သူတို့ကား ဖြတ်သန်းသွားသည့် လမ်းဘေးဝဲယာတွင် လူ လေးငါးခြောက်ယောက် အုပ်စု တစုပြီးတစု အော်ဟစ်တောင်းရမ်း နေကြသည်။
“စားစရာပါရင် ချပေးခဲ့ပါဗျာ..။ ဘာမှမစားရသေးလို့ပါ” ဟူသော ထိုသူများ၏အသံက သူတို့အားလုံး၏ရင်ထဲ ထိုးဖောက်ဝင် ရောက်လာသည်။ သူတို့လည်း ဘာမှမတတ်နိုင်။ သူတို့ကားပေါ်မှာက ထိုသူများအတွက် ပစ်ချပေးစရာ စားစရာဘာမှမပါ လာခဲ့။ ပါလာသည့် ကားနောက်ခန်းမှ ဆန်အိတ်များကို ပစ်ချခဲ့လို့လည်း ဘယ်လိုမှမဖြစ်နိုင်။ သူတို့ ခရီးဆုံးသို့ ရောက်အောင် သွားရဦးမည်။
သူတို့က နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့်ခဲ့သော ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် အပိုင် ရွာကလေးတရွာသို့ သွားနေကြခြင်းဖြစ်သည်။ တနိုင်တပိုင် အလှူရှင်များထံမှ ကောက်ခံရသမျှကို သူကဦးဆောင်၍ အလှူရှင်တဦး၏ကား အကူအညီဖြင့် ဆန်အိတ်များ သွားရောက်လှူဒါန်းမှာ ဖြစ်သည်။
သူဆိုတာက ရန်ကုန်မြို့နေ စေတနာရှင်တဦးဖြစ်သည်။ အခြေအနေအရ နာမည် မဖော်ပါနှင့်ဟု ပြောသည်။ နီးစပ်ရာ သူငယ်ချင်းများစု၍ သူတို့ကို ယုံကြည်သည့် စေတနာရှင်များထံမှ ရသလောက်ကောက်ခံကာ တတ်နိုင်သလောက် မုန်တိုင်း နောက်ဆက်တွဲ အငတ်ဘေး ကြုံတွေ့နေရသည့် ဒုက္ခသည်များထံ စားစရာနှင့် ဆေးဝါးများ သွားရောက် လှူဒါန်းနေကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် စေတနာရှင် အစုအဝေးကလေးများ တခုပြီးတခု ပေါ်ပေါက်လာသည်။ နိုင်ငံတကာအကူအညီကို ထိရောက်စွာ လက်မခံသော အစိုးရကို မကျေနပ်စိတ်က တဖက် ဒုက္ခသည်များကို မကြည့်ရက်သည်က တဖက်နှင့် တတ်နိုင် သလောက် ပံ့ပိုးကူညီ နေကြခြင်း ဖြစ်ကြောင်း ကျမကို သူကပြောပြသည်။
“ကွမ်းခြံကုန်းမှာ နိုင်ငံခြားက လာတဲ့ ရွက်ဖျင်တဲလေးနည်းနည်း ဟန်ပြထိုးပြထားတာပဲ ရှိတယ်။ တကယ် လိုအပ်နေတာ တွေ အများကြီးပဲ။ အကူအညီဆိုတာကလည်း မြို့ပေါ်မှာပဲ ရတာ။ တကယ့်ရွာတွေကို လုံးဝမရောက်ဘူး” ဟု သူက ဆက်ပြောသည်။
မုန်တိုင်းဒဏ်ခံရသည့် ဒေသတော်တော်များများတွင် အလှူရှင်များကို နှောင့်ယှက်မှုများ ရှိနေသည်။ တချို့ဒေသတွေကျ တော့ လာရောက်လှူဒါန်းသည့် ပစ္စည်းများကို ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်သူများ သို့မဟုတ် ၎င်းဒေသရှိ ကြံ့ဖွံ့များက သိမ်းကာ သူတို့က ဦးဆောင်၍ လှူဒါန်း သယောင် လုပ်သည်။ ၎င်းတို့က ဦးဆောင်ရုံဦးဆောင်သည်က ပြဿနာမရှိ။ တကယ်လိုအပ်နေသူတို့ထံ ထိထိရောက်ရောက် မရောက်ဘဲ ကြားမှ ဖြတ်စားကြသောကြောင့် လှူဒါန်းသူများ စိတ်အနှောင့် အယှက်ဖြစ်ကြရသည်ဟု စေတနာရှင် တဦးကပြောပြသည်။
