ကွမ်းခြံကုန်းဇာတိ အယ်ဒီတာလေး တယောက်က ကျမကို ပြောပြတာပါ။ သူတို့ရွာနာမည်က ကျွန်းချောင်းတဲ့။ လယ် တွေ၊ ယာတွေ သီးပင်စားပင်တွေနဲ့ တကယ့်ကိုစည်ပင်တဲ့ ရွာကြီးတရွာလို့ ဆိုပါတယ်။
“ကျနော်တို့ ရွာကတော့ လူ ၇၀၀ လောက်သေတယ်။ တချို့ တွေ အိမ်လုံးကျွတ်သေကြတာ။ လယ်ထဲ ရောက်နေတဲ့သူ တွေ ကတော့ အကုန်သေကြတာပဲ။ ရွာထဲကမှ အမြင့်လေး တက်လိုက် ဟိုဟာဒီဟာလေး တွယ်လိုက်နဲ့ လွတ်သေး တယ်” လို့ သူကပြောပြတယ်။
သူ့အိမ်မှာက သူ့အဘွားရယ်၊ အဒေါ်ရယ်၊ သူ့ ညီမလေးရယ်၊ ဦးလေးရယ်၊ ကလေးသုံးယောက် နဲ့ ဦးလေး ရဲ့မိန်းမရယ် စုနေကြတာလို့ပြောပြတယ်။ ဖြစ်တဲ့နေ့ကတော့ ရေတွေတဝေါဝေါ တက်လာတဲ့ အချိန် သူ့ဦးလေးက အိမ်မှာရှိတဲ့ လူကုန်ကို ဘေးက သစ်ပင်အကြီးကြီးရဲ့ ခွကြားပေါ် တင်ထားလိုက်လို့ အသက် ရှင်ခွင့်ရလိုက်ကြတယ်။
ဘေးအိမ်က လူတွေပါ အဲဒီသစ်ပင်ကြီးပေါ် လာတက်နေကြတယ်တဲ့။ ကံကောင်းစွာနဲ့ အဲဒီသစ်ပင်ကြီး တပင်ထဲ အမြစ်က လန်မလဲပဲ ကျန်နေခဲ့တာလို့ ပြောပြပါတယ်။ ကျမကို ပြောပြတော့ သူတော်တော်လေး တုန်လှုပ်နေတယ်။ ရေဘေးက လွတ်တယ် ဆိုပေမယ့် အဘွားအပါအဝင် အဲဒီတမိသားစုလုံး သစ်ပင်ပေါ်မှာ ၂ ရက်နေ့ ည ၁၀ နာရီကနေ နောက်တနေ့ မနက် ၁၁ နာရီလောက်အထိ နေလိုက်ရတာလေ။
“ကျနော့်အမေရဲ့ ဦးလေးရယ်၊ ကျနော့်အဒေါ်နဲ့ ကလေးတွေရယ် အားလုံးသေတယ်အစ်မ။ အဲဒီအဒေါ်ရဲ့ ယောက်ျား ဦးလေးက တခြားရွာရောက်နေတာ”လို့လည်း သူက ပြောပြပါတယ်။
အဲဒီဦးလေးက မိုင် ၃၀ လောက်ဝေးတဲ့ခရီးကို နောက်တနေ့ မုန်တိုင်းအစဲမှာ ခြေလျင်လျှောက်လာခဲ့ပြီး အိမ်လည်းရောက် ရော မိန်းမနဲ့ ကလေးတွေ သေပြီဆိုတာကြားလိုက်တာနဲ့ ရူးသလို ဖြစ်သွားခဲ့တယ်လို့ သူက ဆက်ပြောပြတယ်။
မသေဘဲကျန်ခဲ့တဲ့ သူတွေလည်း စိတ်ဒဏ်ရာ အကြီးအကျယ် ခံစားနေကြရတယ်လို့ သူကဆိုတယ်။ ကွမ်းခြံကုန်းမြို့နယ် အပိုင်းက ရွာပေါင်း ၃၀ ကျော် ၄၀ နီးပါးရှိတယ်။ အဲဒီရွာတွေအားလုံးမှာ သေဆုံးသူစာရင်း အတိအကျမသိရပေမယ့် ၆ ရက် နေ့ကနေ ၉ ရက်နေ့အတွင်း ယူနီဆက်ဖ်က မြေမြှုပ်လိုက်တဲ့အလောင်း ပေါင်း ၇၄၈ လောင်းရှိတယ်လို့ စာရင်းအရ သိရပါတယ်။
