to be fairly strong rainfall in the next seven days,' he said in neighbouring Thailand.

'That's going to be a big issue with unpaved roads. Heavy rainfall could complicate things for all those people going without shelter,' Mr Horsey said.

'If there's an epidemic of water-borne disease and a lack of shelter when a storm comes in ... if we have another storm coming into the delta, that's going to be a significant concern for all those people without shelter.'

Myanmar's reclusive military leaders have blocked journalists and international aid workers from coming in to assess the situation, making it difficult to get a true picture after the storm, which the government says left 60,000 dead or missing. -- AFP

နောက်မုန်တိုင်းတခု လာနိုင်သည်ဟု ကုလသမဂ္ဂ သတိပေး (From Irrawaddy)

နောက်ထပ် မုန်တိုင်းတခု မြန်မာပြည်ကို ဦးတည်လာနိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ယနေ့ သတိပေး ကြေညာလိုက်ကြောင်း AFP သတင်းတွင် ရေးသားဖော်ပြထားသည်။

၎င်းမုန်တိုင်းမှာ ကြောက်မက်ဖွယ်ရာ နာဂစ် ဆိုင်ကလုံး မုန်တိုင်းနောက်မှ ဖြည်းညင်းစွာ ရွေ့လျားလာသော နာက်ဆက်တွဲ မုန်တိုင်း ဖြစ်ပြီး အခြေအနေ အမျိုးမျိုးဖြစ်သွားနိုင်သည်ဟု ဆိုထားသည်။

နာဂစ်မုန်တိုင်း ဒဏ်ကြောင့် အနည်းဆုံး လူဦးရေ ၁.၅ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁ သိန်းကျော် သေဆုံးခဲ့ရသဖြင့် မုန်တိုင်းဆိုသည့် အသံကပင် မြန်မာပြည်သူလူထုအတွက် အလွန် ထိတ်လန့် ကြောက်ရွံ့ ဖွယ်ရာ ဖြစ်နေရကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ် ဟိုဆေးကပြောသည်။

“ကျနော်တို့ မိုးလေဝသ ပညာရှင်တွေရဲ့ အဆိုအရတော့ လာမယ့် ၇ ရက်အတွင်း မြန်မာပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ သိရပါတယ်” ဟု ဟိုဆေးက AFP သို့ ပြောကြားလိုက်သည်။

“လူတွေမှာ အမိုးအကာမရှိတဲ့အချိန် နောက်ထပ်မိုးသည်းထန်မယ့် ကိစ္စက တော်တော် ကြီးမယ့် ပြဿနာ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆက်ပြောသည်။

“ရေကြောင့် ကူးစက်ရောဂါတွေ ပျံ့နှံ့နိုင်တာနဲ့ အမိုးမရှိတာနဲ့ မုန်တိုင်းထပ်လာဦးမှာနဲ့….။ နောက်တခါ မုန်တိုင်းထပ်လာလို့ မြစ်ဝကျွန်းပေါ် ဒေသကိုဝင်ခဲ့ရင်…ပြဿနာကတော့ အကြီးကြီးပဲ” ဟု၎င်းကပြောသည်။

နှစ်ပေါင်းများစွာ အထီးကျန်စွာ နေခဲ့သော မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံတကာ အကူအညီများကို အစောပိုင်းကာလက လက်ခံမည်ဟု ဆိုခဲ့သော်လည်း သဘာဝဘေးဒဏ် ကယ်ဆယ်ရေးကျွမ်းကျင် ပညာရှင်များ အပါအဝင် ကယ်ဆယ်ရေး လုပ်သားများကို လက်ခံရန် အဆင်သင့်မဖြစ်သေးပေ။

“အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ မြန်မြန် ကြိုတင်ဆောင်ရွက်မှုတွေ မလုပ်ဘူး ဆိုရင် မကြာခင်လာမယ့် ဆိုင်ကလုံန်းကြောင့် နောက်ထပ် လူတွေအများကြီး သေရဦးမယ်” ဟု ဟိုဆေးက ပြောသည်။

ယခုအချိန်သည် မြန်မာပြည်၌ မုတ်သုန်ရာသီ အစပျိုးချိန်ဖြစ်သောကြောင့် မိုးသက်မုန်တိုင်းများ ကျရောက်ကာ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသော အချိန်လည်း ဖြစ်သည်။

“မုန်တိုင်းမလာလည်း မိုးရာသီကစပြီ။ အမိုးမရှိတဲ့အိမ်တွေကတော့ တော်တော်လေး ဒုက္ခရောက်ရ ဦးမှာပဲ” ဟု ရန်ကုန်မြို့မှ ဒေသခံတဦးက ပြောသည်။

ခိုင်လုံသော မိုးလေဝသ သတင်းရပ်ကွက်တခု၏ အဆိုအရ မြန်မာပြည်သို့ နာဂစ်မုန်တိုင်း မဝင်ရောက်မီ အစောပိုင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် သတိပေးကြေညာစဉ် ကတည်းက မိုးလေဝသနှင့် ဇလဗေဒ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က ပြင်းထန်သည့် မုန်တိုင်းဖြစ်နိုင်ကြောင်း နေပြည်တော်သို့ အကြောင်း ကြားခဲ့သည်ဟုဆိုသည်။

သို့ရာတွင် နေပြည်တော်မှ တာဝန်ရှိသူများက ပြည်သူလူထု အထိတ်တလန့်ဖြစ်မည် စိုးသောကြောင့် ၎င်းသတင်းကို ကြေညာခြင်းမပြုရန် ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အကူအညီ စစ်အစိုးရ သိမ်း (From Irrawaddy)

မန်မာ စစ်အစိုးရက လေဘေးဒုက္ခသည်များအတွက် ကုလသမဂ္ဂမှပေးပို့သော အကူအညီများတင်ဆောင် လာသည့် လေယာဉ်များကို စစ်ဆေး၍ ပစ္စည်းများကိုသိမ်းယူကြောင်း ကုလသမဂ္ဂက ပြောသည်။

ယမန်နေ့က ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ၏ ဒုက္ခသည်များအတွက် အလေးချိန် တန် ၃၈ တန် ရှိ အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများတင်ဆောင်လာသော လေယာဉ်၂ စီးကို စစ်ဆေး၍ ပစ္စည်းများကို သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု WFP ပြောခွင့်ရ ပေါလ် ရစ္စလေ ကပြောကြောင်း အေပီ သတင်းကရေးသည်။

တချိန်တည်းမှာပင် လေဘေးဒဏ်ခံရသည့်သူများသည် ရေနှင့် စားနပ်ရိက္ခာ လုံလောက်စွာမရခြင်း၊ နေရာထိုင်ခင်း အခက်အခဲများဖြစ်ခြင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားသည့်ကျန်းမာရေး အခြေအနေများကို စတင်ကြုံတွေ့ နေကြကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ဝမ်းရောဂါများစတင်ဖြစ်ပွားကာ ဆေးဝါးမလုံလောက်သည့်အကြောင်းကို ဝါးခယ်မမြို့နယ်ရှိ ဒေသခံတဦးကပြောသည်။

“ဝါးခယ်မနဲ့ မြောင်းမြဘက်မှာ ဝမ်းရောဂါစဖြစ်နေပြီ၊ ဆေးဝါးအလုံအလောက်လည်းမရဘူး” ဟု ၀ါးခယ်မ ဒေသခံက ပြောသည်။

လူသေအလောင်းများ မြုပ်နှံရန်မြေနေရာမရှိကြောင်းနှင့် တိရစ္ဆာန်အသေကောင်များ၏ အနံ့အသက်များမှာ လွန်စွာဆိုးဝါးနေကြောင်းလည်း ၎င်းကဆက်ပြောသည်။

“အလောင်းတွေကို ဆယ်ပြီးထားဖို့နေရာအခက်ရှိတယ်၊ ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးလုပ်သားနဲ့ Body Bag တွေလည်း လိုအပ်တယ်၊ ပိုဆိုးတာက တိရစ္ဆာန်အသေကောင်တွေ ပုပ်ပွနေတာပဲ”ဟုလည်း ပြောသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့ခံတဦးက "ရွာတွေပျောက်တယ်။ တနေ့ကဆိုရင် ကော့မှူးချောင်းထဲကနေ မိခင်ကြီးတယောက် ကလေးပိုက်ရက်သား ပေါ်လာတာတွေ့တယ်။ တချို့နေရာတွေမှာ ကျွဲ၊ နွားတွေ ထက်ပိုင်း ပြတ်တယ်၊ သစ်ပင်တွေလည်း အကုန်လဲတာပေါ့ဗျာ” ဟု ဧရာဝတီကို ပြောသည်။

ကော့မှူးမြို့ရှိ လေဘေးဒုက္ခသည်များသည် လူတဦးလျှင် ဆန်၂ လုံးသာ ရပြီး ကယ်ဆယ်ရေးစခန်း ဖွင့်ထားသည့် ဓမ္မာရုံများမှာ ကျဉ်းမြောင်းသဖြင့် လေဘေးဒုက္ခသည်အများစုသည် အမိုးလုံသည့် အိမ်များတွင် စုဝေးနေထိုင်ရကြောင်းနှင့် မည်သည့်အထောက်အပံ့မှ မရကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ကော့မှုးမြို့မှာ ဆိပ်ခံဘောတံတားမရှိတော့ဘူး။ ရန်ကုန်ကူးဖို့ ကူးတို့ခ ကျပ် ၃၀၀၀ ကို ကျန်တဲ့သူတွေနဲ့ မျှပေးရတယ်၊ ခရီးက ၁၀ မိနစ်ပဲရှိတယ်။ အရင်က ခရီးသည်တယောက်ကို ၁၀၀ ပဲပေးရတာ” ဟု ကော့မှူး မြို့ခံက ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင်ကြေညာထားသည့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ ဗိုလ်မှူးကြီး ဦးသန်းဦးက “ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတယ် မေးတာတွေဖြေဖို့အချိန်မရှိဘူး။ သတင်းစာတွေကိုဖတ်ပါ နေ့စဉ်နဲ့အမျှ သတင်းတွေကို ဖော်ပြနေပါတယ်”ဟု ဖြေကာ တယ်လီဖုန်းချသွားသည်။

ကြံ့ဖွံ့အဖွဲ့ဝင်များက ကယ်ဆယ်ရေးစခန်းများကိုဦးဆောင်နေကြပြီး အကူအညီရရှိသည့် ပစ္စည်းများကို ဝေပေးရာ၌ မျှတမှုမရှိကြောင်း၊ ဘုန်းကြီးကျောင်းတွင် နေထိုင်ခွင့်မပေးရန် သံဃာတော်များကို ပြောဆို ကြောင်း ရန်ကုန်တိုင်း သုံးခွမြို့ရှိ ဒေသခံတဦးက ပြောသည်။

“ကျနော်တို့မှာ နေရာထိုင်ခင်း မရှိတော့ပါဘူး။ အိမ်ပြိုတဲ့သူတွေက တချို့အသိအိမ်တွေမှာ တောင်းပန်ပြီး နေရတယ်။ ကယ်ဆယ်ရေးစခန်းဖြစ်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျောင်းတွေမှာလည်း နေရာမရှိတော့ဘူး”ဟု ပြောသည်။

သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် နေရာထိုင်ခင်းများစွာ လိုအပ်နေကြောင်းလည်း သိရသည်။

“သုံးခွမြို့နယ် အမှတ် ၁၂ ရပ်ကွက်က ရယက ဥက္ကဌ ခင်ကျော်ဝင်းက စားသောက်ကုန်တွေကို သူ့မိသားစုနဲ့ နီးစပ်ရာဆွေမျိုးတွေကိုပဲပေးလို့ ဒေသခံတွေ မကျေနပ်ကြဘူး” ဟု သုံးခွမြို့ခံက ပြောသည်။

ယနေ့သတင်းစာတွင် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၂၉၉၇ ဦး၊ ဒဏ်ရာရသူ ၁၄၀၃ ဦး၊ ပျောက်ဆုံးသူ ၄၂၁၁၉ ဦး ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ အမေရိကန်သံအမတ် ရှာရီ ဗီလာရိုစာက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်း ကျော်နိုင်သည် ဟု ပြောသည်။

ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ ၁ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

WFP ထောက်ပံ့ရေး ခေတ္တဆိုင်းငံ့ (From Mizzima)

မြန်မာစစ်အစိုးရက နိုင်ငံတွင်းသို့ ရောက်ရှိလာသော အကူအညီ အထောက်အပံ့များကို အတင်းအဓမ္မ သိမ်းပိုက်မှုများ ပြုလုပ်နေသဖြင့် ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် (World Food Programme) အနေဖြင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းထားကြောင်း ကုလသမဂ္ဂ အရာရှိတဦးက ပြောသည်ဟု ရန်ကုန်မှလာသော အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။

ပြဿနာ ပြေလည်သည်အထိ ဒဗလျူအက်ဖ်ပီ အနေဖြင့် လုပ်ငန်း ရပ်ဆိုင်းခြင်းမှတပါး အခြား ရွေးချယ်စရာ လမ်းမရှိဟု သူက ပြောသည်။

အမေရိကန် လေယာဉ်များ ၀င်ခွင့်ပြုလိုက်ပြီ (From Mizzima)

ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်ထားသော အမေရိကန် စစ်ဘက် လေယာဉ်တစီးကို မြန်မာနိုင်ငံတွင်း တင်္နလာနေ့တွင် ၀င်ရောက် ဆင်းသက်ရန် မြန်မာစစ်အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်ကို ကိုးကားပြီး ရိုက်တာ သတင်းတရပ်က ဖော်ပြသည်။

ကျနော့် သူငယ်ချင်းတွေ အများကြီး ငတ်နေကြပြီ (From Mizzima)

နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဝင်မွှေအပြီး တပတ်အကြာတွင် နိုင်ငံတကာမှ အကူအညီများ တစတစဝင် ရောက်လာနေသော်လည်း အပျက်အစီး အများဆုံးဖြစ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ယခုတိုင် အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်သေးဘဲ ဖြစ်နေသည်။