မြန်မာသတင်း ဂျာနယ်တချို့မှ တဆင့်လည်း လှူဒါန်းလိုသူများထံမှ ပစ္စည်းများ ငွေကြေးများ ကောက်ခံပေးကာ တာဝန် ယူ၍ သွားရောက်လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။
“တကယ်ကိုလိုအပ်ပြီး မရသေးတဲ့သူတွေအများကြီးပဲ ကွမ်းခြံကုန်းကနေ သုံးလေးနာရီ သွားရတဲ့ ရွာတရွာမှာဆို ရောဂါ တွေဖြစ်နေကြတယ်။ ဆေးလည်းမရှိဘူး အိမ်တော်တော် များများ ဝမ်းသွားနေကြတာ တွေ့ခဲ့ရတယ်” ဟု ဂျာနယ် အယ်ဒီတာတဦးက ပြောပြသည်။ သူက ရုံးပိတ်ရက်တရက်မှာ အလှူရှင်တချို့၏ ပစ္စည်းများကို ကိုယ်တိုင် သွားပေးခဲ့သူ ဖြစ်သည်။
လူတွေက အမှန်တကယ် ဒုက္ခရောက်နေချိန်တွင် အစိုးရက ခပ်အေးအေးပင်။ သူတို့ လုပ်ပေးနေသည်ကို ပေါ်လွင်ရန် မှတ်တမ်းဓာတ်ပုံများ အရိုက်ခံ၊ ဗီဒီယို အရိုက်ခံရေးသာ ကြိုးစားနေသည်။ နိုင်ငံခြားက အကူအညီပေးထားသော ရွက်ဖျင်တဲ လေးငါးခြောက်လုံးကို ထိုးကာ ဒုက္ခသည်များနှင့်တွဲ၍ တန်းစီဓာတ်ပုံအရိုက်ခံနေသည်ကို နိုင်ငံခြား သတင်းဌာန များက လွှင့်သည့် ရုပ်မြင်သံကြား ဖန်သားပြင်တွင် မမြင်ချင် အဆုံးပင်။
“ကွမ်းခြံကုန်းမြို့ပေါ်မှာပဲ ရွက်ဖျင်တဲ လေးငါးလုံး အလှထိုးပြထားတာပဲ တွေ့ရတယ်။ တကယ်က အမိုးအကာမရှိဘဲ ဒုက္ခရောက်နေတဲ့သူတွေ အများကြီးပဲ” ဟု ကိုယ်တိုင် မြင်တွေ့ခဲ့သူတဦးက ပြောသည်။
လက်ခုပ်ကုန်း အောက်ဘက်တွင်လည်း မုန်တိုင်းဒဏ်ဆိုးရွားစွာ ခံခဲ့ရသော ရွာများရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသဖြင့် မည်သည့် အကူအညီ အထောက်အပံ့မှ မသွား နိုင်ကြောင်း လက်ခုပ်ကုန်းသို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောပြသည်။
လက်ခုပ်ကုန်းမှ တဆင့် ချောင်းကိုကျော်၍ သွားရသော တော်ဖူးကြီး၊ တော်ဖူးလေး၊ အလယ်ရွာ၊ ကြခတ်ကုန်းကြီး၊ ကြခတ်ကုန်းလေး၊ ဝက်ကိုက် စသည့် ရွာမှာမှာ ရန်ကုန်တိုင်း အတွင်း ပါဝင်သော်လည်း သွားလာရန် အလွန်ခက်ခဲသည်။ ချောင်းကူးရန် မော်တော်ငှားခချည်း ကျပ် ၃၀၀၀၀ ကျော်ပေးရသည်။ ချောင်းထဲမျောနေသည့် အလောင်းများကို တွန်းဖယ်သွားရသဖြင့် ခရီးမတွင် ဟု ထိုသူကပြောသည်။