ကော့မှူးမြို့နယ်အပိုင် လက်ခုပ်ကုန်း ကျေးရွာမှာတော့ လူ ၆ ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်လို့ ကော့မှူး က ပြန်လာသူ တယောက်က ပြောပြတယ်။ ကွမ်းခြံကုန်း မြို့နယ်အပိုင်မှာတော့ အဆိုးဆုံးရွာတွေက လူဦးရေ သုံးပုံတပုံလောက်ပဲ အသက် ရှင်ကျန်ရစ်တယ်လို့ အယ်ဒီတာလေးက ပြောပြတယ်။
“ခုချိန်မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုလည်းဘာမှမရဘူးအစ်မရေ။ မကြာခင်မှာတော့ ဝမ်းရောဂါအတွက် စိုးရိမ်ရတယ်” လို့ သူက စိတ်ပျက်လက်ပျက် ပြောပြနေတယ်။
သူတို့ရွာမပြောနဲ့ ကွမ်းခြံကုန်း မြို့ပေါ်မှာတောင် သုသာန်တစပြင်လိုပဲတဲ့။ ကွမ်းခြံကုန်းဈေးထဲကိုလည်း ဖောက်ထားလိုက် တာ ရစရာမရှိဘူးလို့ပြောပြတယ်။ အလောင်းတွေလည်း မရှင်းနိုင်ကြသေးဘူး။ သူတို့ခြံထဲမှာတောင် လေးငါးလောင်း ပုပ်ပွနေတာတဲ့။
“ကျနော့်အိမ်ကတော့ကုန်ပြီ။ ကျနော့်ဦးလေး အိမ်က ရွာတန်းဘက်မှာရှိတော့ သူ့အိမ်က သစ်ပင်ပိ ကျိုးပဲ့ရုံပဲပေါ့။ ကျနော်တို့ အိမ်ကတော့ ကွင်းထဲမှာဆိုတော့ အကုန်လုံးကို ရေကဆွဲချသွားတော့ ပါသွားတာပဲ” လို့ သူက ပြောပြပါတယ်။
သူ့ဦးလေးအိမ်က အိမ်လုံးကြီးကကောင်းသေးတော့ မသေဘဲကျန်ခဲ့တဲ့ သူတို့ဆွေမျိုးတွေအတွက် ဒုက္ခသည် စခန်းပေါ့။ အဲဒီ အယ်ဒီတာလေးနဲ့ လက်လှမ်းမီသမျှ ရွာတွေ အားလုံးကတော့ ရွာလုံးကျွတ် ပျက်စီးတာပဲလို့ ဆိုတယ်။ တောင်ကုန်း၊ ဆိပ်ကြီး၊ မြတ်လေးရုံ စတဲ့ရွာကြီးတွေ၊ အရင်က အိုးစည် ဒိုးပတ်သံတွေညံလို့ အလှူပွဲတွေ ခြိမ့်ခြိမ့် သည်းခဲ့တဲ့ ရွာကြီးတွေ၊ စပါး ပေါ်ချိန်မှာ ဘုရားပွဲတွေ ကျင်းပလို့ တရွာနဲ့တရွာ ကူးလူး ဆက်ဆံ ပျော်ရွှင်ခဲ့ကြတဲ့ ရွာကြီးတွေ…။
“ဒုက္ခသည် စခန်းဆိုတာကလည်း ကွမ်းခြံကုန်းမြို့ပေါ်မှာပဲ ရှိတာ။ အဲဒါလည်း အစိုးရက ဖွင့်ပေးထားတာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းတွေက မနေနိုင်လို့ တင်ကျွေးထားရတာ” လို့ သူကရှင်းပြတယ်။
ရွာတွေမှာကတော့ ပထမ ဖြစ်ဖြစ်ချင်းရက်မှာ ဘုန်းကြီးကျောင်းမှာ သွားနေကြပေမယ့် နောက်ရက်ကျတော့ သူတို့အိမ်နေရာ လေးတွေ ပြန်ပြီး ရှိတာလေးနဲ့မိုးကာပြီး နေကြတာပဲလို့ ဆိုပါတယ်။ မျောလာတဲ့ သွပ်ကလေး တွေ ကောက်ယူပြီးမိုးကာနေ ကြတာပဲ။ သူတို့ရွာမှာကတော့ ကိုယ့်ခြံနဲ့ကိုယ် နေနေကြဆိုတော့အားလုံး ကိုယ့်ခြံ ထဲမှာပဲကိုယ် ဖြစ်သလို ပြန်နေကြတယ်။
