http://www.meebo.com/rooms

Padauk Myay

    ReliefWeb: Updates by Country

    Welcome to the Mizzima News - Burmese Version

    Error loading feed.

    VOA News: Burma

    Error loading feed.

    VOA News: Disasters and Accidents

    Error loading feed.

    NYI LYNN SECK 18+ DEN

    Error loading feed.

    နေနတ်နွယ်

    Error loading feed.

    Promoting Humanity

    Error loading feed.

    Saturday, May 17, 2008

    Cyclone Nightmare

    ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသောဒေသများတွင် ညဥ့်နက်သန်းခေါင်အချိန်၌ လယ်ကွင်းများထဲမှ အသံများကို ကျေးရွာသားများ ကြားကြရသည်ဟု ဆိုသည်။

    "ကယ်တော်မူကြပါ၊ ကျနော်တို့ကို ကယ်တော်မူကြပါ" ဟု ထိုအသံများက အော်နေကြသည်ဟု ဆိုသည်။ ကျေးရွာသားများက လက်နှိပ်ဓါတ်မီးများသုံးပြီး လယ်ကွင်းများထဲသို့ ထွက်ရှာသော်လည်း ဘာမျှမတွေ့ကြရဟုလည်း ဆိုသည်။

    "ဒါသေသွားတဲ့လူတွေ တစ္ဆေဖြစ်ပြီး ခြောက်နေတာဘဲလို့ ကျနော်တော့ ယုံတယ်။ သူတို့က မုန်တိုင်းထဲမှာသေတာ ရိုးရိုးတန်းတန်း သေတာမှ မဟုတ်တာ" ဟု မေ ၂ ရက်နှင့် ၃ ရက်နေ့များက နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်၊ ပိန္နဲကုန်းကျေးရွာသား တဦးက ပြောပါသည်။

    ဤသို့ မတော်တဆအန္တရာယ်များနှင့် တွေ့ကြုံပြီး သေဆုံးသွားခဲ့ရသူများသည် မကျွတ်မလွတ်ဘဲ သူတို့ချစ်ခင်နှစ်သက်သူတို့ အနားတွင်သာ တဝဲလည်လည် ဆက်လက်နေထိုင်နေကြသည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြသည်။

    "ဆိုင်ကလုံးမုန်တိုင်းထဲ သေသွားတဲ့ သူတို့မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ သူတို့အနားမှာဘဲ ထိုင်နေတာကို တွေ့ရတယ်လို့ အဲဒီလူတွေပြောတာ ကျနော်ကြားခဲ့တယ်" ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်သို့ သွားရောက်ခဲ့သည့် လူမှုရေးလုပ်သားတဦးက ဆိုပါသည်။

    "ဝိဥာဉ်တွေဟာ ဘယ်မှမသွားဘဲ အသက်ရှင်နေသလိုဘဲ သူတို့ကလေးတွေအနားမှာဘဲ နေနေတယ်"။

    အသက်ဘေးမှ လွတ်မြောက်ခဲ့သူ အများအပြားသည် မိဘများ၊ ကလေးများ၊ ဥစ္စာပစ္စည်းများ သူတို့မျက်စိအောက်မှာပင် ဆုံးရှုံးသွားခဲ့ရသဖြင့် တုန်လှုပ် ခြောက်ခြားနေကြသည်ဟု ဆိုသည်။

    "ဒီဆိုင်ကလုံးမုန်တိုင်းက အသက်မသေကျန်ခဲ့သူတွေဟာ စိတ်ဓါတ်အရ တော်တော်ထိခိုက် ခြောက်ခြားပြီးကျန်နေခဲ့တယ်လို့ ကျနော်ထင်တယ်။ သူတို့ကအသံတွေ၊ ပုံတွေ၊ အရာဝတ္ထုတွေကို မြင်နေကြားနေရတာလို့ ကျနော်ထင်တယ်။ သူတို့ကိုနေ့ခင်းမှာ ကြည့်ရင်ပုံမှန်ဘဲ။ ညရောက်မှ သူတို့ချစ်ခင်စုံမက်ရသူတွေရဲ့ အသံတွေကြားရ၊ အရုပ်တွေမြင်ရတော့တာ" ဟု မြစ်ဝကျွန်းပေါ်ဒေသရှိ ဆိုင်ကလုံးဒုက္ခသည်များကို စေတနာ့ဝန်ထမ်း အကူအညီပေးနေသည့် ရန်ကုန်မြို့မှ သမားတော်ကြီးက ပြောပါသည်။
    "ဒီတော့ သူတို့က ဝိဥာဉ်တွေ၊ တစ္ဆေတွေလို့ ထင်ကြတော့တာပေါ့" ဟု အဆိုပါဆရာဝန်ကြီးက ပြောသွားပါသည်။