“ကျနော့် သူငယ်ချင်းတွေ အများကြီး စားစရာလဲမရှိ၊ သောက်စရာလဲ ရေမရှိလို့ ငတ်နေကြပြီဗျာ” ဟု လပွတ္တာမြို့နယ်မှ အသက်မသေ ကျန်ရစ်သူတဦးက မဇ္ဈိမသို့ ပြောပြပါသည်။ ထိုမြို့နယ်သည် ဘင်္ဂလား ပင်လယ်အော် အဝတွင် တည်ရှိသော မြို့ဖြစ်သည်။

ထိုမြို့နယ်မှ အသက်မသေ ကျန်ရစ်ခဲ့သူ အများအပြား လပွတ္တာ မြို့ပေါ်သို့ ထွက်ပြေးလာခဲ့ကြပြီး ယခုအခါ အစိုးရစာ သင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် ယာယီ ခိုလှုံနေကြရသည်ဟု သူက ပြောပါသည်။ သူလည်း သူ့မိတ်ဆွေ သူငယ်ချင်းများထံမှ အကူအညီ တောင်းခံရန် ရန်ကုန်မြို့သို့ ယခု ထွက်လာခဲ့သည်ဟု ဆိုသည်။

ကယ်ဆယ်ရေး လုပ်ငန်းများ၊ အလောင်းများ ရှာဖွေဆယ်ယူရေး လုပ်ငန်းများကို အသက်မသေ ကျန်ရစ်သူ ဒေသခံရွာသားများ ကိုယ်တိုင် ပြုလုပ်နေရသည်ဟု ဆိုသည်။ သို့သော် အလောင်းအများစုမှာ ယခုတိုင် ရှာဖွေ ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ ရေထဲတွင် မျောနေသည်ဟု ဆိုသည်။ မြို့နယ်အတွင်းရှိ ကျေးရွာ အတော်များများမှာ ယခုတိုင်ရေမြှုပ်လျက် ရှိသည်ဟုလည်း အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။

“ဒီနေ့ ကျနော့်မိတ်ဆွေ မိသားစုအတွက် အသုဘ အခမ်းအနားလေး လုပ်တယ်ဗျာ။ ဒါပေမဲ့ သူတို့ အလောင်းတွေက ခုအထိ မတွေ့သေးဘူး။ တွေ့မယ်လဲ မထင်တော့ပါဘူး” ဟု အမည်မဖေါ်လိုသူ အဆိုပါ အသက်မသေ ကျန်ရစ်သူက ပြောသွားပါသည်။

သူသည် လပွတ္တာ မြို့နယ်အတွင်း ကံကောင်းသူတဦး ဖြစ်ပြီး သူ့မိသားစုတခုလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

ပင်လယ်ကမ်းရိုးတန်းရှိ မုန်တိုင်းများနှင့် ယဉ်ပါးနေပြီ ဖြစ်သော ကျေးရွာသား အများစုမှာ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဝင်လာသောအခါ ဤမျှ ပြင်းထန်ဖျက်ဆီးအား ကြီးလိမ့်မည်ဟု မထင်ခဲ့ကြပေ။

“မုန်တိုင်း ဝင်လာတော့ ကျနော်တို့မှာ ပြေးဘို့တောင် အချိန်မရလိုက်ဘူး” သူက ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောပြပါသည်။

လပွတ္တာ မြို့နယ်အတွင်းရှိ ကျေးရွာ အများအပြား မုန်တိုင်းနှင့်အတူ မျောပါသွားပြီး ယခုတိုင် လူအများအပြား ပျောက်ဆုံးနေဆဲ ရှိသည်ဟု ဆိုသည်။

ထိုဒေသအတွင်း ကျေးရွာပေါင်း မည်မျှရှိမည်ကို အသေအချာ မသိသော်လည်း၊ ၂၄ ရွာမှ ရွာပေါင်း ၅ဝ ကျော်အထိ ရှိနိုင်သည်ဟု သူက ခန့်မှန်းပြောကြားပါသည်။
“ကျနော်တို့ ရွာနားက ရွာဆိုရင် လူပေါင်း ၅ဝဝဝ လောက်ရှိတာ ၂ဝဝ လောက်ဘဲ ကျန်တော့တယ်” ဟု သူက ပြောပါသည်။

သူ့ရွာမှ လူအများစုမှာမူ မုန်တိုင်းဒဏ်မှာ အသက်မသေ လွတ်မြောက်ခဲ့ကြသည်ဟု ဆိုသည်။

ဆိုင်ကလုံးမုန်တိုင်းသည် အိမ်များသာမက ရေတွင်းများကိုပါ ဖျက်ဆီးလိုက်သောကြောင့် ကျေးရွာသားများမှာ အနီးအနားရှိ မြို့များ ဖြစ်သော လပွတ္တာနှင့် မြောင်းမြမြို့များသို့ စတင် ပြောင်းရွှေ့နေကြသည်ဟု သူက ဆိုသွားပါသည်။

“အလောင်းတွေက ရေတွင်းတွေထဲ ကျကုန်တော့ အဲဒီရေတွေက ကျနော်တို့ သုံးလို့ သောက်လို့ မရတော့ဘူး။ တခြားလဲ သုံးစရာ သောက်စရာ မရှိတော့ လပွတ္တာကို ရွှေ့လာရတာဘဲ” ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။

ဆက်သွယ်ရေး လမ်းကြောင်းများ အကြီးအကျယ် ပျက်စီးသွားပြီး အကူအညီပေးရေး အေဂျင်စီများ ဝင်ရောက်နိုင်ရန် မြန်မာအစိုးရ၏ တုံ့ပြန် ဆောင်ရွက်မှု အလွန် နှေးကွေးသောကြောင့် အဆိုပါ အကူအညီပေးရေး အေဂျင်စီ အများအပြားမှာ ယခုထိ ပျက်စီးမှု အတိုင်းအတာ ပမာဏနှင့် လိုအပ်မည့် အကူအညီ ပမာဏတို့ကို ခန့်မှန်း တွက်ချက်နိုင်ခြင်း မရှိသေးပါ။

“ကျနော်တို့ မြစ်ဝကျွန်းပေါ် ဒေသအတွက် လိုအပ်မဲ့ အကူအညီ ပမာဏကို ခန့်မှန်း တွက်ချက်နေတုံးဘဲ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်ဝေတာ မလုပ်နိုင်သေးဘူး” ဟု အမည်မဖေါ်လိုသူ မြန်မာ ကယ်ဆယ်ရေး လုပ်သားတဦးက ပြောပါသည်။

မြန်မာအစိုးရက နိုင်ငံတကာ အကူအညီပေးရေး ဝန်ထမ်းများကို မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်ခွင့် ပိတ်ပင်ထားသောကြောင့် ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှမှု ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု အဆိုပါ ကယ်ဆယ်ရေး လုပ်သားက ပြောပြပါသည်။

“တိုင်းရင်းသား ဝန်ထမ်းတွေကိုဘဲ သူတို့က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သွားခွင့်ပြုတာ” ဟု မကြာသေးခင်ကမှ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ပြန်လာသူ အဆိုပါ ကယ်ဆယ်ရေး လုပ်သားက ပြောပါသည်။

သို့သော် ဤအတောအတွင်း နိုင်ငံ အများအပြားမှ ကူညီ ကယ်ဆယ်ရေး ပစ္စည်းများ ယမန်နေ့က စတင်၍ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ဆေးဝါးများ၊ အစားအစာများ၊ ယာယီတဲများ နှင့် အဝတ်အစားများ ရေတပ်သင်္ဘော ၂ စင်း၊ ကုန်တင်လေယဉ် ၂ စင်းတို့ဖြင့် ရန်ကုန်သို့ ရောက်ရှိ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကြာသပတေးနေ့တွင် ကုလသမဂ္ဂ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၊ စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ အီတလီ နှင့် ထိုင်ဝမ်နိုင်ငံတို့မှ အကူအညီများ နောက်ထပ် ထပ်မံ ရောက်ရှိလာသည်။

အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အကူအညီများကို ရန်ကုန် မြို့ရှိ ဒေသအချို့နှင့် မြို့တော်ဟောင်း ရန်ကုန်မြို့၏ အနောက်တောင်ဘက် မိုင် ၄ဝ အကွာတွင် ရှိသော ကွမ်းခြံကုန်းမြို့ အပါအဝင် မုန်တိုင်းဒဏ်ခံ ဒေသများသို့ စတင်ပေး ဝေနေနိုင်ပြီ ဖြစ်သော်လည်း အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ယခုတိုင် ရောက်ရှိခြင်း မရှိသေး ဟု သိရပါသည်။

ယနေ့ ရောက်ရှိလာသော အဟာရမြှင့် ဘီစကွတ် ၇ တန်ကို စတင် ဖြန့်ဝေပေးသွားမည်ဟု (WFP) ၏ ပြောရေးဆို ခွင့်ရှိသူ ပေါလ်ရစ်စလေ (Paul Risley) က ပြောကြားသွားပါသည်။

UN suspends aid flights to Myanmar (Hot News)!!!!!!!!!!

The UN food agency suspended aid flights to cyclone-struck Myanmar on Friday after the military government seized two deliveries at Yangon airport, apparently determined to distribute supplies on its own.

The shipments of 38 tonnes of high-energy biscuits, enough to feed 95,000 people, were intended to be loaded on trucks and sent to the inundated Irrawaddy delta where most of the estimated 1.5 million victims need help.

"We're going to have to shut down our very small airlift operation until we get guarantees from the authorities that we'll be able to have the food when it arrives," UN World Food Programme regional director Tony Banbury said.

"I am furious. It is unacceptable." Governments around the world have been pressing Myanmar's ruling generals to open the country's borders to desperately-needed assistance and on Friday, Germany said it agreed with a proposal by France to use the UN Security Council.

The Myanmar government has stated its preference through the state-run media that it would accept "relief in cash and kind" but not foreign aid workers.

မုန်တိုင်းကြောင့် ဖရိုဖရဲ ဖြစ်သွားသော ဒလမြို့နယ (From HitTaing)

မုန်တိုင်းဒဏ် ခံလိုက်ရသည့် ဒေသများတွင် စားဝတ်နေရေး အထူး ကျပ်တည်းနေရာ လူထု နေ့စဉ် စားဖို့ပါ အပြင်းအထန် အကျပ်အတည်း ကြုံနေရသည်။ ဒလမြို့နယ်တွင် ယနေ့ တအိမ်ထောင် ဆန်နို့ဆီဗူး လေးဗူးစီ လိုက်ဝေသည်။ ဒလ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ မြို့နယ်များ အခြေအနေ အလွန်ဆိုးရွားသည်။ တပြည်လုံး အသေအပျောက်မှာ တသိန်းခန့် ရှိမည်ဟု နောက်ဆုံး ခန့်မှန်းထားကြသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် အလောင်းများ ရေထဲ ပေါလောမျောနေဆဲ ဖြစ်ပြီး ယခုတိုင် ရေမျောလူသေအလောင်းများကို မရှင်းလင်းရသေးပါ။ ငတ်မွတ် ဘေး၏ နောက်ဆက်တွဲအဖြစ် လုယက်မှုများ အရမ်း ဖြစ်နေသည်။ “မနေ့က စစ်ကားသုံးစီး သွားတယ်။ ပြောလို့မရတဲ့ လူတွေ အကုန်လုံးကို ပစ်မိန့် ပေးထားတယ်လို့ ကွမ်းခြံကုန်းက ဒီနေ့မနက် ပြန်လာတဲ့ လူတွေက ပြောတယ်။ အဲဒါကြောင့် တချို့တွေက ရန်ကုန်ဘက်ကို ရွှေ့လာကြပြီ”ဟု အဝေးသင်ကျောင်းသား ကိုလင်းက ပြောကြားသည်။ ရေထဲတွင် လူနှင့် တိရစ္ထာန်အလောင်းများ မြင်မကောင်းအောင် မျောပါနေဆဲ ဖြစ်သည်။

ဒလမြို့ အခြေအနေနှင့် ပတ်သက်၍မူ “အားလုံးက ဒေါကန်နေကြတယ်။ ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ သုံးရက်လောက်က ဆန်၊ ဆီ၊ ဆား၊ အိမ်ဆောက်ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ပေးမယ်ဆိုပြီး ခုထိ ဘာအကူအညီမှ မရဘူး ဖြစ်နေတယ်။ ဒီနေ့ ဝေတဲ့ ဆန်တောင်မှ အစိုးရက ဝေတာ မဟုတ်ဘူးလို့ ကြားရတယ်။ ဒလမှာ ရေကလဲ မကျသေးဘူး”ဟု ပြောပြသည်။

ဒလမြို့နယ် မှော်စက်ရပ်တွင် အစိုးရ ရဟတ်ယာဉ်တစီး ပျက်ကျနေသည်။ “မုန်တိုင်းပြီး နောက်တရက်မှာ ပျက်ကျတာ။ အဲဒီနေရာကို ဘယ်သူမှ သွားလို့ မရဘူး။ ကျနော်သွားတာ အနားကိုတောင် သွားလို့ မရဘူး”ဟု ကိုလင်းက ဆက်လက် ပြောပြသည်။ ရဟတ်ယာဉ်နှင့် မလှမ်းမကမ်းတွင် စစ်ကားနှစ်စီးက နေရာယူထားပြီး လူအလာမခံကြောင်း သိရသည်။

ရန်ကုန်-ဒလ ကူးသည့် ဆိပ်ကမ်း ပျက်စီးသွားသည်ကိုလည်း ယခုတိုင် ပြန်မပြင်သေးသဖြင့် ကျိုးပဲ့ပျက်စီးနေသော ဒုတိယကမ္ဘာစစ်လက်ကျန် တံတားဟောင်းကြီး တခုကို အသုံးပြုနေရသည်။ ရေကျချိန်တွင် သင်္ဘောခေါင်မိုးမှနေ၍ တံတားပေါ် တက်ပြီး တဆင့် သွားလာနေရသည်။ ပျက်စီးသွားသည့်အိမ်များကို ပြန်မပြင်နိုင်သဖြင့် လူများမှာ တာလမ်းမဘေးတွင် တဲထိုးနေရသည်။ အိမ်ပြန်ပြင်ဖို့ ဓနိမှာ ၁၂၀၀၀ ဈေး ဖြစ်နေသည်။ ဓနိမ၀ယ်နိုင်သူများက ပလတ်စတစ်စများ၊ အုန်းလက်များဖြင့် ဖြစ်သလို အမိုးအကာ ပြုလုပ်နေရသည်။