“အလောင်းတွေကတော့ အများကြီးပဲ။ ကျနော့်ခြံထဲမှာကို လေးငါးလောင်း ပုပ်ပွနေတာကို ဘာမှလုပ်မရဘူး၊ ကျနော်တို့ အလုပ်သမားတွေ အကူအညီတောင်းပြီး တုတ်ရှည်တွေနဲ့ အပြင်ဘက်ထုတ်တာလောက်ပဲလုပ်လို့ ရ တယ်”လို့ ပြောပြတယ်။
သူပြောပြလို့ တိုးမြစ်ရိုးတလျှောက်မှာ အလောင်းတွေ ဒီအတိုင်းမျောနေတာ။ ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး။ ကမ်းလာကပ် လိုက်မနေနိုင်တဲ့ သူတယောက်ယောက်က တုတ်ရှည်နဲ့ထိုးလွှတ်လိုက်။ ချောင်းတွေ မြောင်းတွေ ရှိသမျှထဲလည်း အလောင်း တွေချည်းပဲ။ အဲဒီရေတွေက ဘယ်လိုမှမကောင်းနိုင်တော့ဘူးလို့ သိရတယ်။
တချိန်က သစ်ပင်ကြီးတွေနဲ့ အုပ်ဆိုင်းခဲ့တဲ့ ရွာကြီးတွေက ခု သစ်ပင်တွေမရှိတော့ဘူးဆိုတော့ တရွာနဲ့တရွာ ကွင်းထီးထီး ကြီး အကုန်မြင်နေရတော့တယ်။ မုန်တိုင်းပြီးသွားတော့ အခု အပူဒဏ်ကို အပြင်းအထန် ခံနေရပြီတဲ့။ သူတို့အိမ်ကတော့ တုံကင်လေးရှိနေသေးလို့ ရေရတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းက တွင်းရေလည်း ရတယ်လို့ သူကပြောတယ်။
“ကျနော်တို့ရွာပြောတာနော် အစ်မ။ တခြားရွာတွေတော့ ဘယ်လိုသောက်နေ သုံးနေတယ်မသိဘူး”လို့ လည်း ဆက်ပြောပြတယ်။
စပါးစိုက်တဲ့ ရွာတွေဆိုတော့ ရေစိုဆန်တွေကို နေပြန်လှမ်းပြီး စားလို့ရသေးတယ်တဲ့။ ဗိုလ်ချုပ်လွန်းသီက ကယ်ဆယ်ရေး ဆိုပြီး လာတယ်လို့ ကြားလိုက်တယ် လို့ သူကပြောတယ်။ ဒါပေမယ့် ဘယ်ကိုဘယ်လို လာ ကယ်ဆယ်သွားတယ်ဆိုတာ မသိဘူးတဲ့။ ရွာနီးချုပ်စပ်က စေတီမှန်သမျှလည်း အပိုင်းပိုင်းပြတ်ထွက်ကုန်တယ်လို့ သိရတယ်။
ကျမစိတ်ထဲမှာ နောက်ဆက်တွဲဖြစ်လာမယ့် အငတ်ဘေးပြဿနာနဲ့ ရောဂါဘယတွေ ဘယ်လိုလုပ်မှာပါလိမ့်လို့ တွေးမိတယ်။ ရန်ကုန်မှာလည်း အိမ်ခြေရာမဲ့တွေ နေပူမိ၊ မိုးမိပြီး ဖျားနာတာတွေ စနေပြီ။ ဆေးလည်း မရှိ။ စေတနာအလျှောက် ကူညီတဲ့ သူတွေရှိပေမယ့် ဆင့်ပါးစပ် နှမ်းပက်သလိုဖြစ်နေတာ။ အစိုးရက ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် သူတို့ရဲ့ ကြံ့ဖွံ့တွေ စွမ်းအား ရှင်တွေက ရိုးရိုးလှူတဲ့ အလှူရှင်တွေကို လိုက်ကန့်သတ်တာတွေ ဖြတ်စားတာတွေ လုပ်နေတာဆိုတဲ့ သတင်းတွေက တင်းကျမ်းပြည့်။