    ထိုသို့ အသက်ရှင်လွတ်မြောက်လာသူများ မိမိတို့ကျေးရွာများမှ မြို့ပေါ်သို့ အစားအစာနှင့်ရေရရေးအတွက် ထွက်ပြေးလာရချိန်တွင် အလောင်းအများအပြား ရေထဲတွင် မျောလျက်ပင် ရှိသည်။

    တစ္ဆေများသည် သူတို့ကို ခြောက်ရုံသာခြောက်၍ ဒုက္ခမပေးနိုင်ဟု မြန်မာများက ယုံကြည်ကြသည်။

    သူတို့ပြောနေသော တစ္ဆေပုံပြင်တပုဒ်က ဤသို့ဆိုသည်။ သူ့မိသားစုမကြည့်ရသေးဘဲ သူ့အလောင်းကို ယူသွားရကောင်းလားဟု ဆိုကာ မိန်းမတဦးက သူ့ကိုပါးရိုက်ခဲ့သည်ဟု စစ်သားတဦးက အိပ်မက်မက်သည်။ သူ့မိသားစုက သူသေသည်ကိုအတည်မပြုနိုင်ခင် လူအများရှေ့တွင် ကိုယ်လုံးတီးအဝတ်မဲ့ သယ်သွားသည်ဟုလည်း အဆိုပါအမျိုးသမီးက ထိုစစ်သားကိုပြောသေးသည်ဟု ဆိုသည်။
    “အပြင်မှာ လေတွေ တိုက်နေသမျှ၊ ကောင်းကင်ကြီး တခုလုံး မှောင်မဲနေသမျှ၊ အမေ့ကို အပြင်ကို မထွက်ခိုင်းပါနဲ့ သားတို့ရယ်” ဟု မျက်ရည်များ စိုရွှဲနေသော ဒေါ်ဖွားစိန်က အကူအညီပေးရေး လုပ်သားများကို အသံတိမ်တိမ် အက်ကွဲနေသော အသံဖြင့် ပြောသည်။

    သူမသည် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအတွက် ထားသည့် ဘုန်းကြီးကျောင်း တဖြစ်လဲ ကယ်ဆယ်ရေး ဂေဟာ၌ နေထိုင်နေသူ ဖြစ်သည်။

    အိမ်နီးချင်းတဦး၏ ကောင်းမှုကြောင့် ၇ ပေ မြင့်သည့် ဒီရေလှိုင်းဒဏ်မှ သီသီကလေး လွတ်မြောက်လာခဲ့သည့် ဒေါ်ဖွားစိန်သည် ယခု သူမနေသည့် ကွမ်းခြံကုန်း ဘုန်းကြီးကျောင်း အနားရှိ ရေကန်သို့ သွားရန်ပင် ကြောက်နေရှာသည်။ ကွမ်းခြံကုန်းသည် ရန်ကုန်မြို့မှ ၃၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။
    သူတို့ ကောင်းကောင်း အိပ်မရကြောင်း အသက်မသေ လွတ်မြောက်ခဲ့သူ အများအပြားက မဇ္ဈိမကို ပြောပြပါသည်။ ကလေးများဆိုလျှင် ညဘက်များ၌ ယောင်ယမ်း အော်လေ့ ရှိသည်ဟု ဆိုသည်။

    “အဲဒီလို ဖြစ်နေတော့ နောက်နေ့မနက်ဆို ဒီကလေးတွေ ပန်းပြီး ယဲ့ယဲ့ပဲ ကျန်တော့တာပေါ့။ အဲဒီလို ပင်ပန်းပြီး အားနည်းလေ၊ သူတို့ အားနည်းလေ ဖြစ်တာပေါ့” ဟု မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသတခုဖြစ်သည့် ဘိုကလေးမြို့မှ ဆရာဝန်တဦးက ဆိုပါသည်။ “အဲဒီတော့ ဒီကလေးတွေမှာ ကာလ ဝမ်းရောဂါလို၊ ဝမ်းလျှောဝမ်းပျက် ရောဂါလို ကပ်ရောဂါတွေ ဖြစ်ဘို့ ပိုများတာပေါ့”။

    ကွမ်းခြံကုန်းမြို့သို့ ဆန်နှင့် အဝတ်အစားများ လှူဒါန်းရန် သွားရောက်ခဲ့သည့် ရန်ကုန်သားတဦးက သူထိုမြို့တွင် လမ်းပေါ်၌ ထူးခြားစွာ သွားလာ လှုပ်ရှားနေကြသည့် မုန်တိုင်းဘေးမှ လွတ်မြောက်ခဲ့သူများကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

    ခန္ဓာကိုယ်ပေါ်တွင် နနွင်းများ လိမ်းကြံထား၍ မီးတွင်းမှ ထွက်ခါစ အမျိုးသမီးတဦးသည် သူ့သား ၂ ဦး၏ အမည်များကို အော်ဟစ် ခေါ်နေသည်ကို တွေ့ခဲ့ရသည်။