“အဲဒီရွာတွေဘက်က တယောက်စ နှစ်ယောက်စ လက်ခုပ်ကုန်းကို တက်လာတဲ့ လူတွေရှိတယ်။ သူတို့ပြောပြတာ။ လောလောဆယ်တော့ အဲဒီရွာခံထဲက ချမ်းသာတဲ့ သူတယောက် နှစ်ယောက်ကပဲ ဆန်လေး၊ ငါးပိလေး ပံ့ပိုးထားတာရှိတယ်” ဟု ဆက်ပြောသည်။
ဒါလည်း အဲဒီဘက်က လူများ ရောက်လာသဖြင့် သိရခြင်းဖြစ်သည်။ ဘယ်လိုမှ အဆက်အသွယ်မရသော ဒေသများ ရှိနေနိုင်သေးသည်။ ကွမ်းခြံကုန်းအထိ သွားရသည့် ခရီးပင် လမ်းကအလွန်ဆိုးလွန်းနေပြီ။ ကျောက်ကြမ်းများပြည့်နှက်နေ သဖြင့် တော်ရုံ ကားဖြင့် သွားရန်မလွယ်။ သူတို့အဖွဲ့ပင် စေတနာရှင်တဦး ကူညီသော ဖိုးဝှီးဒရိုက်ဖ် ကားကြောင့် အဆင် ပြေခြင်းဖြစ်သည်တဲ့။ အစစ်အဆေး ဂိတ်များကိုလည်း ဖြတ်ကျော် ရသည်။ အထူးသဖြင့် ထိုဂိတ်များက ကားများပေါ်တွင် နိုင်ငံခြားသား ပါမပါကို အဓိကထား စစ်ဆေးသည်ဟု ဆိုသည်။
ရန်ကုန်မြို့နှင့်ဝေးကွာသော အရပ်များတွင် မဆိုထားနှင့် ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များနှင့် ရန်ကုန်အနီးဝန်းကျင်တွင်ပင် ကူညီထောက်ပံ့မှုများ အပြည့်အဝမရ။ လုံးဝမရသည့် ဒေသ များပင်ရှိနေသည်။ ဖြတ်စားမှုများ တွေ့နေရသည်ဟု မြို့ခံ များက ပြောသည်။ ဈေးများတွင် လည်း ပြည်ပမှ လှူဒါန်းထားသည့် စွမ်းအင်မြင့်ဘီစကစ်များနှင့် ထိုင်းခေါက်ဆွဲခြောက်များ ကို ရောင်းချနေကြောင်း ကြားသိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ညောင်ပင်လေးဈေးကို ထိုင်းတံဆိပ်တပ် ခေါက်ဆွဲ ခြောက်များတင်ဆောင်ထားသည့် စစ်ကားတစီး ထိုးဆိုက်ကာ ဆိုင်များသို့ သွင်းခဲ့သည်ဟု ၎င်း ဈေးနှင့် နီးစပ်သည့် အသိုင်း အဝန်းမှ ပြောပြသည်။ ဈေးသည်များက ထိုခေါက်ဆွဲ ခြောက်များကို မဝယ်သဖြင့် ကားပြန်ထွက်သွားရသည်ဟု ဆို၏။
“မင်္ဂလာဒုံဈေးထဲမှာ လှူထားတဲ့ အင်နာဂျီဘီစကစ်တွေ ရောင်းနေတာတွေ့ရတယ်။ ဘေထုပ်တန်းမှာလည်း အဝတ်တွေ အများကြီးဝင်လာတာတွေ့တယ်” ဟု သတင်း ထောက်တဦးက ဧရာဝတီသို့ ပြောပြသည်။ သေချာသည်က လှူဒါန်းထား သည့် ပြည်ပမှ ပစ္စည်းများကို ကြားမှဖြတ်ယူပြီး ဈေးကွက်သို့ သွင်းနေခြင်း ဖြစ်သည်။
“ရန်ကုန်မှာ နာဂစ်ဈေး၊ မုန်တိုင်းဘီစကစ်၊ ဆိုင်ကလုံးခေါက်ဆွဲခြောက် ဆိုပြီး လူတွေက နောက်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြို့စွန်ရပ်ကွက်များတွင် NGO တခုခုမှ လာရောက်လှူဒါန်းမည်ဟု သတင်းပို့လိုက်ပါက ရဝတ များ၊ ကြံ့ဖွံ့များက ၎င်းတို့ လူများကိုစုစည်းက ဒုက္ခသည်ဟန်ဆောင်၍ ပစ္စည်းများ ယူဆောင်သွားကြသည်ဟု ဒေသခံများကပြောပြသည်။
