http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Thursday, May 8, 2008

    ဧရာဝတီတိုင်း ၄ မြို့နယ် လူရှစ်သောင်းကျော် သေဆုံး (From Irrawaddy)

    မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် အပျက်အစီး အများဆုံးဖြစ်သည့် ဧရာဝတီ တိုင်း၊ ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်များ အတွင်းတွင် ကျေးရွာ ခြောက်ရာ ကျော် ရွာလုံးကျွတ် ရေမြုပ်ခဲ့ရပြီး လူဦးရေ ၈ သောင်းနှင့်အထက် သေဆုံးကာ ၇ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း ဧရာဝတီတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးတဦးက အတည်ပြုပြောဆိုလိုက်သည်။

    မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းရှိ မြို့နယ်များ၌ ဘိုကလေးမြို့နယ်တွင် လူအသေအပျောက် အများဆုံးဖြစ်ပြီး လပွတ္တာမြို့နယ်တွင် ဒုတိယအသေအပျောက်အများဆုံးဖြစ်ကာ ဖျာပုံမြို့နယ်တွင် တတိယ အသေအပျောက်အများဆုံး ဖြစ်ကြောင်း သိရသည်။

    “ဘိုကလေးမှာ ခုရထားတဲ့စာရင်းအရ ၅ သောင်းကျော်သေတယ်။ လပွတ္တာမှာက ၂ သောင်းနီးပါး။ ပြီးတော့ ဖျာပုံမှာက တသောင်းကျော်သေတယ်။ ဒါလက်လှမ်းမီတဲ့ စာရင်းပဲရှိသေးတယ်။ သေတဲ့လူစာရင်းက နေ့တိုင်းတိုးတယ်” ဟု ဧရာဝတီ တိုင်း ဘိုကလေးမြို့နယ်နှင့် ဖျာပုံမြို့နယ်တွင် ကယ်ဆယ်ရေး ဆောင်ရွက် နေသည့် ခြေမြန်တပ်ရင်း တပ်မ ၆၆ မှ အရာရှိ တဦးက ဆိုသည်။ အခြား ကယ်ဆယ်ရေး လုပ်သားများကမူ လပွတ္တာ၏ သေဆုံးစာရင်းမှာ ၈၀၀၀၀ ဟု ဖော်ပြထားသည်။

    ယင်းဒေသများတွင် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အသက်မသေဘဲ ကျန်ရစ်သူ ခုနစ်သိန်းကျော်အတွက် စားနပ်ရိက္ခာ၊ သောက်ရေ နှင့်ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိသည်။

    မုန်တိုင်းတိုက်ခတ်ပြီး တပတ်ကြာလာသည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ဒုက္ခသည် သိန်းဂဏန်းနီးပါး အကူအညီ လိုအပ်နေကြောင်း ဒေသခံ ဒုက္ခသည်များက ပြောဆိုကြသည်။

    ကယ်ဆယ်နိုင်သည့် ဒုက္ခသည်များတွင် ၀မ်းရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုများရှိကာ အလျင်အမြန် ရောဂါကူးစက်နိုင် သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဘိုကလေးဒေသခံများ၊ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးအရာရှိတဦးနှင့် ဖျာပုံခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ထံမှ စုံစမ်းသိရှိရသည်။

    “ဘိုကလေးမြို့နယ်အပိုင်ထဲမှာရှိတဲ့ ကျေးရွာစုစုပေါင်း ၁၄၂ ရွာလုံး ရေအောက်ရောက်သွားတယ်။ အဲဒီရွာတွေက လူတွေ အားလုံး သေကုန်တာ၊ တဦးစ နှစ်ဦးစပဲ ရှင်တယ်။ ဥပမာ - ကျွန်းသာယာဒိုင်နယ်မှာရှိတဲ့ ခိုင်ရွှေဝါရွာမှာ လူဦးရေ ၄၀၀ ရှိတာ ၄ ယောက်ပဲအသက်ရှင်တယ်၊ ရွာလုံးကျွတ်သေတာ” ဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ခြေမြန်တပ်ရင်း တပ်မ ၆၆ မှ အရာရှိတဦးက ဆိုသည်။

    နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့နယ် အနောက်တောင်အရပ် မိုင် ၆၀ ပတ်လည် မိန်းမလှကျွန်းနှင့် ကဒုံကနကျွန်း အကြားတွင်ရှိသည့် ကျွန်းသာယာဒိုင်နယ် (ဒိုင်နယ်ဆိုသည်မှာ ဒေသအခေါ်ဖြစ်ပြီး ကျေးရွာအုပ်စုများကို ဆိုလိုခြင်းဖြစ် သည်) တွင်ပါဝင်သည့် မီးလောင်ကွင်း၊ ကပနန်း၊ မရမ်းချောင်း၊ ရေကျော်ကြီး၊ ချောင်းဖြဲ၊ ဂွေးချောင်း၊ ခိုင်ရွှေဝါ၊ ဓညင်းဖြူ၊ ခေါင်းကြီးကျွန်းရွာအတွင်းပိုင်း၊ အပြင်ပိုင်း၊ ဘုရားကျောင်း၊ နတ်ချောင်း၊ မုန်တိုင်းကြီး၊ မုန်တိုင်းလေး၊ တယောချောင်း၊ ပုလုံးတိုင်၊ အရှေ့မဲ၊ ကန့်မလာ၊ ခါချည်ကျွန်းရွာ၊ သခင်မကြီး၊ သစ်ပုတ်ရွာ၊ အောင်လှိုင်၊ လက်ဝဲကြီး၊ ကြပ်ပြေး၊ သမာဓိ ကျေးရွာအပါအ၀င် ကျေးရွာပေါင်း ၅၀ လုံးဝ ရေမြုပ်သွားသည်ဟု သိရသည်။

    ထို့ပြင် ဘိုကလေးအနောက်ဘက် မိုင် ၄၀ ၀န်းကျင်တွင်ရှိသည့် ကြိမ်ချောင်းကြီးဒိုင်နယ် အတွင်းတွင် ရှိသော ရွှေထူး၊ လမုအုပ်ကြီး၊ လမုအုပ်လေး၊ မကျင်မြိုင်၊ လှေလုံးကွဲ၊ အာမခံ၊ ဂျပန်ကျွန်း၊ လေးဂွရွာ အပါအ၀င် ကျေးရွာပေါင်း ၃၃ ရွာလည်း ရေတိုက်စားပြီး ရွာပျောက်သွားကြောင်း သိရှိရသည်။

    ဘိုကလေးမြို့နယ်အတွင်းရှိ ရွာလုံးကျွတ် ရေမြုပ်ရေတိုက်စားခြင်းခံခဲ့ရသော ကျေးရွာအုပ်စုများတွင် နေထိုင်သူများ အနက်မှ အသက်ရှင်ကျန်ရစ်သူများ နေ့စဉ် နှစ်ထောင်နီးပါး ကယ်ဆယ်နေရပြီး ရေကျသွားသည့် ရွာများမှ အသက်ရှင် ကျန်ရစ်သူများကိုသာ ကယ်ဆယ်နိုင်ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ခြေမြန်တပ်ရင်း တပ်မ ၆၆ မှ အရာရှိတဦးက ပြောပြသည်။

    “ကယ်ဆယ်ရေးအတွက် မေခ နှစ်ထပ်သဘောင်္၊ သူရိယပဲ့ထောင်၊ ငါးဖမ်းဂျုတ် (ဂျူတ်ဆိုသည်မှာ ဒေသအခေါ်ဖြစ်ပြီး ပေ ၃၀ နှင့် ပေ ၃၅ အလျားရှိ ငါးဖမ်းသဘောင်္အငယ်များကို ဆိုလိုခြင်း ဖြစ်သည်) တွေနဲ့ ၀ိုင်းရှာနေကြပါတယ်” ဟု ကယ်ဆယ် ရေးဆောင်ရွက်နေသည့် ကဒုံဒိုင်နယ်မှ ဒေသခံတဦးကဆိုသည်။

    ရေကျသွားသည့် ရွာများတွင် ဟင်းလင်းပြင်ဖြစ်နေပြီး ရွာရှိခဲ့သည်ဆိုသော အရိပ်အရောင်ပင် မတွေ့ရ တော့ကြောင်းနှင့် ကျေးရွာများအနီးရှိ ကျွန်းများတွင် ပုပ်ပွနေသော အလောင်းများ ထောင်သောင်း ဂဏန်းချီရှိနေပြီး အဆိုပါ အလောင်းများကို သဂြိုဟ်မည့်သူမရှိဘဲ ကမ်းနားကမ်းစပ်များတွင်တွေ့နေရကြောင်း တပ်မ ၆၆ မှ ကယ်ဆယ်ရေး ရဲဘော်တဦးကဆိုသည်။

    “မိန်းမလှကျွန်းနားမှာဆိုရင် အလောင်းတွေ အများကြီး တောင်လိုရာလိုပုံနေတယ်။ လူသေတွေ၊ ကျွဲ နွား အပုပ်တွေ၊ ဗီရို အိမ်ထောင်သုံးပစ္စည်းတွေ အများကြီး ကမ်းပေါ်မှာ ရောက်နေတယ်။ အလောင်းတွေကများတော့ ဆယ်ပြီးမြှုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘိုကလေးမြို့ ဧရာဝတီသဘောင်္ဆိပ်မှာပဲ တနေ့ကို အလောင်း သုံးဆယ်နဲ့ လေးဆယ်ကြား ဆယ်နေရတယ်။ ဘိုကလေးကနေ မိုင် ၆၀ ဝေးတဲ့ ကဒုံကနကျေးရွာထိ မော်တော်နဲ့ ကယ်ဆယ်ရေးသွားတာ လမ်းမှာ အလောင်းတွေမြင်လို့ မကောင်းဘူး။ ဒီအလောင်းတွေကို ကုန်အောင်မြှုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”ဟု ကယ်ဆယ်ရေး ၀န်ထမ်းတဦးကရှင်းလင်းပြောပြသည်။