    အလားတူပင် “ရေတွေ လာနေပြီ” ဟု အော်ရင်း လမ်းပေါ်တွင် ပြေးလွှားသွားနေသူ အမျိုးသားတဦးကိုလည်း တွေ့ခဲ့ရသည်။ သို့သော် မည်သည့်ရေမျှ တက်လာနေခြင်း မရှိ။ နောက်အမျိုးသားတဦးက တိုင်တလုံးကို ဖက်တက်ရင်း “တိုင်ပေါ်တက်နိုင်ရင် ရေဘေးက လွတ်တာပဲကွ” ဟု ပြောနေသည်။

    မုန်တိုင်းတွင် မိသားစုများ အိုးအိမ်များ ဆုံးရှုံး၍ ဘဝ ပျက်ခဲ့ရသူများ၏ စိတ်ကျန်းမာရေး ပြဿနာများကို ကုစားနိုင်ရန် လပေါင်း အတော်ကြာ အချိန်ယူရဦးမည်ဟု ရန်ကုန်မြို့တွင် ကိုယ်ပိုင် ဆေးကုခန်း ဖွင့်လှစ်ထားသည့် စိတ်ပညာရှင်တဦးက ပြောကြားသွားပါသည်။ ကပ်ဘေး စီမံခန့်ခွဲမှုတွင် မြန်မာ အစိုးရသည် အသိပညာနှင့် အတွေ့အကြုံ ချို့တဲ့ပြီး၊ အချို့သော ပြဿနာများမှာမူ နိုင်ငံတကာ အကူအညီပေးရေး ကျွမ်းကျင်သူများကို ဝင်ခွင့်ပြုလိုက်ရုံနှင့် ကိုင်တွယ်ဖြေရှင်း သွားနိုင်သည်ဟုလည်း သူက ဆိုလိုက်ပါသည်။

    ဟိုင်းကြီးကျွန်းမှ အသက်မသေ ကျန်ရစ်ခဲ့သူ တဦးကလည်း သူ့အကိုသည် ထမင်းလည်းမစား၊ စကားလဲ မပြောဘဲ ငူငူကြီးသာ ထိုင်နေသည်ဟု ဆိုသည်။ အဆိုပါ သူ့အကိုသည် လေဘေးတွင် ကျပ်ငွေ တသန်းခန့် တန်သော ငါးဖမ်းလှေ နှင့် အိမ်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။

    “ကျနော့်အကိုက ပုံမှန် မဟုတ်တော့ဘူးဗျ။ သူ့မျက်လုံးတွေက တွေတွေကြီး ဖြစ်နေတာ။ ဘာမှလည်း မပြောဘူး၊ ဘာမှလည်း မေးလို့ မရတော့ဘူး” ဟု သူက ဆိုပါသည်။

    ၂ဝဝ၄ ခုနှစ် ဆူနာမီ ရေလှိုင်းကြီး ရိုက်ခတ်အပြီး ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖွင့်လှစ်ခဲ့သလို ယခုကဲ့သို့ မုန်တိုင်းကြောင့် တုန်လှုပ်ခြောက်ခြား ကျန်ရစ်ခဲ့သူများအတွက် စိတ်သောက လျော့ပါးရေးစခန်းများ ဖွင့်လှစ်ပေးသင့်သည် ဟု အန်ဂျီအို တခုမှ ကျွမ်းကျင်သူတဦးက ပြောကြားသွားပါသည်။ အဆိုပါ စခန်းများတွင် အသက်မသေ ကျန်ခဲ့သူများကို ဆေးကုသမှု ခံယူစေရင်း အသက်မွေးဝမ်းကျောင်းနှင့် ကျွမ်းကျင်မှု ပညာရပ် အသစ်များကို သင်ကြားပေးသည်။ ဤသို့ဖြင့် ဝင်ငွေလည်း ရရှိလာပြီး မိသားစုကိုလည်း ထောက်ပံ့လာနိုင်သည်။

    “သူတို့ကို လျစ်လျူရှု ပစ်ထားလိုက်လို့ အခြေအနေတွေ ပိုဆိုးသွားရင် နောင်မှာ ကျနော်တို့ နောင်တ ရနေရမယ်” ဟု အမည်မဖေါ်လိုသူ အဆိုပါ ကျွမ်းကျင်သူက ပြောဆိုသွားပါသည်။

    အသက် ၃ဝ အရွယ် ကွမ်းခြံကုန်း မြို့သားတဦးက မုန်တိုင်းအတွင်း သူ့မိန်းမကို သေဆုံးစေခဲ့သည့် လဲကျနေသော သစ်ပင်ကြီးကို ကြည့်ရင်း ငိုနေသော သူ့ကလေးကို ချော့နေသည်။

    “မငိုပါနဲ့ ကလေးရယ်၊ မေမေက သားကို နို့တိုက်ဖို့ ပြန်လာမှာပါ၊ အဖေလဲ မင်းအမေ ပြန်လာတာကို စောင့်နေတာပါပဲ” ဟု ရေရွတ်နေသည်။