မုန်တိုင်းဘေးလွတ်လာသူ ရွာသား ၂ ဦး၏ ရင်နင့်ဖွယ် ဖြစ်ရပ်များ (From Mizzima)

ယခုလ ၂ ရက်နေ့ညက ပြင်းထန်သည့် နာဂစ်မုန်တိုင်းနှင့် ကြီးမားသည့် ရေလှိုင်းများသည် ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည်။ သို့သော်လည်း ကံကောင်းသဖြင့် အသက်ဘေးက လွတ်မြောက်ခဲ့သူ ၂ ဦးက သူတို့၏ ကျန်မိသားစုဝင် အားလုံးနှင့် ကျေးရွာသားများသည် အဆိုပါ ဖြစ်ရပ်ဆိုးကြီးတွင် ကြေကွဲဖွယ်ရာ သေဆုံးခဲ့ပုံနှင့် ကူသူကယ်သူမဲ့ ဖြစ်နေသည့် လက်ရှိ အခြေအနေကို ရင်ဖွင့် ပြောဆိုထားပါသည်။

မအဲလေး (၁၂ နှစ်)
ချမ်းသာကြီးကျေးရွာ အမှတ် (၁)
လပွတ္တာမြို့နယ်

“သမီး လပွတ္တာကို ရောက်တာ မနက်ပိုင်းမှာ ရောက်တာ။ လမ်းမှာတင် ၄-၅ ရက် ကြာသေးတယ်။ မိုင် ၁ဝ လောက် ကုန်းကြောင်း လျှောက်ရတာ။ ကယ်ဆယ်ရေးလည်း မလာဘူး။ လပွတ္တာ ကယ်ဆယ်ရေး စခန်းကို မထားဘဲ မြောင်းမြကို ပို့ဖို့လုပ်တာ။ ကိုယ့်ဘာသာ ကိုယ့်အသိတွေဆီကို လာရတာ။ မြောင်းမြကို တပ်မ ၆၆ က စစ်သားတွေက ပို့မယ်လို့ ပြောတယ်။ စစ်သားတွေက ရုတ်ရုတ်လုပ်ရင် သတ်ပစ်မယ်လို့ ပြောတယ်”

“သမီးက ရန်ကုန်ကို ရောက်တာ ၂ ရက်ပဲ ရှိသေးတယ်။ တညထဲနဲ့ လူတွေ အများကြီး ဆုံးရှုံးတယ်။ အရမ်းကို အံသြတယ်။ အရမ်းကို ကြောက်ဖို့ ကောင်းတယ်။ သမီး မိဘတွေ အကုန်သေတယ်။ ညဘက်ကြီး လေမုန်တိုင်း တိုက်တဲ့အခါမှာ အကုန်လုံး သွပ်ပြားတွေ ကျွတ်ထွက်ပြီးတော့ သမီးက သစ်ပင်ပေါ်မှာ ချိတ်နေတယ်။ သမီး သတိရတော့၊ သစ်ပင်ပေါ်မှာ ခုန်ဆင်းတော့ လယ်ကွင်းထဲမှာ အလောင်းတွေ အများကြီး တွေ့တယ်။ သမီးက အလောင်းတွေကို ရှောင်ပြီးတော့ ရွာကို ပြန်တော့ ရွာတောင် မမှတ်မိဘူး။ သစ်ပင်တချို့ပဲ ကျန်တယ်။ သစ်ပင်တွေက အရွက်တောင် မကျန်တော့ဘူး”

“လမ်းမှာ ဘာမှ မစားခဲ့ရဘူး။ ရောင်းတဲ့ ဆိုင်တွေ မရှိဘူး။ လမ်းဘေးဈေးဆိုင်တွေက အကုန် ဈေးတက်နေတယ်။ လမ်းမှာ ၄ ရက်လောက် အခက်အခဲတွေ ကြုံခဲ့တယ်။ အုန်းသီး ခွဲစားရတယ်၊ အုန်းရည် သောက်ရတယ်။ ရွာကနေလာတော့ ရေလည်း ရှားတယ်။ ဆန်တွေကလည်း ရေစိုနေတဲ့ ဆန်တွေကို အုန်းရည်တွေနဲ့ ချက်စားရတယ်”

“သမီးမှာ အမေ၊ အဖေနဲ့ ညီအကို မောင်နှမတွေ သေတော့ အရမ်း ဝမ်းနည်းတယ်။ အားလည်း ငယ်တယ်။ ဆွေမျိုးတွေ စုပေါင်းနေတာ အယောက် ၄ဝ လောက်ရှိတယ်။ သမီး မိသားစုက ၁ဝ ယောက်ရှိတယ်”

ကိုခင်မောင် (၄ဝ နှစ်)
ချမ်းသာကြီးကျေးရွာ အမှတ် (၁)
လပွတ္တာမြို့နယ်

“အခြေအနေကတော့ အရမ်းဆိုးတယ်။ ကျနော်တို့ ခံရတာက ရွာလုံးကျွတ်ပဲ အကို။ ကျနော့် မိသားစုက တယောက်ပဲ ကျန်တယ်။ ကျနော့် မိသားစု ၁ဝ ယောက်ရှိတာ တယောက်ပဲ ကျန်တယ်။ ၉ ယောက်ကတော့ သေသွားပြီ။ မုန်တိုင်းထဲမှာပဲ ပါသွားတယ်။ ဆွဲနေရင်းနဲ့ပဲ ပါသွားတာ။ မုန်တိုင်းက အရမ်းကြမ်းတယ်။ ကျနော့် မိသားစုတွေရဲ့ ရုပ်အလောင်း ဘာတခုမှ မရဘူး။ ဇာတ်လမ်း ပြီးသွားပြီ”

“ကျနော့် ဆွေမျိုးတွေ လပွတ္တာမှာ မကျန်တော့ဘူး။ အိမ်ထဲမှာပဲ မုန်တိုင်းဒဏ် ခံရင်းနဲ့ လှိုင်းဒဏ်နဲ့ မိသားစုတွေ အကုန်လုံး ပါသွားတယ်။ ဘာမှ မရှိတော့ဘူး။ ကျနော်တို့ ဘက်မှာ ဒီလို မုန်တိုင်းဒဏ် ခံရတာ မကြုံဖူးပါဘူး။ ရေဒီယိုတို့ ဘာတို့ နားထောင်တာ ဓလေ့ မရှိဘူး။ တာဝန်ရှိတာက သက်ဆိုင်ရာက တာဝန်ရှိတယ်။ ပြည်သူလူထုကို ဘာမှ နှိုးဆော်တာ မရှိဘူး။ မုန်းတိုင်းဖြစ်မှ ခါးစည်းခံလိုက်ရတဲ့ သဘောပဲ”

“လေတိုက်လာတော့မှ မုန်တိုင်းကျတယ်ဆိုတာ သိတယ်။ ဒီလိုမျိုး မကြမ်းဖူးတော့ ဘယ်သူမှ မထင်ဘူးပေါ့။ လေဒဏ်ခံနိုင်တဲ့ အိမ်မှာပဲ စုနေကြရတာပေါ့။ ရေ ဒီလောက်ကြီးမယ်ဆိုတာလည်း မသိဘူး။ ရေတက်တဲ့ အချိန်မှာ ဘာမှ မခံနိုင်ဘူး။ ရှိတဲ့ ရွာတွေ၊ အိမ်တွေ ရေထဲမှာ အကုန်ပါသွားတယ်။ ကျွဲနွားတိရစ္ဆာန်တွေ အကုန်လုံး ပါသွားတယ်”

“ကျနော်တို့ မနေ့က ၈ ရက်နေ့ ရန်ကုန်ရောက်တဲ့အထိ ဘာအကူအညီမှ မရခဲ့ပါဘူး။ ဘာ ကယ်ဆယ်ရေးမှ မလာဘူး။ ဘာအကူအညီမှ မရပါဘူး။ ဘယ်သူမှလည်း မလာဘူး။ ကိုယ့်ဘာသာ ကယ်နေရတာပါ။ လပွတ္တာမှာ ကျေးရွာပေါင်း ၃၆၅ ရွာ ရှိတယ်။ ကျေးရွာ အုပ်စုပေါင်း ၅၆ အုပ်စု ရှိတယ်။ မုန်တိုင်းထဲ ပါသွားတဲ့ ကျေးရွာက ၃ဝဝ လောက်ရှိမယ်။ မေလ ၄ ရက်နေ့အထိက လပွတ္တာမြို့ပေါ်က ကုန်သည်တန်းက ကောက်ထားတာကတော့ (လူဦးရေ) ၁၂၆ဝဝဝ ကျော်သွားပြီ။ နောက်စာရင်း မပါသေးဘူး။ ကယ်ဆယ်ရေး မရှိတဲ့အတွက် ရေတဗူးတောင် မသောက်ခဲ့ရဘူး”

“မြို့ပေါ်က ပြည်သူတချို့ကနေပြီးတော့ ဆန်လှူ၊ ဆန်ကွဲလှူနဲ့ အဲဒါကို ဆန်ပြုတ် ပြုတ်သောက်နေရတယ်။ ရေတို့ တခြား စားစရာတွေကတော့ အဆင်မပြေဘူး။ ကျန်မာရေး အခြေအနေက သိပ်မကောင်းဘူး။ ဒီကနေ့ မနက် ဖုန်းဆက်တော့ ကလေး ၃ ယောက် ဝမ်းရောဂါနဲ့ သေသွားပြီ ကြားတယ်”

အမည်မဖော်လိုသူ လပွတ္တာမြို့သား

“လေမုန်တိုင်းဒဏ်ကြောင့် အက်ဆစ်မိုးတွေ ရွာလာတယ်။ မုန်တိုင်းနှင့် ပါလာတဲ့ အက်ဆစ်မိုးဒဏ်ကြောင့် လူတွေရဲ့ အသားအရေတွေ ပျက်စီးသွားတယ်။ လူတော်တော်များများရဲ့ ကိုယ်ခန္ဓာပေါ်မှာ အဆီပြင်တွေ ပေါ်နေတယ်။ မီးရောင်လို့ အရေးပါးတွေ ဖောင်းပွနေတာမျိုး မဟုတ်ဘူး။ အရေပါးက အပေါ်ယံ အလွှာ မရှိတော့ပဲနဲ့ အောက်မှာ အဆီပြင်တွေ အဆီဝင်းဝင်းကြီးတွေနဲ့ လေဘေးဒုက္ခသည် တော်တော်များများ တွေ့ရတယ်။ မိုးရေကို ခံသောက်တော့လည်း အငံတွေ ဖြစ်နေတယ်။ ရေလည်း သောက်လို့ မဖြစ်ဘူး။ ဒုက္ခ တော်တော် ရောက်တယ်။ အက်ဆစ်မိုးတွေ ထိတဲ့ သူက ရာဂဏန်းလောက် ရှိမယ်”

“အဲဒီ မိုးစက်တွေက မီးစနဲ့ ထိုးသလို ဖြစ်နေတယ်။ မိုးရေက ဝါးကို ထိရင်တောင် မီးပွင့်တယ်။ လူတော်တော်များများက၊ ရောဂါ ဝေဒနာ ခံစားနေသူက တွေ့တယ်။ လူတွေကလည်း ကြောင်တောင်တောင်လို ဖြစ်နေကြတယ်။ မိသားစုလိုက်တွေ ပါသွားတယ်ဆိုတော့၊ ဆယ်နေရင်းနဲ့ ပါပါသွားတာတွေ ဆိုတော့၊ လက်ကို တယောက်နဲ့ တယောက် ကိုင်ထားရင်းနဲ့ သူက လွတ်သွား၊ ငါက လွတ်သွားသူတွေချည်းပဲ ဆိုတော့ ရီရမှန်းလည်း မသိ၊ ငိုရမှန်းလည်း မသိ ကြောင်တောင်တောင်တွေ ဖြစ်နေတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတဲ့အတွက် ကြောင်တောင်တောင်တွေ ဖြစ်နေတယ်။ စိတ်ပိုင်းဆိုင်ရာ တော်တော် ထိခိုက်သွားတယ်”

“ကမ်းနားမှာ ဒုက္ခသည်တွေ တက်လာရင် သင်္ဘောဆိပ်က နေပြီးတော့ တပ်မ ၆၆ ကနေပြီးတော့၊ စောင့်ပြီးတော့၊ လာတဲ့သူတွေ အားလုံးကို ကားပေါ်တင်ပြီးတော့ တခြား မြို့တွေကို ခွဲပို့နေတယ်။ လပွတ္တာ မြို့ပေါ်ကို အတက်မခံတော့ဘူး။ တခါထဲ ဆင်း၊ တခါထဲ တက်ဆိုပြီးတော့ အဲလို ပို့ပေးနေတယ်။ မြောင်းမြ၊ ပုသိမ်၊ ဝါးခယ်မတို့ကို ပို့ပေးနေတယ်”

“(လပွတ္တာ) မြို့ပေါ်မှာလည်း ဒုက္ခသည်တွေ တက်နေတဲ့အတွက် နေစရာ မရှိတော့ဘူး။ လပွတ္တာမှာရှိတဲ့ ဘုန်းကြီးကျောင်း ၃ဝ ကျော်မှာလည်း အကုန် ပြည့်နေတယ်။ ကျောင်းတွေမှာလည်း လူတွေ ပြည့်နေတဲ့အပြင်၊ လမ်းဘေးတွေမှာလည်း လူတွေ နေကြတယ်။ ပလက်ဖောင်းတွေပေါ်မှာ ထိုင်နေကြတယ်။ တချို့ နေရာတွေမှာ အရိပ်မရှိ ဘာမရှိနဲ့ တော်တော် ဆိုးဝါးနေတယ်။ ရွာတွေကလည်း မရှိတော့ အဲလို ဖြစ်သွားတယ်”

