http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Wednesday, May 7, 2008

    မုန်တိုင်း ကြိုတင်သတိပေးစနစ် မရှိသဖြင့် ထောင်ချီ သေဆုံးရဟု ကပ်ဘေးအန္တရာယ် ပါရဂူက ပြောဆို (From Mizzima)

    လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးခဲ့ရသော ဆိုင်ကလုံးမုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက် ဖျက်ဆီးခြင်း မပြုမီ ဘင်္ဂလား ပင်လယ်အော်တွင် စတင် ဖြစ်ပေါ်နေကတည်းက မြန်မာအစိုးရ သိရှိခဲ့ပြီး မုန်တိုင်းကြိုတင် သတိပေးစနစ် မရှိသောကြောင့် နာရီပိုင်းအလိုအထိ ကြိုတင် သတိပေးနိုင်ခဲ့ခြင်း မရှိဟု သိရသည်။

    အိန္ဒိယ မိုးလေဝသဌာနက မြန်မာအာဏာပိုင်များထံ ဧပြီလ ၂၆ ရက်နေ့ကတည်းက ဆိုင်ကလုံးသတင်း ကနဦး အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။ ယင်းမှာ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပေါ်ခြင်း မရှိမီ ၂ ရက်အလို၊ မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်း ဝင်ရောက် ဖျက်ဆီးခြင်း မပြုမီ တပတ်နီးပါး အလိုတွင် သတိပေးခဲ့ခြင်း ဖြစ်သည်။

    “ကျနော်တို့ ၃ နာရီခြားတခါ မြန်မာ အာဏာပိုင်တွေကို မုန်တိုင်း နောက်ဆုံးသတင်းတွေ ပို့ပေးနေပါတယ်။ ဧပြီလ ၃ဝ ရက်နေ့ကတော့ ဆိုင်ကလုံး မုန်တိုင်းရဲ့ လမ်းကြောင်း၊ လေတိုက်နှုံး၊ မုန်တိုင်း နောက်ဆုံး ရောက်ရှိနေတဲ့ နေရာ၊ ဘယ်နေရာတွေကို ဝင်ရောက် ဖျက်ဆီးနိုင်တယ် ဆိုတာတွေ အသေးစိတ် ပေးပို့ခဲ့ပါတယ်” ဟု အိန္ဒိယ မိုးလေဝသဌာန ညွှန်ကြားရေးမှူး ဘီပီယာဒပ်ဗ် (B.P. Yadav) က ပြောသည်။

    မြန်မာ့ မိုးလေဝသနှင့် ဇလဗေဒဌာနက မုန်တိုင်းအကြောင်း ယင်းတို့၏ ဝဘ်ဆိုဒ်တွင် ဧပြီလ ၂၇ ရက်နေ့က လွှင့်တင် သတိပေးခဲ့သော်လည်း လူထုအကြား ကျယ်ပြန့်စွာ ဖြန့်ချိနိုင်ခဲ့ခြင်း မရှိပါ။ ဆိုင်ကလုံးမုန်တိုင်း ဘင်္ဂလား ပင်လယ်အော်တွင် စတင် ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ဦးတည် ရွေ့လျားနေသည်ဟုသာ ဖော်ပြခဲ့သည်။ အစိုးရ မီဒီယာများက မေလ ၂ ရက်နေ့ သောကြာနေ့ မွန်းလွဲပိုင်းအထိ မုန်တိုင်း သတိပေးချက်များ ထုတ်ပြန် ကြေညာခြင်း မလုပ်ခဲ့ပါ။ ဆိုင်ကလုံး မုန်တိုင်းသည် သောကြာနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ စတင် ဝင်ရောက်ခဲ့ပြီး စနေနေ့ အစောပိုင်းတွင် ရန်ကုန်သို့ ဝင်ရောက်လာခဲ့သည်။

    အစိုးရ တီဗီ၊ ရေဒီယိုများသည် အစိုးရ ဝါဒဖြန့်ချိရေး သတင်းများသာ လွှင့်ထုတ်လေ့ ရှိခြင်းကြောင့် ရန်ကုန်မြို့ခံ အများအပြားက ထိုသတိပေး ကြေညာချက်ကို မကြားလိုက်ဘဲ လွတ်သွားကြသည်ဟု ဆိုသည်။