    ဘိုကလေးမြို့ပေါ်ရှိ ဘိုကလေးပညာရေးကောလိပ်၊ အထက ၁၊ အထက ၂၊ အလက ၁၊ အလက ၂ ကျောင်းများနှင့် ဘုန်းကြီးကျောင်း ၅၁ ကျောင်း တွင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကာ ဒုက္ခသည်များကို နေရာချထားပေးကြောင်း သိရသည်။ ယင်းစခန်းများတွင် နေရာချထားသည့် ဒုက္ခသည်စုစုပေါင်း ၇ သောင်း အထက်တွင်ရှိရာ ဒုက္ခသည်ဦးရေ များပြားလာသည့်အတွက် မအူပင်ခရိုင်တွင် ဒုက္ခသည်စခန်းများ တိုးချဲ့ ဖွင့်လှစ်၍ နှစ်ထပ်သဘောင်္များဖြင့် ဒုက္ခသည်များ နေ့စဉ် ထောင်ဂဏန်းနီးပါး လွှဲပြောင်းပေးနေရပြီး ကယ်ဆယ်ရေးအဖွဲ့များက နေ့စဉ်ကယ်ဆယ်ရရှိနေသည့် ဒုက္ခသည် ဦးရေမှာလည်း ထောင်ဂဏန်းကျော်တွင်ရှိနေကြောင်း တပ်မ ၆၆ ရဲဘော်တဦးက ဆိုသည်။

    ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ထားသည့် ဒုက္ခသည်များတွင်ဒဏ်ရာရရှိသူ အများအပြားရှိသည့်အတွက် အပြင်းအထန် ဒဏ်ရာရသည့် လူနာများမှအပ ကျန်လူနာများကို ဆေးရုံတွင် လက်မခံဘဲ နှင်လွှတ်နေရကာ ကြိမ်ချောင်းကြီး ကျေးရွာမှ ကယ်ဆယ်ရရှိသည့် ဒုက္ခသည်များတွင် ကာလ၀မ်းရောဂါဖြစ်ပွားမှုရှိ၍ သေဆုံးမှုများ ရှိနေကြောင်း ကယ်ဆယ်ရေး ကျန်းမာရေးအဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။

    “၀မ်းရောဂါစဖြစ်နေပြီ။ ရေသောက်စရာမရှိတော့ ရွာသားတွေက တွေ့ရာမြစ်ရေ၊ ချောင်းရေကိုပဲ သောက်ကြရာက ၀မ်း ရောဂါစဖြစ်တာပါ။ လူသေအလောင်းတွေနဲ့ ညစ်ညမ်းနေတဲ့ ရေမှန်းသိပေမယ့် ဒုက္ခသည်တွေမှာ ရွေးချယ်စရာအခွင့်အလမ်း မရှိတော့ မသန့်ရှင်းတဲ့ရေကို သောက်ရင်း ရောဂါဖြစ်တာပေါ့။ နောက်ဖြစ်လာမယ့် ၀မ်းရောဂါရှင်တွေအတွက် အခုကတည်း က ဆေးဝါးအဆင်သင့်ဆောင်ထားရမယ့် အချိန်ပဲ။ အခု ဆေးဝါးအခက်အခဲဖြစ်နေတယ်” ဟု ကယ်ဆယ်ရေးတွင်ပါဝင်သည့် ကျန်းမာရေး ၀န်ထမ်းတဦးက ဆိုသည်။

    ဘိုကလေးမြို့နယ် တိုက်နယ်ဆေးရုံတွင်လည်း မုန်တိုင်းဒဏ်ကြောင့် သားဖွားခန်း၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာခန်း စသည့် အရေးကြီးဆေးရုံနေရာ အတော်များများပျက်စီးသွားရပြီး လူနာများ ထားရှိရန် နေရာအခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

    ဘိုကလေးမြို့ပေါ်တွင်လည်း မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားရပြီး လျှပ်စစ်မီး၊ သောက်သုံးရေနှင့် ရိက္ခာပြတ်လပ်နေသည်။ ဆက်သွယ်ရေးအနေဖြင့် အရေးပေါ် တပ်ဆင်ထားသော အော်တိုတယ်လီဖုန်း နှစ်လုံး၊ အိုင်ပီ စတား ဂြိုလ်တုဆက်သွယ်ရေး သုံးလုံးသာရှိကြောင်း ဒေသခံများကဆိုသည်။