မုန်တိုင်းကြောင့် ကလေးငယ်အများအပြား သေဆုံး (From Irrawaddy)

မေလ ၂ရက်နေ့ တိုက်ခတ်သည့် နာဂစ်မုန်တိုင်းဘေးဒဏ်ကြောင့် သေဆုံးသူများနှင့်ပျောက်ဆုံးသူများ ထဲမှ ၄၀ ရာခိုင် နှုန်းနှင့် အထက်မှာ ကလေးများဖြစ်ကြောင်း Save the Children အဖွဲ့ကပြောသည်။
မန်မာနိုင်ငံဆိုင်ရာ Save the Children အဖွဲ့မှ ဒါရိုက်တာ အန်ဒရူး ကတ်က်ဝု(ဒ်) က မုန်တိုင်း ကြောင့် သေဆုံးသူများထဲမှ ၄၀ ရာခိုင်နှုန်း နှင့် အထက်သည် ကလေးများဖြစ်ပြီး ကလေးများ သည် အရွယ်ရောက်သူ များထက် ပိုမိုရေနစ်နိုင်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့အထဲမှာ မူလ တန်းကျောင်းပေါင်း ၃၀၀၀ ကျော်ပါတယ်၊ ကျောင်း ဆက်မတက်နိုင်တော့တဲ့ ကလေးပေါင်း ၅ သိန်းကျော် ရှိနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။

ကလေးသေဆုံးနှုန်းထပ်မံ မတိုးစေရန်အတွက် အသက် ရှင်ကျန်ရှိနေသည့် ကလေးများကို ဦးစားပေး၍ အကူ အညီပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ယခုလို ပြောသည်။

“ကျနော်တို့ ဦးစားပေးလုပ်နေတာကတော့ သေဆုံးသူထပ်မတိုးလာနိုင်အောင် အသက်ရှင်ကျန်နေတဲ့ ကလေးတွေနဲ့ သူတို့မိသားစုတွေဆီကို လိုအပ်တဲ့အကူအညီတွေ အမြန်ဆုံးရောက်ရှိအောင်လုပ်နေတာပါ” ဟု အန်ဒရူး ကတ်က်ဝု(ဒ်) က ဆက်ပြောသည်။

MSF , CARE အဖွဲ့များအပါအဝင် Save the Children အဖွဲ့သည် ရန်ကုန်မြို့ဝန်းကျင်ရှိ မုန်တိုင်းဒဏ်ခံ ရသည့် နယ်မြေ များသို့ အစားအစာနှင့် အမိုးအကာများကို ဖြန့်ဝေကြောင်း၊ ယနေ့တွင် မုန်တိုင်း ဒဏ် အဆိုး ရွားဆုံး ခံရသော ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်သို့ သွားရောက်ကြောင်း သိရသည်။

ထောက်ပံ့ကယ်ဆယ်ရေး အကူအညီများ အချိန်မီ မရရှိပါက မကြာသေးမီ အချိန်အတွင်း သေဆုံးသူ စာရင်း ပိုမိုလာနိုင် သည်ဟုလည်း အန်ဒရူး ကတ်က်ဝု(ဒ်) က ပြောသည်။

ကုလအတွင်းရေးမှူးချုပ်က နအဖ အပြုအမူသည် မှတ်တမ်းတင်လောက်ဖွယ်ဟု ဝေဖန် (From Mizzima)

ဆိုင်ကလုံးအလွန် မြန်မာစစ်အစိုးရ၏ အပြုအမူသည် ကုလသမဂ္ဂ၏ အတွေ့အကြုံတွင် မှတ်တမ်း တင်လောက်သော အဖြစ်အပျက် ဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ယနေ့ ထုတ်ဖော် ဝေဖန်လိုက်သည်။

တတိုင်းပြည်လုံး ၀မ်းနည်း ကြေကွဲနေချိန်တွင် ဆိုင်ကလုံးဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသအချို့မှာ လွဲ၍ အခြား ဒေသများတွင် ဆန္ဒခံယူပွဲကို မပျက်မကွက် ကျင်းပရန် စစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို မှတ်တမ်း တင်ထားသည်ဟု မစ္စတာ ဘန်ကီမွန်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အတွင်းရေးမှူးချုပ် လက်အောက်ခံ၊ အာရှ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အာရှ-ပစိဖိတ် ဒေသရုံးကလည်း အထွေထွေ အတွင်းရေးမှူးချုပ်၏ သဘောထားကို ထင်ဟပ်သော သဘောထားကို ယနေ့ ထုတ်ပြန်လိုက်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာသည့် အဖွဲ့များကို ပြည်ဝင်ခွင့်ပေးရန် တောင်းဆိုလိုက်သည်။

အာရှ-ပစိဖိတ်ရေးရာ ဘန်ကောက်ရုံးခွဲမှ အကြီးအကဲ Noeleen Heyzer က "ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ စစ်အစိုးရကို နောက်ထပ် တိုက်တွန်းပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကုလသမဂ္ဂ အကူအညီပေးရေး လုပ်သားအားလုံးကို ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ အကူအညီတွေ လူတွေဆီ မြန်နိုင်သမျှ မြန်မြန်ရောက်သွားဖို့ပါ" ဟု ပြောသည်။

အတွင်းရေးမှူးချုပ် လက်အောက်ခံ နောက်တခု ဖြစ်သည့် လူသားဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေး ဌာနမှ စီစဉ် ညွန်ကြားရေးမှူး John Holmes က လောလောဆယ်တွင် ကုလသမဂ္ဂမှ သဘာဝ အန္တရာယ် စုံစမ်းရေးနှင့် ကြီးကြပ်ရေး အဖွဲ့ဝင် (Disaster Assessment and Coordination Team) ၂ ဦးသာ ရန်ကုန်သို့ ရောက်နေကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဘန်ကောက်မှတဆင့် မြန်မာပြည်သို့ ၀င်ခွင့်ရောက်ရေး ကြိုးပမ်းနေသူများတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ကယ်ဆယ်ရေး လုပ်သား (၁၀) ဦး ပါဝင်ပြီး အားလုံး ပယ်ချခံရသည်ဟု သိရသည်။

အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Paul Risley က "အခုလောက် နှောင့်နှေးနေတာမျိုး တခါမှ မဖြစ်ခဲ့ဘူး။ အားမလိုအားမရ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်" ဟု သတင်းထောက်များအား ပြောသည်။

ဗီဇာ လျှောက်ထားသူများအနက် ဘန်ကောက်မှတဆင့် ကြိုးစားသူ ၆ ဦးနှင့် အခြားနိုင်ငံများမှ ၄ ဦး ပါဝင်သည်။

ယနေ့သည် ထိုင်းနိုင်ငံ၏ အားလပ်ရက် ဖြစ်သဖြင့် ဗီဇာကိစ္စသည် ဆက်လက် နှောင့်နှေးနေဦးမည် ဖြစ်သည်။

WFP မှ အစားအစာနှင့် အခြား ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်ထားသော လေယာဉ် ၂ စင်းသည် မြန်မာနိုင်ငံသို့ ပထဆုံး ပေးပို့နိုင်ခဲ့သည်။ ICRC မှ ကယ်ဆယ်ရေး လေယာဉ် တစင်းလည်း ယနေ့ ၀င်ရောက်နိုင်မည် ဖြစ်သည်။

ယခုအခါ လပွတ္တာသို့ အစားအစာများ စတင် ရောက်ရှိနေပြီး မနက်ဖြန်တွင် ဖြန့်ဝေခြင်း လုပ်ငန်းများ စတင်နိုင်မည်ဟု ပြောသည်။

UNICEF အဖွဲ့က လူပေါင်း ၂ သိန်းအတွက် တပတ်စာ သောက်သုံးရန် အတွက် သောက်သုံးရေ သန့်စင်ရေး ဆေးပြား ၃ သန်းကို ဖြန့်ဝေရန် စီစဉ်လျက် ရှိသည်။

ယခုအချိန်အထိ အစိုးရ မဟုတ်သော အေဂျင်စီပေါင်း ၂၃ ဖွဲ့သည် ကွင်းဆင်း ကူညီမှုများကို လုပ်ဆောင်နေသော်လည်း ကျွမ်းကျင်သူများ လိုအပ်နေသည်ဟု အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်ခံ လူသားဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာနမှ စီစဉ် ညွန်ကြားရေးမှူးက သတင်းထောက်များအား ပြောသည်။

ကုလသမဂ္ဂ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ဆိုင်ကလုံးဒဏ်ခံရသော မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာ မှ အမေရိကန်ဒေါ်လာ ၃၂ သန်း အကူအညီ ရရှိပြီဟု သိရသည်။

ကုလသမဂ္ဂ၏ အာရှစီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အာရှ-ပစိဖိတ် ဒေသရုံး၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် လူပေါင်း ၁ သန်းခွဲသည် အရေးပေါ် အခြေအနေများ လိုအပ်နေသည်ဟု ဖော်ပြထားသည်။

Thursday, May 8, 2008

ကုလသမဂ္ဂမှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောကြားချက်များ

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာပြည်မှာ အခုကျရောက်နေတဲ့ သဘာဝဘေးဒုက္ခဟာ အလွန်ကြီးကျယ်တဲ့အတွက် ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းပြီး ရှိသမျှအင်အားနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာရုံစိုက်လုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီအချိန်မှာ အလဟသအချိန်ကုန်ဆုံးသွားရင် နောက်ထပ်လူတွေ ထပ်မံသေဆုံးရုံသာမက ရောဂါဘယတွေလည်း ပြန့်ပွားနိုင်တယ်လို့ အထွေထွေအတွင်းရေးမှူးချုပ် က အတ်တလန်တာမှာ ဒီနေ့ ပြောကြားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးဝန်ထမ်းတွေအတွက် ဗီဇာလိုအပ်ချက်ကို ယာယီပယ်ဖျက်သင့်တယ်လို့ သတင်းထောက်တွေကို ပြောပြီး ဒါမှသာ အရေးပေါ်လိုအပ်နေတဲ့ အစားအစာနဲ့ အခြားပစ္စည်းတွေကို ဒုက္ခသည်တွေဆီကို အချိန်မဆိုင်းပဲ ပေးပို့ပေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒါအပြင် မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ စီအန်အန်သတင်းဋ္ဌာနနဲ့ အင်တာဗျုးမှာ မြန်မာအစိုးရရဲ့ ပျော့ပြောင်းမှု မရှိတဲ့ သဘောထားအတွက် ဒီတစ်ကြိမ်မှာလည်း အလွန်စိတ်အနှောက်အယှက်ဖြစ်ရပါတယ် လို့ ပြောပါတယ်။

ကုလသမဂ္ဂ၀န်ထမ်း ၁၀၀ ကျော်ဟာ မြန်မာနိုင်ငံအတွင်းကို ၀င်ရောက်ဖို့အတွက် ဗီဇာကို စောင့်ဆိုင်းနေကြတယ်လို့ Unicef ကပြောပါတယ်။ ဒီကနေ့ဟာ ထိုင်းနိုင်ငံရဲ့ အစိုးရ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ထိုင်းမှာ စောင့်ဆိုင်းနေတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ တနင်္လာနေ့မှသာ အစောဆုံးဗီဇာရနိုင်မှာဖြစ်ပါတယ်။

ဒီအချိန်အတွင်းမှာလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ လူမလာဘဲ ပစ္စည်းချည်းသက်သက်ပို့ပေးဖို့ ဒီကနေ့ပဲ ပြောင်ပြောင်တင်းတင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်များ ဆန်ဝေငှမှုလုပ် (From Mizzima)

လမ်းပြကြယ် စာကြည့်တိုက်မှ ကောက်ခံ ရရှိသော အလှုငွေဖြင့် ရန်ကုန်တိုင်းတွင်းရှိ လေဘေးဒဏ်ခံ နေရာအချို့ အတွင်း ဆန်များ လိုက်လံ ဝေငှခြင်းကို နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်များက ပြုလုပ်လျှက် ရှိသည်။

နာရေးကူညီမှု အသင်းကြီးမှ ဦးကျော်သူနှင့်အတူ ဝေဠုကျော် တို့က သန်လျှင်နှင့် ကျောက်တန်း မြို့နယ်များတွင် ယမန်နေ့က ဆန်ဝေငှခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ရေမရရှိသေးသော နေရာများတွင် နာရေးကူညီမှု အသင်းကြီးမှ ဦးစီးကာ ရေလိုက်လံ ဝေပေးနေသည်။

စင်္ကာပူအခြေစိုက် "သပြေနု" ရောင်းဝယ်ရေးမှ လေဘေးအကူ အ၀တ်အစားများကို အခမဲ့ လေယာဉ်ဖြင့် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။ အလှုရှင်များထံမှ ရရှိသော ပစ္စည်းများမှာ ကွန်တိန်နာ ၂ လုံးစာခန့် ရှိနေရာ ကျန်ပစ္စည်းများကိုတော့ ကွန်တိန်နာဖြင့် ပို့ရန် စီစဉ်နေကြသည်။

လေးဘေးအလှူခံ လုပ်ငန်းများကို မိမိတို့နှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းအတွင်း လုပ်ဆောင်နေကြပြီး စင်္ကာပူ မြန်မာကလပ်နှင့် အာအိုင်တီ ကျောင်းသားဟောင်းများမှလည်း လေဘေးအလှူခံ ဌာနများ ဖွင့်လှစ်ကာ ကူညီပံ့ပိုး နေကြသည်။

ကယ်ဆယ်ရေး လေယာဉ်တစီးကို စစ်အစိုးရ ပြန်မောင်းထုတ်ြ(From Mizzima)

လေဘေး ဒုက္ခသည်များအတွက် အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်လာသော လေယာဉ်တစင်းကို မြန်မာ စစ်အစိုးရက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှ ပြန်လည် ထွက်ခွာစေခဲ့မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့နှင့် သတင်းပြန်ကြားရေး အဖွဲ့တို့ကို လက်မခံလိုသောကြောင့် ကယ်ဆယ်ရေး လေယာဉ်မှ အကူအညီကို လက်မခံဘဲ ပြန်မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ကာတာနိုင်ငံမှ စေလွှတ်ခဲ့သော လေယာဉ် တစင်းသည် ကယ်ဆယ်ရေး ပစ္စည်းများနှင့်အတူ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့တဖွဲ့၊ သတင်းပြန်ကြားရေး အဖွဲ့တို့ လိုက်ပါလာပြီး မေ ၈ ရက်နေ့ နံနက် ၅း၄၅ မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ရေးသားထားသည်။

"ယင်းအဖွဲ့များ လိုက်ပါလာမည်ကို မြန်မာနိုင်ငံက ကြိုတင်မသိရှိဘဲ ကယ်ဆယ်ရေး ပစ္စည်းများ လွှဲပြောင်းပေးမည်ဟုသာ နားလည်ခဲ့ပါသည်" ဟု ပါရှိသည်။

"ယခုအချိန်တွင် ပြည်ပနိုင်ငံများမှ အရေးပေါ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေးအဖွဲ့ စသည်များကို လက်သင့်ခံရန်အတွက် မိမိတို့မှာ အဆင်သင့် မဖြစ်သေးပါ" ဟုလည်း ရေးသားထားသည်။

Pics From BoGaLay!