    “ကျနော့် သမီးတွေကတော့ ဒီကြေညာချက်အကြောင်း သိပေမယ့် ကျနော်က ဆိုင်ကလုံးအကြောင်း လုံးလုံး မသိလိုက်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကျနော်က တီဗီသတင်းလည်း စိတ်မဝင်စားဘူးဗျာ။ ရပ်ကွက်ထဲတော့ လူထုသိအောင် လိုက်ကြေညာတာ မရှိပါဘူး” ဟု သစ်ပင်လဲကျသဖြင့် နေအိမ် ပျက်စီးသွားသော ရန်ကုန်မြို့ခံ တဦးက ပြောသည်။

    အချိန်နှင့်တပြေးညီ မုန်တိုင်း သတိပေးချက်များ မထုတ်ပြန်နိုင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သား အသက်ပေါင်းများစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ မိုးလေဝသ ထိပ်တန်း ပါရဂူတဦးက ပြောဆိုသည်။

    မြန်မာအစိုးရ၏ တုံ့ပြန် ဆောင်ရွက်မှုသည် လုံလောက်မှု မရှိကြောင်း ထိုင်းနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးဌာန ဥက္ကဋ္ဌ ဒေါက်တာ စမစ်ဒါမာဆာရိုဂျာ (Dr. Smith Dharmasaroja) က ပြောသည်။

    “အစိုးရအနေနဲ့ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်ရမယ်။ မုန်တိုင်းဒဏ်ခံရမယ့် ဒေသက လူတွေကို ရွှေ့ပြောင်းပေးဖို့ မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ လူတွေ လွှတ်ရမယ်” ဟု ဒေါက်တာစမစ်က မဇ္ဈိမကို ပြောသည်။

    ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယ သမုဒ္ဒရာမှ ကြောက်မက်ဘွယ် လှိုင်းလုံးကြီးများ ထိုင်းနိုင်ငံ ကမ်းခြေသို့ ဝင်ရောက် ဖျက်ဆီးလိမ့်မည်ဟု အချိန်စောစီးစွာ ကတည်းကပင် ကြိုတင် သတိပေးခဲ့သောကြောင့် ဒေါက်တာစမစ်မှာ ထင်ရှားသူ တဦး ဖြစ်သည်။ သို့သော် သူ့ခန့်မှန်း သတိပေးချက်ကို လျစ်လျူရှုခဲ့ကြသည်။

    အစိုးရအနေနှင့် ကြေညာချက် ထုတ်ပြန်ရန် အရေးကြီးသလို အဆိုပါ သတိပေးချက်ကို ကောင်းမွန် ကျယ်ပြန့်စွာ ဖြန့်ချိရန်လည်း အရေးကြီးသည်ဟု ဒေါက်တာစမစ်က ဆိုသည်။ အာဏာပိုင်များ အနေနှင့် မုန်တိုင်း ကျရောက်မည်ဟု ခန့်မှန်းထားသော လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ လူများအား ရေလွတ်မည့် ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းပေးခြင်းများ အပါအဝင် ကြိုတင် ကာကွယ်မှု လုပ်ငန်းများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်းလည်း သူက ပြောဆိုသည်။

    ထိုင်းနိုင်ငံတွင် အပူပိုင်းဒေသ မုန်တိုင်းများနှင့် ဆိုင်ကလုံးမုန်တိုင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များအတွက် ကြိုတင် သတိပေးစနစ်များ ဖန်တီး တည်ဆောက်ထားကြောင်း၊ ဂြိုဟ်တုမှ ရရှိသော အချက်အလက်များကို စုစည်းတွက်ချက်ပြီး မီဒီယာမျိုးစုံဖြင့် သဘာဝ ဘေးအန္တရာယ် သတင်းများကို ဖြန့်ချိပေးကြောင်း သူက ပြောသည်။ မိုဘိုင်းဖုန်းများသို့ စာတိုပို့ စနစ်ဖြင့် ဆက်သွယ် ပေးပို့ခြင်းများ၊ ကမ်းရိုးတန်း ဒေသများတွင် သတိပေး တာဝါတိုင်များ ထားရှိပြီး ကြိုတင် သတိပေးလုပ်ငန်းများ ပြုလုပ်ကြောင်း သူက ပြောသည်။

    သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ဘေးအန္တရာယ် ကျရောက်သော ဒေသများသို့ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခြင်း၊ ဒေသခံပြည်သူများကို လုံခြုံ စိတ်ချရသော နေရာများသို့ ရွှေ့ပြောင်းပေးခြင်း၊ ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ ကင်းလွတ်စေရန် ခိုအောင်းမည့် နေရာများ တည်ဆောက်ထားခြင်းတို့ ပါဝင်သည်။

    “မြန်မာအစိုးရမှာ ဆိုင်ကလုံး ချဉ်းကပ် ဝင်ရောက်လာတာကို သိနိုင်တဲ့ ကမ်းခြေ ရေဒါတွေ ကောင်းကောင်း မရှိဘူးလို့ ကျနော်တော့ ယုံတယ်။ ဒါကြောင့် အချိန်မီ ပြင်ဆင်မှု လုပ်ငန်းတွေ မလုပ်နိုင်တာပေါ့” ဟု ဒေါက်တာစမစ်က ဆက်ပြောသည်။

    ဘန်ကောက်ရှိ အာရှ သဘာဝ ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးဌာန (ADPC) ကလည်း နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်မည်ကို မြန်မာ အာဏာပိုင်များထံ အကြောင်းစာ ပေးပို့ သတိပေးခဲ့သေးသည်ဟု ဆိုသည်။ ADPC သည် ဒေသတွင်းရှိ နိုင်ငံများနှင့် နှစ်ပေါင်း ၂ဝ ကျော် လက်တွဲ အလုပ်လုပ်လာခဲ့ပြီး ဆိုင်ကလုံး ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကူအညီ ပေးခဲ့သည်။

    ထိုအတောအတွင်း အမေရိကန် သမတကတော် လော်ရာဘုရှ်ကလည်း မုန်တိုင်း ကြိုတင် သတိပေးချက်များ ထုတ်ပြန်ခြင်း မပြုခဲ့သည့်အတွက် မြန်မာ စစ်အစိုးရကို ပြစ်တင် ပြောဆိုလိုက်သည်။

    “မုန်တိုင်း ခြိမ်းခြောက်မှု အန္တရာယ်ကို သိပေမယ့် မုန်တိုင်းဝင်ရောက်ရာ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူတွေကို အချိန်မီ သတိပေးချက်တွေ အစိုးရမီဒီယာတွေက ထုတ်ပြန် ကြေညာတာ လုပ်မပေးနိုင်ခဲ့ဘူး” ဟု ဝါရှင်တန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

    ဆိုင်ကလုံး မုန်တိုင်း ဖြစ်ပေါ်ရန် အနည်းဆုံး အချိန် ၂ ရက်ခန့် ကြာတတ်ပြီး မုန်တိုင်း ဖြစ်ပေါ်သည်ကို ကြိုတင်သိရှိပြီး ကြိုတင် သတိပေးချက်များ အချိန်မီ ဖြန့်ဝေပေးနိုင်ပါက အသက်ပေါင်းများစွာ ကယ်နိုင်ပြီး ပျက်စီးမှု ပမာဏကိုလည်း လျှော့ချနိုင်ကြောင်းဖြင့် အိန္ဒိယ မိုးလေဝသ အသင်းကြီး၏ အတွင်းရေးမှူးဟောင်း ဒေါက်တာ အာကီလက်ရှ်ဂုပ်တား (Dr. Akilesh Gup) က ပြောသည်။

    “နာဂစ် ဆိုင်ကလုံး မုန်တိုင်းက ပထမ တောင်တရုတ် ပင်လယ်မှာ စဖြစ်တာ။ ဘင်္ဂလား ပင်လယ်အော်မှာ စုစည်းဖြစ်ပေါ် မလာခင်ကတည်းက ကျနော်တို့ တွေ့ခဲ့တာ။ မြန်မာ အာဏာပိုင်တွေကိုလည်း အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်” ဟု မစ္စတာ ဂုပ်တားက ပြောဆိုသည်။