    “တပ်မ ၆၆ နဲ့တောင်ငူ အင်ဂျင်နီယာတပ်ရင်းက ကယ်ဆယ်ရေးအဖွဲ့တွေရောက်နေပြီ။ ဒါပေမယ့် ဒီနေ့ထိ စားနပ်ရိက္ခာ လုံလုံလောက်လောက် မပေးနိုင်သေးဘူး။ ဒုက္ခသည်တွေအတွက် အကူအညီတွေ အများကြီး လိုနေတယ်။ အကူအညီတွေ နောက်ကျလေ ဒုက္ခသည်တွေ အသက်ဆုံးရှုံးတာများလာလေပဲ။ နိုင်ငံတကာ အကူအညီတွေပေးတဲ့ ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့နည်းနည်းပဲတွေ့ရသေးတယ်” ဟု ဘိုကလေးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင် တဦးက ဆိုသည်။

    လက်ရှိ ဘိုကလေးမြို့ပေါ်ရှိ ရေမြုပ်ကျေးရွာများမှ ဒုက္ခသည်များကို နေ့စဉ် တနပ်စာအဖြစ် ကြက်ဥအရွယ်ခန့်ရှိ အာလူး သုံးလုံးနှင့် ဆန်နို့ဆီဘူး တလုံးထောက်ပံ့နေပြီး မြို့ပေါ်အိမ်များကိုမူ တအိမ်ထောင် ဆန်တပြည်နှုန်း ဝေငှပေးနေကြောင်း သိရသည်။

    “မြို့ခံရော၊ ကျေးရွာတွေကရော ဒုက္ခသည်တွေအားလုံးအတွက် ဆန်လုံလုံလောက်လောက် ပေးမယ်ဆိုရင် တနေ့ ဆန်အိတ် ၁၂၀၀ နဲ့ ၁၅၀၀ ကြားတော့ကုန်မယ်။ အခုကတော့ ရှိတဲ့ရိက္ခာ မျှပြီးဝေနေရတဲ့အခြေအနေပါ" ဟု တပ်မ ၆၆ ရဲဘော်က ရှင်းပြသည်။

    ဘိုကလေးမြို့နယ်ကဲ့သို့ပင် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရသော လပွတ္တာမြို့နယ်တွင်လည်း ရေမြုပ်ကျေးရွာ စုစုပေါင်း ၂၀၀ ကျော်မှ ဒုက္ခသည် တသိန်းနီးပါးကို ရိက္ခာ အလုံအလောက် ပေးဝေနိုင်ခြင်းမရှိသည့်အတွက် ဆန်ပြုတ် တိုက်နေရ ကြောင်း သိရသည်။ ယင်းဒုက္ခသည်များတွင်လည်း ဝမ်းရောဂါ ဖြစ်ပွားမှု တွေ့ရှိနေရရာ နေ့စဉ်မြောင်းမြသို့ သဘောင်္များဖြင့် လွှဲပြောင်းပေးနေရကြောင်း သိရှိရသည်။

    လူဦးရေ တသောင်းကျော် သေဆုံးခဲ့ရသော ဖျာပုံမြို့နယ်လက်အောက်ခံ ကျေးရွာ ၄၆ ရွာမှာလည်း ရွာလုံးကျွတ်အစအနပင် ရှာမရဘဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

    စစ်အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ ကြန့်ကြာနေပြီး နိုင်ငံတာကာ၏ အကူအညီရရှိမှု နှောင့်နှေးနေသဖြင့် ဒုက္ခသည် များ၏ အသက်များ မလိုလားအပ်ဘဲ ဆုံးရှုံးနိုင်ကြောင်း ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်သည်။

    “ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်မြန်ပေးကြဖို့ နိုင်ငံတကာကိုရော၊ အစိုးရကိုရော တိုက်တွန်းချင်ပါတယ်။ ဒီကိစ္စမျိုးက စစ်တပ်လို အမိန့်စောင့်နေရမယ့် ကိစ္စမျိုးမဟုတ်ဘူး။ တရက်နောက်ကျရင် ရာပေါင်းများစွာသော အသက်တွေ ဆင့်ကဲ ဆင့်ကဲ ဆုံးရှုံးသွားမှာပါ။ တပတ်ကြာလာတာတောင် ဘာအကူအညီမှ ထိထိရောက်ရောက် မပေးနိုင်သေးဘူး။ အကူအညီ မြန်မြန်ပေးစေချင်ပါတယ်” ဟု အဆိုပါသတင်းအယ်ဒီတာက ပြောသည်။