ဧရာဝတီတိုင်း ၄ မြို့နယ် လူရှစ်သောင်းကျော် သေဆုံး (From Irrawaddy)

မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် အပျက်အစီး အများဆုံးဖြစ်သည့် ဧရာဝတီ တိုင်း၊ ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်များ အတွင်းတွင် ကျေးရွာ ခြောက်ရာ ကျော် ရွာလုံးကျွတ် ရေမြုပ်ခဲ့ရပြီး လူဦးရေ ၈ သောင်းနှင့်အထက် သေဆုံးကာ ၇ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း ဧရာဝတီတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးတဦးက အတည်ပြုပြောဆိုလိုက်သည်။

မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းရှိ မြို့နယ်များ၌ ဘိုကလေးမြို့နယ်တွင် လူအသေအပျောက် အများဆုံးဖြစ်ပြီး လပွတ္တာမြို့နယ်တွင် ဒုတိယအသေအပျောက်အများဆုံးဖြစ်ကာ ဖျာပုံမြို့နယ်တွင် တတိယ အသေအပျောက်အများဆုံး ဖြစ်ကြောင်း သိရသည်။

“ဘိုကလေးမှာ ခုရထားတဲ့စာရင်းအရ ၅ သောင်းကျော်သေတယ်။ လပွတ္တာမှာက ၂ သောင်းနီးပါး။ ပြီးတော့ ဖျာပုံမှာက တသောင်းကျော်သေတယ်။ ဒါလက်လှမ်းမီတဲ့ စာရင်းပဲရှိသေးတယ်။ သေတဲ့လူစာရင်းက နေ့တိုင်းတိုးတယ်” ဟု ဧရာဝတီ တိုင်း ဘိုကလေးမြို့နယ်နှင့် ဖျာပုံမြို့နယ်တွင် ကယ်ဆယ်ရေး ဆောင်ရွက် နေသည့် ခြေမြန်တပ်ရင်း တပ်မ ၆၆ မှ အရာရှိ တဦးက ဆိုသည်။ အခြား ကယ်ဆယ်ရေး လုပ်သားများကမူ လပွတ္တာ၏ သေဆုံးစာရင်းမှာ ၈၀၀၀၀ ဟု ဖော်ပြထားသည်။

ယင်းဒေသများတွင် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အသက်မသေဘဲ ကျန်ရစ်သူ ခုနစ်သိန်းကျော်အတွက် စားနပ်ရိက္ခာ၊ သောက်ရေ နှင့်ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိသည်။

မုန်တိုင်းတိုက်ခတ်ပြီး တပတ်ကြာလာသည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ဒုက္ခသည် သိန်းဂဏန်းနီးပါး အကူအညီ လိုအပ်နေကြောင်း ဒေသခံ ဒုက္ခသည်များက ပြောဆိုကြသည်။

ကယ်ဆယ်နိုင်သည့် ဒုက္ခသည်များတွင် ၀မ်းရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုများရှိကာ အလျင်အမြန် ရောဂါကူးစက်နိုင် သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဘိုကလေးဒေသခံများ၊ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးအရာရှိတဦးနှင့် ဖျာပုံခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ထံမှ စုံစမ်းသိရှိရသည်။

“ဘိုကလေးမြို့နယ်အပိုင်ထဲမှာရှိတဲ့ ကျေးရွာစုစုပေါင်း ၁၄၂ ရွာလုံး ရေအောက်ရောက်သွားတယ်။ အဲဒီရွာတွေက လူတွေ အားလုံး သေကုန်တာ၊ တဦးစ နှစ်ဦးစပဲ ရှင်တယ်။ ဥပမာ - ကျွန်းသာယာဒိုင်နယ်မှာရှိတဲ့ ခိုင်ရွှေဝါရွာမှာ လူဦးရေ ၄၀၀ ရှိတာ ၄ ယောက်ပဲအသက်ရှင်တယ်၊ ရွာလုံးကျွတ်သေတာ” ဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ခြေမြန်တပ်ရင်း တပ်မ ၆၆ မှ အရာရှိတဦးက ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့နယ် အနောက်တောင်အရပ် မိုင် ၆၀ ပတ်လည် မိန်းမလှကျွန်းနှင့် ကဒုံကနကျွန်း အကြားတွင်ရှိသည့် ကျွန်းသာယာဒိုင်နယ် (ဒိုင်နယ်ဆိုသည်မှာ ဒေသအခေါ်ဖြစ်ပြီး ကျေးရွာအုပ်စုများကို ဆိုလိုခြင်းဖြစ် သည်) တွင်ပါဝင်သည့် မီးလောင်ကွင်း၊ ကပနန်း၊ မရမ်းချောင်း၊ ရေကျော်ကြီး၊ ချောင်းဖြဲ၊ ဂွေးချောင်း၊ ခိုင်ရွှေဝါ၊ ဓညင်းဖြူ၊ ခေါင်းကြီးကျွန်းရွာအတွင်းပိုင်း၊ အပြင်ပိုင်း၊ ဘုရားကျောင်း၊ နတ်ချောင်း၊ မုန်တိုင်းကြီး၊ မုန်တိုင်းလေး၊ တယောချောင်း၊ ပုလုံးတိုင်၊ အရှေ့မဲ၊ ကန့်မလာ၊ ခါချည်ကျွန်းရွာ၊ သခင်မကြီး၊ သစ်ပုတ်ရွာ၊ အောင်လှိုင်၊ လက်ဝဲကြီး၊ ကြပ်ပြေး၊ သမာဓိ ကျေးရွာအပါအ၀င် ကျေးရွာပေါင်း ၅၀ လုံးဝ ရေမြုပ်သွားသည်ဟု သိရသည်။

ထို့ပြင် ဘိုကလေးအနောက်ဘက် မိုင် ၄၀ ၀န်းကျင်တွင်ရှိသည့် ကြိမ်ချောင်းကြီးဒိုင်နယ် အတွင်းတွင် ရှိသော ရွှေထူး၊ လမုအုပ်ကြီး၊ လမုအုပ်လေး၊ မကျင်မြိုင်၊ လှေလုံးကွဲ၊ အာမခံ၊ ဂျပန်ကျွန်း၊ လေးဂွရွာ အပါအ၀င် ကျေးရွာပေါင်း ၃၃ ရွာလည်း ရေတိုက်စားပြီး ရွာပျောက်သွားကြောင်း သိရှိရသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ရွာလုံးကျွတ် ရေမြုပ်ရေတိုက်စားခြင်းခံခဲ့ရသော ကျေးရွာအုပ်စုများတွင် နေထိုင်သူများ အနက်မှ အသက်ရှင်ကျန်ရစ်သူများ နေ့စဉ် နှစ်ထောင်နီးပါး ကယ်ဆယ်နေရပြီး ရေကျသွားသည့် ရွာများမှ အသက်ရှင် ကျန်ရစ်သူများကိုသာ ကယ်ဆယ်နိုင်ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ခြေမြန်တပ်ရင်း တပ်မ ၆၆ မှ အရာရှိတဦးက ပြောပြသည်။

“ကယ်ဆယ်ရေးအတွက် မေခ နှစ်ထပ်သဘောင်္၊ သူရိယပဲ့ထောင်၊ ငါးဖမ်းဂျုတ် (ဂျူတ်ဆိုသည်မှာ ဒေသအခေါ်ဖြစ်ပြီး ပေ ၃၀ နှင့် ပေ ၃၅ အလျားရှိ ငါးဖမ်းသဘောင်္အငယ်များကို ဆိုလိုခြင်း ဖြစ်သည်) တွေနဲ့ ၀ိုင်းရှာနေကြပါတယ်” ဟု ကယ်ဆယ် ရေးဆောင်ရွက်နေသည့် ကဒုံဒိုင်နယ်မှ ဒေသခံတဦးကဆိုသည်။

ရေကျသွားသည့် ရွာများတွင် ဟင်းလင်းပြင်ဖြစ်နေပြီး ရွာရှိခဲ့သည်ဆိုသော အရိပ်အရောင်ပင် မတွေ့ရ တော့ကြောင်းနှင့် ကျေးရွာများအနီးရှိ ကျွန်းများတွင် ပုပ်ပွနေသော အလောင်းများ ထောင်သောင်း ဂဏန်းချီရှိနေပြီး အဆိုပါ အလောင်းများကို သဂြိုဟ်မည့်သူမရှိဘဲ ကမ်းနားကမ်းစပ်များတွင်တွေ့နေရကြောင်း တပ်မ ၆၆ မှ ကယ်ဆယ်ရေး ရဲဘော်တဦးကဆိုသည်။

“မိန်းမလှကျွန်းနားမှာဆိုရင် အလောင်းတွေ အများကြီး တောင်လိုရာလိုပုံနေတယ်။ လူသေတွေ၊ ကျွဲ နွား အပုပ်တွေ၊ ဗီရို အိမ်ထောင်သုံးပစ္စည်းတွေ အများကြီး ကမ်းပေါ်မှာ ရောက်နေတယ်။ အလောင်းတွေကများတော့ ဆယ်ပြီးမြှုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘိုကလေးမြို့ ဧရာဝတီသဘောင်္ဆိပ်မှာပဲ တနေ့ကို အလောင်း သုံးဆယ်နဲ့ လေးဆယ်ကြား ဆယ်နေရတယ်။ ဘိုကလေးကနေ မိုင် ၆၀ ဝေးတဲ့ ကဒုံကနကျေးရွာထိ မော်တော်နဲ့ ကယ်ဆယ်ရေးသွားတာ လမ်းမှာ အလောင်းတွေမြင်လို့ မကောင်းဘူး။ ဒီအလောင်းတွေကို ကုန်အောင်မြှုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”ဟု ကယ်ဆယ်ရေး ၀န်ထမ်းတဦးကရှင်းလင်းပြောပြသည်။

ဘိုကလေးမြို့ပေါ်ရှိ ဘိုကလေးပညာရေးကောလိပ်၊ အထက ၁၊ အထက ၂၊ အလက ၁၊ အလက ၂ ကျောင်းများနှင့် ဘုန်းကြီးကျောင်း ၅၁ ကျောင်း တွင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကာ ဒုက္ခသည်များကို နေရာချထားပေးကြောင်း သိရသည်။ ယင်းစခန်းများတွင် နေရာချထားသည့် ဒုက္ခသည်စုစုပေါင်း ၇ သောင်း အထက်တွင်ရှိရာ ဒုက္ခသည်ဦးရေ များပြားလာသည့်အတွက် မအူပင်ခရိုင်တွင် ဒုက္ခသည်စခန်းများ တိုးချဲ့ ဖွင့်လှစ်၍ နှစ်ထပ်သဘောင်္များဖြင့် ဒုက္ခသည်များ နေ့စဉ် ထောင်ဂဏန်းနီးပါး လွှဲပြောင်းပေးနေရပြီး ကယ်ဆယ်ရေးအဖွဲ့များက နေ့စဉ်ကယ်ဆယ်ရရှိနေသည့် ဒုက္ခသည် ဦးရေမှာလည်း ထောင်ဂဏန်းကျော်တွင်ရှိနေကြောင်း တပ်မ ၆၆ ရဲဘော်တဦးက ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ထားသည့် ဒုက္ခသည်များတွင်ဒဏ်ရာရရှိသူ အများအပြားရှိသည့်အတွက် အပြင်းအထန် ဒဏ်ရာရသည့် လူနာများမှအပ ကျန်လူနာများကို ဆေးရုံတွင် လက်မခံဘဲ နှင်လွှတ်နေရကာ ကြိမ်ချောင်းကြီး ကျေးရွာမှ ကယ်ဆယ်ရရှိသည့် ဒုက္ခသည်များတွင် ကာလ၀မ်းရောဂါဖြစ်ပွားမှုရှိ၍ သေဆုံးမှုများ ရှိနေကြောင်း ကယ်ဆယ်ရေး ကျန်းမာရေးအဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။