မအူပင်သို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သူ တဦးကလည်း သူ့အတွေ့အကြုံကို ပြောပြ၏။ “PMG သောက်ရေသန့်က သောက်ရေ ကားတစီးတိုက် လာလှူတာကို ကြံ့ဖွံ့ ခေါင်းဆောင် မြင့်ဦးဆိုတဲ့သူက တိုင်းမှူးလာရင် ပြဖို့ဆိုပြီး သိမ်းသွားတယ်” ဟု သူကပြောပြသည်။
ဒိုက်ဦးမှ အလှူရှင်တစုကလည်း မအူပင်သို့ ၈ ဘီးကားတစီးစာ ရေနှင့် ဆန်များ သွားရောက်လှူဒါန်းခဲ့ရာ ဗောဓိ ရပ်ကွက်မှ ရဝတ လူကြီး ဦးမျိုးဝင်း ဆိုသူက မလိုအပ်ဟု ပြောကာ လက်မခံသဖြင့် မပေးခဲ့ရဟု ဆိုသည်။
စေတနာအလျောက် လှူဒါန်းနေသည့် ပုဂ္ဂလိက အလှူရှင်များမှာ များစွာအခက်အခဲ ရှိသည်။ နေရာတိုင်းတွင် ကြံ့ဖွံ့များ၊ ရဝတများက တနည်းမဟုတ်တနည်း နှောင့်ယှက် နေသည်။ တချို့ဆိုလျင် ဖြတ်စားခြင်းမရှိသော ဒေသများကို စုံစမ်း၍ မသိမသာ သွားလှူနေရသည်တဲ့။
နိုင်ငံတကာကလည်း ဒုက္ခသည်များကို ပေးချင်လှပြီ။ ကူညီချင်ကြပြီ။ သို့သော် ဒုက္ခသည်များကို တိုက်ရိုက်ထိတွေ့ခွင့်မရ။ နိုင်ငံခြားသားများကို အထူး တင်းကျပ် ထားသည်။ နိုင်ငံတကာက မပါဝင်မကူညီဘဲနှင့် ပြဿနာများ မပြေလည်နိုင်။ ပေးလိုသူက ပေးချင်သော်လည်း ခေါင်းမာသော စစ်အစိုးရက တင်းခံနေသည်။
ဝင်သလောက် ကျပြန်တော့လည်း တကယ့်ဒုက္ခသည်များထံမရောက်။ ပုဂ္ဂလိက အလှူရှင်တွေ ကျပြန်တော့ ရဝတ၊ ကြံ့ဖွံ့များကို ကြောက်နေရသည်။ တကယ်က ပြည်ပမှ အလုံးအရင်းနှင့် လူအား ပစ္စည်းအား ကူမှရမည်။ အဲဒီလိုဖြစ်ဖို့ကိုပဲ လူတွေမျှော်လင့် နေကြသည်။ နောက်ဆက်တွဲ ရောဂါတွေ၊ မွဲတေမှုတွေကို စစ်အစိုးရ မဖြေရှင်းနိုင်။
“မြို့ထဲမှာ တောင်းစားတဲ့သူတွေမှ အများကြီးပဲ။ လက်ဖက်ရည်ဆိုင်တွေမှာ လာလာ တောင်းကြတာ။ ဘယ်သူမှ မရှက် နိုင်ကြတော့ဘူး။ ငတ်နေကြပြီဟာ” ဆိုသည့် သူငယ်ချင်း တယောက်၏ အသံက ကျမနားထဲမှာ ပဲ့တင်ထပ်နေသည်။ သူ့အသံက ဆို့နင့် ကြေကွဲနေသည်။ ကျမဇာတိ သန်လျင်မြို့လေးမှာ တောင်းစားသူတွေ ပြည့်နေသည်တဲ့။
ကျမတို့ မြန်မာနိုင်ငံကြီးမှာ ငတ်လွန်းလို့ တောင်းနေသူတွေ တဖြည်းဖြည်း များလာပြီ။ အခု ငတ်နေတာက အစာရေစာ ဖြစ်သည်။ တကယ်က ကျမတို့ မြန်မာနိုင်ငံသားတွေ အရင်ကတည်းက ကာလကြာရှည် ငတ်ခဲ့ ကြတာ။ လူသားချင်း စာနာထောက်ထားမှု၊ မေတ္တာတရား၊ ကြင်နာမှု…ထိုအရာတွေကို စစ်အစိုးရ လက်ထက် တလျှောက်လုံး မြန်မာပြည်သူတွေ ငတ်ခဲ့ ကြရပါသည် … ။