ကွမ်းခြံကုန်း မြို့ပေါ်မှာတော့ တအိမ်ထောင်စုကို မာမီး ခေါက်ဆွဲလေးတထုပ် လောက်တော့ရတယ် လို့ အယ်ဒီတာလေးက ပြောပြတယ်။ သူတခါက ရေးဖူးတဲ့ အိမ်ခြေလေး သုံး လေးဆယ်လောက်ပဲရှိတဲ့ ရွာကလေးက မိဘမဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းလေးအကြောင်း သတိတရ မေးကြည့်မိတော့ ဘာသတင်းမှ အစအနမရဘူးလို့ သူက ပြောတယ်။
“မပြောနိုင်ဘူး ရေတက်ရင်တော့ လွတ်မှာမဟုတ်ဘူး။ အဲဒီဘုန်းကြီးကျောင်းရှိတဲ့ ရွာက တကယ့် တောခေါင် ခေါင် အစ်မရဲ့။ ခုချိန်မှာ တောင်မင်းကို မြောက်မင်းက မကယ်နိုင်တဲ့အချိန်လေ” လို့ သူက စိတ်ဆင်းရဲစွာနဲ့ ပြောပြတယ်။ တချိန်ကတော့ အဲဒီဘုန်းတော်ကြီးကျောင်းက ကလေးငယ်လေးတွေ အတွက် သူကိုယ်တိုင် အလှူခံပေးခဲ့ရတာ။
အခုက တင်နေတဲ့ လူအလောင်း၊ တိရစ္ဆာန် အလောင်းတွေတောင် မရှင်းနိုင်ကြသေးတဲ့ အဖြစ်။ ကိုယ့်အိမ် ကိုရောက်လာတဲ့ အလောင်းကို ကိုယ့်အိမ်လွတ်အောင် တွန်းလွှတ်၊ နောက်တအိမ်ကလည်း သူ့အိမ်ရောက် လာတဲ့အလောင်းကို သူ့အိမ်နဲ့ လွတ်ရာ တွန်းလွှတ် အဲလိုပဲလုပ်နေရတယ်တဲ့။ ဘယ်သူမှလည်း မမြှုပ်နိုင်ဘူး၊ မီးရှို့ဖို့ဓာတ်ဆီကလည်းမရှိ။
“ကျွဲနွားတွေကတော့ ပြောမနေနဲ့။ မရေနိုင်ဘူး။ ကျွဲ၊ နွား၊ ခွေး၊ ကြောင်၊ ဝက် အိမ်မွေးတိရစ္ဆာန် အကုန်သေတာ၊ ခွေးတကောင် နှစ်ကောင်လောက်ပဲ ရှင်တယ်”လို့ သူ ပြောပြလို့ သိရပါတယ်။
“လူတွေက လေဘေးနဲ့မသေတာတောင် နောက်ဆက်တွဲ စိတ်ဝေဒနာခံစားရတာ၊ ရောဂါဘေးဒဏ်ခံစားရတာ၊ အငတ်ဘေး ပြဿနာခံစားရတာနဲ့ သေမှာပဲအစ်မရေ။ ကယ်မယ့် ကူမယ့်သူတွေအမြန်ဆုံး လာစေချင်ပြီ”လို့ လည်း သူက ညည်းညူ ပြောဆိုပါတယ်။
မျက်မှန်လေး တဝင်းဝင်းနဲ့ တက်တက်ကြွကြွ အလုပ်လုပ် နေတဲ့ အယ်ဒီတာလေးကို ကျမမျက်စိထဲ မြင်ယောင်လာတယ်။ သူ့ဒေသမှာ စာပေဟောပြောပွဲလုပ်ဖို့၊ သူ့ဒေသက မိဘမဲ့ ကလေးတွေအတွက် ကူညီဖို့၊ သူ့ဒေသ လေး ဖွံ့ဖြိုးတိုးတက်ဖို့ အမြဲ စိတ်အားထက်သန်နေတတ်တာ။
“ဆရာကြီး မင်းသုဝဏ်နဲ့ တဇာတိတည်း သားတွေဗျ” လို့ အမြဲဂုဏ်ယူနေတတ်ခဲ့တာ သတိရနေတယ်။ ခုတော့ အယ်ဒီတာ လေး စကားအရ ဆရာကြီးမင်းသုဝဏ်တို့ ဆရာမကြီးဒေါ်နုယဉ်တို့ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေက သုသာန် တစပြင်ကြီးလို …။ ။