“၀မ်းရောဂါစဖြစ်နေပြီ။ ရေသောက်စရာမရှိတော့ ရွာသားတွေက တွေ့ရာမြစ်ရေ၊ ချောင်းရေကိုပဲ သောက်ကြရာက ၀မ်း ရောဂါစဖြစ်တာပါ။ လူသေအလောင်းတွေနဲ့ ညစ်ညမ်းနေတဲ့ ရေမှန်းသိပေမယ့် ဒုက္ခသည်တွေမှာ ရွေးချယ်စရာအခွင့်အလမ်း မရှိတော့ မသန့်ရှင်းတဲ့ရေကို သောက်ရင်း ရောဂါဖြစ်တာပေါ့။ နောက်ဖြစ်လာမယ့် ၀မ်းရောဂါရှင်တွေအတွက် အခုကတည်း က ဆေးဝါးအဆင်သင့်ဆောင်ထားရမယ့် အချိန်ပဲ။ အခု ဆေးဝါးအခက်အခဲဖြစ်နေတယ်” ဟု ကယ်ဆယ်ရေးတွင်ပါဝင်သည့် ကျန်းမာရေး ၀န်ထမ်းတဦးက ဆိုသည်။

ဘိုကလေးမြို့နယ် တိုက်နယ်ဆေးရုံတွင်လည်း မုန်တိုင်းဒဏ်ကြောင့် သားဖွားခန်း၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာခန်း စသည့် အရေးကြီးဆေးရုံနေရာ အတော်များများပျက်စီးသွားရပြီး လူနာများ ထားရှိရန် နေရာအခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

ဘိုကလေးမြို့ပေါ်တွင်လည်း မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားရပြီး လျှပ်စစ်မီး၊ သောက်သုံးရေနှင့် ရိက္ခာပြတ်လပ်နေသည်။ ဆက်သွယ်ရေးအနေဖြင့် အရေးပေါ် တပ်ဆင်ထားသော အော်တိုတယ်လီဖုန်း နှစ်လုံး၊ အိုင်ပီ စတား ဂြိုလ်တုဆက်သွယ်ရေး သုံးလုံးသာရှိကြောင်း ဒေသခံများကဆိုသည်။

“တပ်မ ၆၆ နဲ့တောင်ငူ အင်ဂျင်နီယာတပ်ရင်းက ကယ်ဆယ်ရေးအဖွဲ့တွေရောက်နေပြီ။ ဒါပေမယ့် ဒီနေ့ထိ စားနပ်ရိက္ခာ လုံလုံလောက်လောက် မပေးနိုင်သေးဘူး။ ဒုက္ခသည်တွေအတွက် အကူအညီတွေ အများကြီး လိုနေတယ်။ အကူအညီတွေ နောက်ကျလေ ဒုက္ခသည်တွေ အသက်ဆုံးရှုံးတာများလာလေပဲ။ နိုင်ငံတကာ အကူအညီတွေပေးတဲ့ ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့နည်းနည်းပဲတွေ့ရသေးတယ်” ဟု ဘိုကလေးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင် တဦးက ဆိုသည်။

လက်ရှိ ဘိုကလေးမြို့ပေါ်ရှိ ရေမြုပ်ကျေးရွာများမှ ဒုက္ခသည်များကို နေ့စဉ် တနပ်စာအဖြစ် ကြက်ဥအရွယ်ခန့်ရှိ အာလူး သုံးလုံးနှင့် ဆန်နို့ဆီဘူး တလုံးထောက်ပံ့နေပြီး မြို့ပေါ်အိမ်များကိုမူ တအိမ်ထောင် ဆန်တပြည်နှုန်း ဝေငှပေးနေကြောင်း သိရသည်။

“မြို့ခံရော၊ ကျေးရွာတွေကရော ဒုက္ခသည်တွေအားလုံးအတွက် ဆန်လုံလုံလောက်လောက် ပေးမယ်ဆိုရင် တနေ့ ဆန်အိတ် ၁၂၀၀ နဲ့ ၁၅၀၀ ကြားတော့ကုန်မယ်။ အခုကတော့ ရှိတဲ့ရိက္ခာ မျှပြီးဝေနေရတဲ့အခြေအနေပါ" ဟု တပ်မ ၆၆ ရဲဘော်က ရှင်းပြသည်။

ဘိုကလေးမြို့နယ်ကဲ့သို့ပင် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရသော လပွတ္တာမြို့နယ်တွင်လည်း ရေမြုပ်ကျေးရွာ စုစုပေါင်း ၂၀၀ ကျော်မှ ဒုက္ခသည် တသိန်းနီးပါးကို ရိက္ခာ အလုံအလောက် ပေးဝေနိုင်ခြင်းမရှိသည့်အတွက် ဆန်ပြုတ် တိုက်နေရ ကြောင်း သိရသည်။ ယင်းဒုက္ခသည်များတွင်လည်း ဝမ်းရောဂါ ဖြစ်ပွားမှု တွေ့ရှိနေရရာ နေ့စဉ်မြောင်းမြသို့ သဘောင်္များဖြင့် လွှဲပြောင်းပေးနေရကြောင်း သိရှိရသည်။

လူဦးရေ တသောင်းကျော် သေဆုံးခဲ့ရသော ဖျာပုံမြို့နယ်လက်အောက်ခံ ကျေးရွာ ၄၆ ရွာမှာလည်း ရွာလုံးကျွတ်အစအနပင် ရှာမရဘဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

စစ်အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ ကြန့်ကြာနေပြီး နိုင်ငံတာကာ၏ အကူအညီရရှိမှု နှောင့်နှေးနေသဖြင့် ဒုက္ခသည် များ၏ အသက်များ မလိုလားအပ်ဘဲ ဆုံးရှုံးနိုင်ကြောင်း ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်သည်။

“ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်မြန်ပေးကြဖို့ နိုင်ငံတကာကိုရော၊ အစိုးရကိုရော တိုက်တွန်းချင်ပါတယ်။ ဒီကိစ္စမျိုးက စစ်တပ်လို အမိန့်စောင့်နေရမယ့် ကိစ္စမျိုးမဟုတ်ဘူး။ တရက်နောက်ကျရင် ရာပေါင်းများစွာသော အသက်တွေ ဆင့်ကဲ ဆင့်ကဲ ဆုံးရှုံးသွားမှာပါ။ တပတ်ကြာလာတာတောင် ဘာအကူအညီမှ ထိထိရောက်ရောက် မပေးနိုင်သေးဘူး။ အကူအညီ မြန်မြန်ပေးစေချင်ပါတယ်” ဟု အဆိုပါသတင်းအယ်ဒီတာက ပြောသည်။

အသက်ရှင်ကျန်ပေမယ့် ငတ်မွတ်နေ (From Mizzima)

မုန်တိုင်းဒဏ် ခံရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ လိုအပ်ချက်များ တိုင်းထွာစာရင်း ကောက်ယူရန် သွားသည့် ကယ်ဆယ်ရေး လုပ်သားများကို ငတ်မွတ်နေသော လူအုပ်ကြီးက ၀ိုင်းလာ၍ ကြောက်လန့်ပြီး ရန်ကုန်သို့ ပြန်ခဲ့ကြရသည်ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။

စာရင်းကောက်အဖွဲ့သည် မြို့တ၀က်လုံးနီးပါး ရေနစ်မြုပ်ခဲ့သည့် လပွတ္တာမြို့သို့ ရောက်ရှိနေခိုက် ကျေးရွာသား ၁၀၀ ခန့်က ၀ိုင်းလာခဲ့သည်ဟု အမည်မဖော်လိုသူ ကယ်ဆယ်ရေး လုပ်သားက ပြောသည်။

"ရွာသားတွေက ပိန်ချုံးပြီး ကြည့်ရတာ ငတ်မွတ်နေပုံပဲ" ဟု သူက ထပ်မံ ပြောပြသည်။" သူတို့ တောင်းလိုတာကတော့ အစားအသောက် ဖြစ်မယ့်ပုံပါ၊ ဒါပေမယ့် စာရင်းကောက်အဖွဲ့လည်း အန္တရာယ် ပေးနိုင်တယ် မြင်ပြီး ပြန်လာကြတာ"

စာရင်းကောက်အဖွဲ့သည် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

စာရင်းကောက်အဖွဲ့ အမည်ကို ဖော်ထုတ် ပြောကြားခြင်း မပြုရန် မေတ္တာရပ်ခံခဲ့သည့် ကယ်ဆယ်ရေး လုပ်သားက လပွတ္တာတ၀ိုက်သို့ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်သေးဟု ပြောသည်။

ဒေသတွင်း သောကြာနေ့နှင့် စနေနေ့က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးကြောင့် လပွတ္တာတ၀ိုက် အိမ်ခြေ ၉၂ ရာခိုင်နှုန်း ပျက်စီး ဆုံးရှုံးသွားသည်ဟု နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ၏ ပြောကြားချက်အရ သိရသည်။

The 10 deadliest storms in Bengal history !!

  1. Bhola cyclone, Bangladesh (East Pakistan), 1970. Death toll estimated at 150,000 to 550,000.
  2. Hooghly River cyclone, India and Bangladesh, 1737. Death toll: 350,000.
  3. Haiphong typhoon, Vietnam, 1881. Death toll: 300,000.
  4. Coringa cyclone, India, 1839. Death toll: 300,000.
  5. Backerganj cyclone, Bangladesh, 1584. Death toll: 200,000.
  6. Great Backerganj Cyclone, Bangladesh, 1876. Death toll: 200,000.
  7. Chittagong cyclone, Bangladesh, 1897. Death toll: 175,000.
  8. Super Typhoon Nina, China, 1975. Death toll: 171,000.
  9. Cyclone 02B, Bangladesh, 1991. Death toll: 140,000.
  10. Great Bombay Cyclone, India (from the Arabian Sea), 1882. Death toll: 100,000.

Cetizen's Donations (Courtesy of paduakmyay & kyaysaytaman)

(က) ရှမ်းပြည်နယ်မြောက်ပိုင်းပြည်သူများ ၁၄၆၉ သိန်း။
( ခ) ကမ္ဘောဇဘဏ် သိန်း သုံးထောင်၊ အာလူးပိဿာ ငါးသောင်းလေးထောင်၊ ကြက်ဥ လေးသိန်း။
( ဂ) ကချင်ပြည်နယ်ပြည်သူများ ၆၇၃၉ သိန်း။
(ဃ) မန္တေလေးတိုင်းပြည်သူများ ၂၅၃ သိန်း၊ သွပ် ၁၅၂၀၀ ချပ်၊ သံပေါင် ၂၀၈၀ နှင့် အစား အသောက်၊ အ၀တ်အထည်၊ ရေသန့်ဘူးများ။
( င) တနင်္သာရီတိုင်းပြည်သူများ ၅၃၀ သိန်း၊ ဆီပုံး ၁၅၀၀နှင့် သိန်း ၂၂၀ ဖိုးရှိ အစားအစာများ။
( စ) ရှမ်းပြည်တောင်ပိုင်း ပြည်သူများ ၁၂၇ သိန်း။
(ဆ) စစ်ကိုင်းတိုင်း ပြည်သူများ ၆၀၀ သိန်းနှင့် သိန်း ၄၀၀ ဖိုးရှိ အ၀တ်အထည်များ။
( ဇ) မွန်ပြည်နယ် ပြည်သူများ သွပ် ၁၃၅၀ ချပ်၊ သိန်း ၇၀ ဖိုးရှိ အ၀တ်အထည်များနှင့် လက်ဆွဲလွှစက်ငါးလုံး။
( ဈ) ဆီကုန်သည်များအသင်း ဆီ ၂၃၃၁၆ ပိဿာ။
(ည) မောင်ဝိတ်ကုမ္ပဏီ သိန်း ၅၀၀။
( ဋ) မြန်မာ့စီးပွားရေးဦးပိုင် ၁၀၈၉၅ သိန်း။
( ဌ) အလှုရှင် ၆၂ ဦး ၂၆၈၆ သိန်း။

International Aid

စင်္ကာပူသမ္မတနိုင်ငံမှ ရေသန့်ဆေးပြားအလုံး ၁ သိန်းခြောက်သောင်း၊ ချောကလပ် (၃၆) သေတ္တာကို TG-303 လေယာဉ်ဖြင့် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ အီတလီသမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုး ရှိ ခြင်ထောင်၊ မိုးကာတဲ၊ ရေထည့်ရန်ပစ္စည်းများ၊ ပလက်စတစ်စများ၊ ရေသန့်ဆေးပြားများ၊ အစားအသောက်များကို Air Bus-300 လေယာဉ်ဖြင့်လည်းကောင်း၊ တရုတ် (တိုင်ပေ) မှ ရေသန့်ဘူးများ၊ ဘီစကစ်များ၊ ခေါက်ဆွဲထုပ်များ စုစုပေါင်း ၃ တန်ကို မဒရင်းလေကြောင်းလိုင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ဆေးဝါးများ၊ ရေသန့်ဆေးပြားများပါကင် ၁၀၀၊ ၁၅ ယောက်ဆန့် မိုးကာတဲ ၁၅ လုံး၊ ပလပ်စတစ်စ ၀.၆ တန်၊ အာလူး ၁ တန်၊ လုံချည် ၅၁၇၅ ထည်၊ ဘီစကစ် ၁.၁၄ တန်၊ စုစုပေါင်း ၉.၅ တန်ကို C-130 လေယာဉ်ဖြင့် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ပံ့ေ ပစ္စည်းများကို Illusation ဖြင့် မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း၊ ထိုင်းနိုင်ငံမှ ရေသန့်ဘူး ၂၅၀၀ ကီလို၊ ဖယောင်းတိုင် ၃၄၄ ပါကင်၊ လက်သမားတူအလက် ၁၂၀၀၊ ခေါက်ဆွဲခြောက် ၆၀၀ ကီလို၊ စုစုပေါင်း ၁၅ တန်ကို C-130 လေယာဉ်ဖြင့် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင်လည်းကောင်း အသီးသီးရောက်ရှိလာပြီး နောက်ရက်များတွင်ဆက်လက်ရောက်ရှိဦးမည် ဖြစ်ပါသည်။

05.05.2008 Yangon




မုန်တိုင်းကြောင့်သေဆုံးသူ တသိန်းကျော်ရှိလာ လပွတ္တာမြို့နယ်တခုတည်းတွင် ရှစ်သောင်းကျော်သေဆုံး (From yoma3.org)

ပြီးခဲ့သည့်အပတ် သောကြာနေ့က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူစာရင်းမှာ တသိန်းကျော်ရှိပြီး လပွတ္တာမြို့နယ်တခုတည်းတွင် သေဆုံးမှုမှာ ရှစ်သောင်းကျော်ရှိသည်ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ဆိုသည်။

မုန်တိုင်းကျရောက်ပြီးနောက် စစ်အစိုးရက ယမန်နေ့တွင် လူပေါင်း (၂၂၀၀၀) ခန့် သေဆုံး သည်ဟု ဖော်ပြခဲ့ပြီးနောက် သေဆုံးသူစာရင်းမှာ မုန်တိုင်းကျရောက်ပြီး တပတ်ပြည့်မြောက်ရန် တရက်အလိုတွင် သေဆုံးသူအရေအတွက် ခန့်မှန်းထားသည်ထက် များပြားလာခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေးမှူးရုံးမှ ရစ်ချတ်ဟိုဆေး က မြစ်ဝကျွန်းပေါ်ဒေသ၏ (၁,၉၃၀) စတုရန်းမိုင် (စတုရန်းကီလီမီတာ ၅၀၀၀ ခန့်)သည် ရေလွှမ်းမိုးသွားသည်ဟု ဘန်ကောက်တွင် ပြောဆိုခဲ့သည်။

၁၉၉၁ ခုနှစ်တွင် လူပေါင်း (၁၄၃၀၀၀) သေကျေပျက်စီးခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်ခတ်ခဲ့သည့် မုန်တိုင်းထက် ယခု နာဂစ်မုန်တိုင်းက ပိုမိုပြင်းထန်သည်ဟု ဆိုသည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် သိန်းနှင်ချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသည့် ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့လျှက်ရှိရာ စစ်အစိုးရ၏ လက်ခံဆောင်ရွက်နေမှုမှာ များစွာ နှေးကွေးနေသည်ဟုဆိုသည်။

နာဂစ်မုန်တိုင်းက ပင်လယ်ရေကိုဆွဲယူလာသဖြင့် ကုန်းတွင်းပိုင်းရွာများကို တိုက်စားသွားခဲ့ရာ ဧရာဝတီတိုင်း၊ မြို့နယ် (၄) ခုတွင် ကျေးရွားပေါင်း (၁၀၀၀) နီးပါး ပျောက်ဆုံးသွားပြီး လူပေါင်းသိန်းနှင့်ချီသေဆုံးကာ လူ (၇) သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသည်။

“ကျမတို့ရရှိတဲ့ သတင်းအချက်အလက်များအရ အခုဆိုရင် မြစ်ဝကျွန်းပေါ်ဒေသမှာ သေဆုံးသူ တသိန်းကျော်ရှိပါတယ်၊ စာရင်းအတိအကျမဟုတ်ပေမဲ့ စစ်အစိုးရက ဒီဒေသမှာ သေဆုံးသူ (၇၀၀၀၀) ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေပါတယ်”ဟု ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ မစ္စ ရှရီဗီလာရိုဆာက သတင်းထောက်များကို ပြောဆိုခဲ့သည်။

စစ်အစိုးရက အကူအညီပေးရေးဆိုင်ရာ ပစ္စည်းများကို လက်ခံလိုသော်လည်း နိုင်ငံတကာမှ ကယ်ဆယ်ရေးလုပ်သားများကို လက်ခံရန် နှောင့်နှေးနေခြင်းနှင့်ပတ်သက်၍ “လူသားချင်း ကာကွယ်ပေးရန် တာဝန်အရ ကုလသမဂ္ဂကို အသိပေးတိုင်တန်းပြီး လုပ်ကိုင်ဆောင်ရွက် သင့်သည်”ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘမ်မတ် ကော့ချနာက အကြံပေးသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရအား နိုင်ငံတကာအကူအညီများ ပိုမိုလက်ခံဆောင်ရွက်ပေးရန် တိုက်တွန်းထားသော်လည်း ကုလဆိုင်ရာ ကယ်ဆယ်ရေး လုပ်သားများမှာ မုန်တိုင်းတိုက်ခတ်ပြီးသည့် (၅) ရက်နေ့ထိအောင် ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်း နေရဆဲဖြစ်သည်။

လောလောဆယ်တွင် ကမ္ဘာ့ (၂၄) နိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းများ သန်း (၃၀) ဘိုး အာမခံ ထားပြီး သတ်မှတ်နေရာများသို့ သောင်္ကြာနေ့အရောက် ပို့ပေးရမည်ဖြစ်ကာ ကုလမှ ကယ်ဆယ် ရေးပစ္စည်းများမှာ အနည်းဆုံး ဒေါ်လာ (၁၀) သန်းဘိုးရှိသည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ ၂၀၀၅ ခုနှစ် “ကာကွယ်မှုပေးရန်တာဝန်ရှိမှု” သဘောတူညီချက် ပဋိညာဉ်အရ နိုင်ငံအစိုးရများမှ အရပ်သားပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင် သည်ဖြစ်စေ ကြုံတွေ့နေရပါက နိုင်ငံတခု၏အချုပ်အခြာအာဏာကို အကြမ်းဖက်၍ ဝင်ရောက် စွက်ဖက်နေသည်ဟု အဓိပ္ပါယ်သက်ရောက်နေသော်လည်း ကုလသမဂ္ဂမှ ဝင်ရောက်စွက်ဖက် လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟု ပြဌာန်းသတ်မှတ်ထားသည်။

ကုလဆိုင်ရာ ပြင်သစ်သံအမတ်ကြီး ဂျင်းန်မောရစ်ရီပတ်က မြန်မာ့ပြဿနာနှင့်ပတ်သက်၍ လူသားခြင်းညှာတာထောက်ထားမှုဆိုင်ရာ ကြေညာချက်တစောင် ထုတ်ပြန်ရန် လုံခြုံရေး ကောင်စီသို့ တိုက်တွန်းခဲ့ရာ တရုတ်၊ ရုရှား၊ ဗီယက်နမ်နှင့် တောင်အာဖရိကနိုင်ငံတို့က ကန့်ကွက်ခဲ့ကြပြီး ယခုကိစ္စသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်မှုမရှိကြောင်း ငြင်းခုံ ဝေဖန်နေကြသည်ဟု သံတမန်များက ဆိုသည်။

When Nargis was Yangon!!!!!!!!!

နေရာအချို့တွင် လုယက်မှုများ ပေါ်ပေါက်နေ (From Mizzima)

နာဂစ်မုန်တိုင်းကြောင့် စားဝတ်နေရေး ခက်ခဲမှု ကြီးမားသည့် ရန်ကုန်တိုင်းအတွင်း နေရာအချို့တွင် လုယက်မှုများ ဖြစ်ပွားနေသည်။

ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသလို စားဝတ်နေရေး အကျပ်အတည်း၊ အိုးမဲ့အိမ်မဲ့ ပြဿနာများနှင့်အတူ လုယက်မှုများပါ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ရန်ကုန်မြို့ ကြည့်မြင်တိုင် အဝေးပြေးကားဂိတ် မရောက်ခင် မှတ်တိုင်လမ်းဘေးက ဆန်ဆိုင်ကို ဝင်လုတာ” ဟု ကြည့်မြင်တိုင် မြို့ခံတဦးက ပြောသည်။

တောင်ဒဂုံမြို့နယ် ကြည်စုကျေးရွာရှိ ကုန်စုံဆိုင်လေး၌ ယမန်နေ့ ညနေပိုင်းတွင် လူ ၁ဝ ဦးခန့်က လုယက်မှုတခု ကျူးလွန်ခဲ့သေးသည်။

“လင်မယား နှစ်ယောက်နဲ့ မိခင်ကို ဝင်ရိုက်ပြီးတော့ ဆိုင်အတွင်းမှာရှိတဲ့ စားသုံးကုန် ပစ္စည်းတွေကို ယူသွားတယ်။ လင်မယား နှစ်ယောက်ကတော့ အခု ဆေးရုံ တင်ထားရတယ်။ မိခင်ကတော့ နည်းနည်းပဲ ကွဲပြဲတဲ့အတွက် အိမ်ကို ပြန်ရောက်နေတယ်” ဟု တောင်ဒဂုံမြို့ခံက ပြောသည်။

ရွှေပြည်သာ မြို့နယ်တွင်လည်း ကြက်ခြံတခု ယမန်နေ့ ညနေပိုင်းက ဝင်ရောက် လုယက်ခံလိုက်ရသည်။

“ရွှေပြည်သာ အမှတ် ၉ ရပ်ကွက် နဲ့ ဃ ရပ်ကွက် အတွင်းမှာရှိတဲ့ အစိုးရနဲ့ တဝက်စီ မွေးတဲ့ ကြက်ခြံကို ပန်းခြံအတွင်းမှာ ရှိတဲ့၊ အိုးအိမ်မဲ့ဖြစ်နေတဲ့ လူ ၄ဝ လောက်က ကြက်ခြံကို ဝင်လုတာ။ ကြက်တွေကို သူတို့ နိုင်သလောက် ယူသွားတာ။ ဒါကို ကြက်ခြံပိုင်ရှင်က မပြောရဲဘဲ ကြည့်နေရတယ်” ဟု မျက်မြင်သက်သေ ဒေသခံ တဦးက ပြောသည်။

ဒဂုံမြို့သစ် တောင်ပိုင်း နံနက်ဈေးအတွင်းရှိ ဆန်ဆိုင်တဆိုင်ကိုလည်း ဈေးနှင့်ကပ်ရက် ဘောလုံးကွင်းဘက်မှ ဖောက်ထွင်း လုယူသွားသည်။

ရန်ကုန်တဖက်ကမ်း ဒလ နှင့် နီးစပ်သည့် ဒေသများတွင်လည်း လုယက်မှုများ ထူပြောသည့် သတင်းများ ထွက်ပေါ်နေသည်။

ရုရှားမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်လွှတ် (From Mizzima)

ရုရှားနိုင်ငံမှ ကယ်ဆယ်ရေး ရဟတ်ယာဉ် အနည်းဆုံး ၇ စင်း မြန်မာ့လေဘေး ဒုက္ခသည်များအတွက် ဆေးဝါးနှင် အစားအသောက်များ တင်ဆောင်ကာ မြန်မာနိုင်ငံသို့ ပျံသန်းသွားသည်။

ယနေ့နံနက် ရုရှားစံတော်ချိန် ၈ နာရီခန့်က မော်စကို လေတပ်စခန်းမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်များ ပျံသန်းသွားခြင်းဖြစ်ပြီး ရန်ကုန်သို့ ယနေ့ ညနေတွင် ရောက်မည်ဟု ခန့်မှန်းရကြောင်း သတင်းရပ်ကွက်များအရ သိရသည်။

အစောပိုင်းက ရုရှားသမတ ဗလာဒီမာပူတင်က မြန်မာနိုင်ငံသို့ အထောက်အပံ့များ ပေးလိုကြောင်း မြန်မာစစ်အစိုးရသို့ ပြောကြားခဲ့သည်။

အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့်အတွက် ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲ (From Mizzima)

လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် ထောက်ပံ့ ပစ္စည်းများ တင်ဆောင်ထားသော အမေရိကန် စစ်ဘက် လေယာဉ်များ ဆင်းသက်ခွင့်ပြုရေး မြန်မာ စစ်အစိုးရထံမှ စောင့်ဆိုင်းဆဲ ဖြစ်သည်။

ထိုင်းနိုင်ငံရှိ အမေရိကန် သံရုံးမှ သတင်းနှင့် ပြန်ကြားရေး အရာရှိ စင်သီယာ အေ ဘရောင်းက ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားရာတွင် အမေရိကန် အစိုးရအနေဖြင့် စီ ၁၃၀ စစ်ဘက်လေယာဉ်များ ဆင်းသက်ခွင့်ရရေး စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု ပြောသည်။

အဖွဲ့ဝင် ၁၀ ဦးပါ ကပ်ဘေး အထောက်အပံ့ပြု အဖွဲ့သည်လည်း မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိရေး စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

"ကျမတို့ ရလာဒ်ကောင်း ထွက်လာမယ်လို့ ယုံပါတယ်" ဟု သူမက ပြောလိုက်ပြီး မြန်မာ စစ်အစိုးရနှင့် တောက်လျှောက် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပြောသည်။ ဆွေးနွေးမှု အဆင်ပြေရေးအတွက် ထိုင်းအစိုးရသည် တက်တက်ကြွကြွ ကူညီ စေ့စပ်နေသည်ဟု ပြောသည်။

နာဂစ် မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ သန်းထောက်ပံ့ရန် အမေရိကန် ပြည်ထောင်စုက ကမ်းလှမ်းထားသည်။

ABC Cyclone to hit Myanmar is Rumor

"ABC Cyclone will hit within 80 hr to Myanmar" is just a rumor.
Developing of several storms in the Bay of Bengal during May is normal .

Please check this link and consider yourself.

http://www.gdacs.org/

This is the photo of current situation in India ocean. (9:30 Myanmar Standard Time )

Update photos...






Indian weather department says it warned Myanmar about cyclone threat

NEW DELHI — An official says India warned Myanmar that Cyclone Nargis was headed for the country two days before it made landfall there.

The state-run Indian Meteorological Department had been keeping a close watch on the depression in the Bay of Bengal since it was first spotted on April 28.

Department spokesman B. P. Yadav says they sent regular updates about its progress to all the countries in its path.

Yadav says that 48 hours in advance, the department informed the Myanmar weather department about the likely area of landfall as well as time and intensity of the cyclone.

The New Delhi-based IMD issues regular cyclone warnings and updates to Bangladesh, Myanmar, Thailand, Sri Lanka, the Maldives, Oman and Pakistan, Yadav says.

Saturday's devastating cyclone is believed to have killed at least 22,000 people in Myanmar and left as many as one million homeless. More than 40,000 people are missing.

Wednesday, May 7, 2008



















မြန်မာကျုပစ်တွင်ဖတ်ခဲ့ရသော သတင်းများ (From myanmarhumanity.blogspot.com)

မြန်မာကျုပစ် မှာဖတ်ခဲ့ရတဲ့ ပို့စ်တွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို မူရင်းအတိုင်း မပြင်ဆင်ပဲ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Sinner ရဲ့ ပြောပြချက်

ပုသိမ်က လုံးဝနီးပါး ပျက်စီးမှုမရှိပါဘူး။
ဆိုးတာက ဟိုင်းကြီးဘက်တလျှောက်နဲ့ ဘိုကလေး၊ လပွတ္တာ ပါ။
ပြင်စလူလို ရွာကြီးဆိုရင် တစ်ရွာလုံး ပျောက်သွားပြီ။
လပွတ္တာမှာ ချည်းပဲ ခန့်မှန်းအိမ်ခြေ ၅၀၀၀ လောက်ပျက်စီးသွားပြီ။ အဲဒီဧရိယာတော်တော်ဆိုးသွားတယ်။
လက်ရှိကျွန်တော်တို့ ပုသိမ်မှာပဲစုရပ်ဖြစ်နေပြီး လူနာတွေကို တွေ့သမျှကို ရဟတ်ယာဉ်နဲ့ဖြစ်ဖြစ် ရှပ်ပြေးသင်္ဘောနဲ့ဖြစ်ဖြစ်သယ်လာပေးပါတယ်။
ဒီနေ့သတင်းအရပြောရရင် သေဆုံး ၃သောင်းလောက်ရှိပြီး ပျောက်ဆုံး ၅ သောင်းလို့ခန့်မှန်းပါတယ်။ ဒီလောက်ကြာအောင် ပျောက်ဆုံးနေပြီဆိုရင်တော့ သူတို့အတွက်လည်း မျှော်လင့်ချက်နည်းသွားပါပြီ။

ဟိုင်းကြီးမှာဆိုရင် မုန်တိုင်းကျတော့ အိမ်တွေကိုပိတ်ပြီး တောင်ခြေကိုပြေးကပ်ကြတယ်။
ကျန်တဲ့သူတွေက လူမရှိတော့တဲ့ အိမ်တွေကို ၀င်ခိုးတယ် အဲဒီအချိန်မှာ လှိုင်းတက်လာတော့ သေကြတာပါပဲ။ ဟိုင်းကြီးမှာ သေတဲ့သူ တော်တော်များများက အဲဒီလို ပွဲလန့်တုန်းဖျာခင်းတဲ့သူတွေပါ။

ပြင်စလူဆိုတဲ့ရွာကြီးဆိုရင် အုတ်နံရံတော် မကျန်တော့ဘူးပြောတယ်။ ဒုက္ခသည်စုစုပေါင်းတောင် ၈၀ ကျော်လောက်ပဲ အသက်ရှင်တယ်လို့ ကြက်ခြေနီကပြောပါတယ်။ တိုင်းမှူးလည်း အဲဒီမှာပဲ စခန်းချနေတယ်။

နောက်တစ်နေရာက မော်ကျွန်း(မော်လမြိုင်ကျွန်း)မြို့ပါ။ မုန်တိုင်းဖြစ်တုန်းက ရေလှိုင်းက ၁၂ ပေလောက် မြင့်ပါတယ်ပြောတယ်။ လှိုင်းတစ်လုံးပြန်ကျသွားတိုင်း သဲက ၁ပေခွဲလောက် ကျန်ခဲ့တယ်။ သူလဲ မြေပုံထဲမှာ ပျောက်သွားလောက်ပြီ။

မုန်တိုင်းဖြစ်ပြီးနောက်တစ်နေ့မနက်မှာ ကျိုက်လတ်က မယက ဥက္ကဋ္ဌက ပုသိမ် ခယက ကိုဖုန်းဆက်ပြီးပြောတယ်တဲ့။ “ ကျွန်တော့်အိမ်လည်း မရှိတော့ဘူး။ ရုံးလည်း မရှိတော့ဘူး။ မြို့လည်း မရှိတော့ဘူးတဲ့။ ”

တစ်ချို့ရွာတွေဆိုရင် မြေပုံထဲက လုံးဝပျောက်သွားပြီ။

ထူးဆန်းတာက ပုသိမ်ပါ။ မုန်တိုင်းမကျခင်လေးမှာပဲ ကျွန်တော့်အသိတစ်ယောက်က ဖုန်းဆက်ပြီး မုန်တိုင်းလမ်းကြောင်းပေါ်မှာ ပုသိမ်ရောက်နေလို့ သတိထားဖို့ပြောပါတယ်
တကယ်ဖြစ်တော့ လေကြမ်းတိုက်ပြီး ခေါင်မိုးနည်းနည်းပါးပါး လန်တာလောက်ပဲဖြစ်ပါတယ်။
အိမ်ပြိုတယ်ဆိုတာ မရှိသလောက်ပါဘဲ။ ရန်ကုန်ထက်စာရင် ပုသိမ်က ဘာမှမဖြစ်သလောက်ပါ။

ခုလောလောဆယ် အစိုးရက ကျပ်ငွေသန်းတစ်ထောင် ထောက်ပံ့မယ်လို့ သတင်းရပါတယ်။ တကယ်ထိခိုက်သွားတဲ့သူတွေက သိန်းဂဏန်း ဒီထက်ဆိုးရင် ဂဏန်း ၇ လုံးလောက်ဖြစ်သွားနိုင်ပါတယ်။ တစ်ယောက်ကို တစ်သောင်းတောင်မရပါဘူး။ ဘာပဲဖြစ်ဖြစ် ရသလောက်နဲ့ ကယ်ဆယ်ရေးလုပ်နေကြပါတယ်။ မနေ့ကတော့ ထိုင်းကအထောက်အပံ့တွေ စရောက်ပြီ ပြောတယ်။

အဆိုးဆုံးကတော့ ကုန်ဈေးနှုန်းပြသနာပါ။ ဆားဈေးက ၂ ဆဖြစ်သွားပြီ။ ဆန်ဈေးတွေက စတက်နေပြီ။ ပုသိမ်က ကြားထဲကနေခံရဦးမှာ။ ကုန်ကြမ်းယူတဲ့ဒေသက ပျက်စီးသွားပြီး ကုန်ချောပြန်ယူတဲ့ ရန်ကုန်က ဈေးခေါင်ခိုက်နေတော့ သူလည်းဘာမှ ခံနိုင်မယ် မထင်ပါဘူး။

ခုဆို ဟိုင်းကြီးမြစ်နဲက ဆက်နေတဲ့ ချောင်းလက်တက်တွေမှာ ဂါးသင်္ဘောတွေ သွားလို့မရပါဘူး။ အလောင်းတွေနဲ့ပိတ်နေလို့ပါ။

GeneralBoz ရဲ့ပြောပြချက်

မနေ့က (၆-၅-၂၀၀၈) ညနေပိုင်းမှာ World Vision (Yangon) ကသူငယ်ချင်းနဲ့ အဆက်အသွယ်ရပါတယ်။ ဧရာဝတီတိုင်းမှာ UN အဖွဲ့တွေ ကယ်ဆယ်ရေးလုပ်နေတာနဲ့ ပတ်သက်ပြီး လောလောဆယ် ဒေးဒရဲ၊ ၀ါးခယ်မ၊ လပွတ္တာ အပါအ၀င် မြို့ကြီးတွေဘက်မှာ အလောင်းကောက်ထားပြီး အရေအတွက်က ငါးသောင်းကျော်နေပါပြီတဲ့။
ပျောက်ဆုံး ၃သိန်းကျော်ရှိတယ် ပြောတယ်..။

အကြီးအကျယ်ထိသွားတဲ့ ဟိုင်းကြီးကျွန်းဖက်က စာရင်းမပါသေးဘူးလို့လည်း သိရပါတယ်။
စိတ်မကောင်းစရာပဲဗျာ..။

(ဒီသတင်းတွေပြောပြပေးတဲ့ Sinner နဲ့ GeneralBoz ကို အထူးပဲကျေးဇူးတင်ပါတယ်။)

ကွမ်းခြံကုန်းတွင် ထောင်ပေါင်းများစွာ သေဆုံးနိုင် (From Mizzima)

ရန်ကုန်တိုင်း အနောက်ပိုင်းရှိ ကွမ်းခြံကုန်း မြို့နယ်တွင် လူသေအလောင်းများ၊ တရိစ္ဆာန် အသေကောင်ပုပ်များ ပြန့်ကြဲနေပြီး ယခုထိ ရှင်းလင်းနိုင်ခြင်း မရှိသေးသဖြင့် မခံမရပ်နိုင်အောင် အနံ့ဆိုးများ ပုပ်ဟောင်နံစော်လျက် ရှိသည်ဟု ထိုဒေသသို့ ရောက်ခဲ့သူ မျက်မြင်သက်သေ တဦးက ပြောသည်။

လူသေအလောင်းများ၊ ကျွဲနွား တရိစ္ဆာန် အသေကောင်များ နေရာအနှံ့တွင် တွေ့နေရသည်ဟု ကွမ်းခြံကုန်းသို့ ယနေ့ ရောက်ရှိခဲ့သူ ဒေသခံတဦးက ပြောသည်။

“ဒီနေရာ တခုလုံး ပုပ်ဟောင်နေတာပဲ။ အလောင်းတွေကလည်း အများကြီး။ နေရာတကာပဲ။ ရေတွက်ဖို့တော့ ခက်တယ်။ ကျနော်ထင်တာ ရာပေါင်းများစွာ ရှိမှာပဲ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ကွမ်းခြံကုန်းသည် ရန်ကုန်မြို့ အနောက်တောင်ဘက် မိုင် ၄ဝ အကွာတွင် တည်ရှိပြီး၊ ဧရာဝတီတိုင်းနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။

စွမ်းအင်ဝန်ကြီး လွန်းသီ ခေါင်းဆောင်သော အစိုးရ ကယ်ဆယ်ရေး အဖွဲ့တခု ကွမ်းခြံကုန်းသို့ ရောက်ရှိနေပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေပြီဟု သူက ပြောသည်။

“မြို့ပေါ်မှတော့ အလောင်းတွေက သိပ်မများဘူးဗျ။ မြို့ပေါ်ကနေ ရွာတွေဘက်သွားတဲ့ လမ်းတလျှောက်မှာ အများကြီး” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ရွာအများအပြား ရေမြုပ်နေဆဲဖြစ်ပြီး လူအများမှာ ဆိုင်ကလုံး ဝင်ရောက် တိုက်ခတ်မည်ကို မသိလိုက်ဟု ဆိုသည်။ ကွမ်းခြံကုန်း မြို့နယ်ထဲတွင် ရေမှာ အိမ်များထဲ၌ ၄ ပေခန့်အထိ တက်ဆဲ ဖြစ်သည်ဟုလည်း သူက ပြောသည်။

“အခုတော့ လူတွေက မုန်တိုင်းတင် မဟုတ်တော့ဘူး၊ တစ္ဆေပါ ကြောက်နေကြတာ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပင် ဆက်ပြောသည်။

ဒေသခံ ကျေးရွာသားများ၏ ခန့်မှန်းချက်အရ သေဆုံးသူ ၁ဝဝဝဝ (တသောင်း) ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။

အစိုးရ ကယ်ဆယ်ရေး အဖွဲ့များက မြို့လူထုကို ဆန်များ၊ သောက်ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်များ ဝေငှပေးလျက် ရှိသည်ဟု ဒေသခံ တဦးက ပြောသည်။ သို့သော် ကျေးရွာများသို့မူ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများ ယခုတိုင် ရောက်ရှိခြင်း မရှိသေးဟု ဆိုသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကွမ်းခြံကုန်းသို့ လာနေသည်ကို တွေ့ခဲ့ရသည်။ သို့သော် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်ကိုမူ မတွေ့ရသေးဟုလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ဤအတောအတွင်း ရန်ကုန် လှိုင်မြစ်ထဲမှ ကလေး၊ ယောက်ျား၊ မိန်းမ အလောင်း ၁ဝ လောင်း ဆယ်ယူ ရရှိသည်ဟု ရန်ကုန်မြို့မှ ဒေသခံ တဦးက ဆိုသည်။

“ကျနော်ထင်တာ အလောင်းတွေက ကွမ်းခြံကုန်းဘက်က မျောလာတာ ဖြစ်မယ်” ဟု အဆိုပါ မျက်မြင်သက်သေက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မှာ ရေပေးဝေသော်လည်း လိုအပ်နေဆ (From Mizzima)

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် မီးသတ်ကားများဖြင့် သောက်သုံးရေများ လိုက်လံ ပေးဝေနေသော်လည်း ရေပြဿနာမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

မီးသတ်ကား၊ ရေကားများဖြင့် ရေပေးဝေခြင်းကို နေ့စဉ် နံနက် ၈ နာရီခန့်မှ နေ့လယ် ၁၂ နာရီနှင့် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ အချိန်ခွဲ ပေးဝေနေသဖြင့် ရေအခက်အခဲ အနည်းငယ် လျော့ကျသွားသော်လည်း လုံလောက်မှု မရှိသေးကြောင်း ဒေသခံများ ပြောဆိုကြခြင်း ဖြစ်သည်။

"အမတို့က နေရာက တိုက်ခန်းတွေ များတယ်လေ။ အထပ်မြင့်မှာ နေတဲ့သူတွေဆို ရေသယ်ရတာ တော်တော် ဒုက္ခရောက်တယ်။ ရေက အခုလို ရတယ်ဆိုပေမယ့် လိုသလောက် မရဘူးလေ။ မီးကလည်း မလာသေးဘူး။ အဆင်မပြေပါဘူး" ဟု ရန်ကုန်မြို့ခံက ပြောသည်။

အခြား ဒေသခံ တဦးကလည်း မုန်တိုင်း ၀င်ရောက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တွင်း အပျက်အစီးအချို့ ရှင်းလင်းပြီးသည့်တိုင် သောက်သုံးရေများ မရရှိသေးသလို၊ လျှပ်စစ်မီးလည်း မရသေးကြောင်း ပြောသည်။