မျက်မှောက်ခေတ် မြန်မာလူမျိုးကို အဓိပ္ပါယ် ဖွင့်ဆိုလျှင် စာရေးသူကတော့ "ဒုက္ခကို လည်စင်းခံကြသူများ" လို့သာ ကင်ပွန်း တပ်ချင်သည်။ ခိုလှုံစရာ ရင်ခွင်မဲ့လှသည်။ အမိမဲ့သား ရေနည်းငါးကဲ့သို့ပါပဲ။
အထင်သေးမိတဲ့နေ့ (၂.၅.၀၈)
ထိုနေ့ ညနေပိုင်းနှင့် ညဦးပိုင်းလောက်က ရန်ကုန်မြို့ကို ဦးတည်ပြီး မုန်တိုင်းလာတော့မယ်။ ည ၁၂ နာရီကနေ မနက် ၆ နာရီအတွင်း ဖြစ်ဖို့ များတယ်ဆိုပြီး သတိပေး သတင်းစကားများ ကြားခဲ့ရသည်။ အကုန်လုံးက တိတိပပ ထူးထူး ခြားခြား မတုန်လှုပ်မိကြ။
တကယ်တမ်း သတင်းစ၀င်လာတော့ ကားတွေတောင် လေထဲ ပါသွားတယ်။ ရှိသမျှ ပြားပြားဝပ်သွားတယ် ဆိုတဲ့ သတင်းစကားတွေလည်း ကြားရသောအခါ နည်းနည်း တုန်လှုပ်စပြုလာပြီး ဘုရားတရားကို သတိရစပြုလာသည်။
လူတွေ ၀ိုင်းဆဲရတဲ့အဖြစ်
ဤသို့ တုန်လှုပ်စိတ်ကလေးတွေ ၀င်စပြုချိန် ည ၉ နာရီကျော် ၀န်းကျင်လောက်တွင် ကားတစီးနှင့်လှည့်၍ လော်စပီကာနှင့် သတိပေးသံ ကြားရသည်။ သြော်… မုန်တိုင်းနဲ့ ပတ်သက်ပြီး လူတွေ ဘယ်လို နေထိုင်ရမယ်။ ဘာတွေ ကြိုတင် စီမံရမယ်၊ ဆိုတာတွေ သတိပေးနေတာပဲဆိုပြီး အားတက်ကာ နားစွင့်မိကြသည်။ တကယ်တန်းတွင် ထိုသို့ မဟုတ်ခဲ့ "ဆန္ဒခံယူပွဲတွင် မဲပေးနိုင်သူများ စာရင်းအား ရ.ယ.က ရုံးတွင် ကပ်ထားကြောင်း၊ စာရင်းတွင် မပါဝင်သေးသူများ ရှိပါက လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း" ကြေငြာသွားခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းအား ကြောက်လန့်စိတ်နှင့် အိမ်အတွင်းပိုင်းတွင် အကုန် စုရုံးနေကြသော မိသားစုဝင်များ အားလုံး တိုင်ပင်မထားဘဲ တခဲနက် ၀ိုင်းဝန်း ဒေါသထွက်မိသည်။
တကယ်က မုန်တိုင်း တိုက်ပြီးသွားပါက ထိုကြော်ငြာသင်ပုန်းအား ဘယ်အရပ်တွင် သွားရောက်ကောက်ယူ ကြည့်ရှု့မည် ကိုပါ ကြေငြာသွားသင့်သည်။ ဤသို့ ဤပုံ အမြှော်အမြင် ကြီးကြသူများပါ။
နာဂစ်လာပြီ
တနေ့လုံးနီးပါး ရွာနေသောမိုးက ည ၁၀ နာရီခွဲလောက်တွင် ပိုစိပ်လာသည်။ လေသံ ခပ်ပြင်းပြင်းပါ ပါလာသည်။ သိပ်တော့ မဆိုးဝါးလောက်ပါဟု ထင်နေကြတုန်းပါ။ ည ၁၂း၃၀ နာရီလောက်ရောက်တော့ သူ့ "ဇ"က မသေးကြောင်း သဘောပေါက်စ ပြုလာကြသည်။ အိမ်အနီးဝန်းကျင်မှ သွပ်မိုးသံများကလည်း ဟာမိုနီ လိုက်ဆိုနေကြပြီ။ အိမ်တွေထဲ မိုးပက်ထားတာကလည်း အတော် စိုရွှဲနေကြပြီ။
နံနက် ၃း၃၀ နာရီ လောက်ကျတော့ နာဂစ် ဘာကောင်လည်းဆိုတာ သဘောပေါက်ကြပြီ။ သွပ်ခေါင်မိုးသံ တွေလည်း ဟာမိုနီဘ၀မှ အဆိုတော်တွေ ဖြစ်လာကြပြီး ရင်ခေါင်းကွဲ၊ နှလုံးပြုတ်မတတ် အော်နေကြပြီ။
နံနက်အာရုဏ်တက် နဲ့ ၈း၀၀ နာရီလောက် ကြားမှာတော့ နာဂစ်ဟာ သူ့ဦးခေါင်းပိုင်း ရုန်းထွက်ပြီး လွတ်မြောက်လာတာကို ၀မ်းသာအားရနဲ့ ကျန်ရှိနေသေးတဲ့ အမြီးပိုင်းနဲ့ အားကုန်ရုန်းကာ ရိုက်လှဲပစ်နေပြီ။ လေသံ တွေဟာ ဆူလွန်းလို့ အနီးအနားက အပင်ကြီးတွေ၊ အပင်လေးတွေ လဲပြိုကျသံတောင် မကြားလိုက်ရ။
စာရေးသူကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မုန်တိုင်းစတိုက်ကတည်းက မျက်စိသာ တွင်တွင်မှိတ်ပြီး တတ်သမျှ မှတ်သမျှ ဘုရားစာတွေသာ non-stop ရွတ်ဆိုတော့သည်။ ကိုယ့်အမြင်အာရုံမှာ သွေးလန့်ဖွယ် မြင်ကွင်းတွေကို မမြင်ရတော့ အနည်းနဲ့ အများ စိတ်တည်ငြိမ်မှု ရရှိအောင် လုပ်ထားနိုင်ခဲ့သည် ဟုတော့ ထင်သည်။ အပြင်ထွက်ပြီး ဘာမှ မလုပ်ကိုင်နိုင်တဲ့ အခြေအနေမှာတော့ ဖြစ်သမျှကို လျစ်လျှူရှုကာ မျက်လုံးမှိတ်ပြီး ကိုယ့်အသက်လေး ဘယ်တော့ ပါသွားမလဲဆိုပြီး သတိထားနေရုံကလွဲ၍ ဘာမျှမတတ်နိုင်ပါ။ ဒါဟာ သဘာဝဘေးဒဏ်၊ ကိုယ်နဲ့ လူများ ကျောမွဲများ ခါးကော့အောင် ခံကြရတော့မည့်ဒဏ်။
နာဂစ် ချန်ခဲ့သည့် မောဘွယ်ရာများ
နာဂစ်သည် သူ့အသံပြဲကြီးနဲ့ ချိန်းခြောက်နေသော်လည်း သူ့ကို လုံးလုံး ဂရုမစိုက်သည့် ခေတ်ပျက် တောကြောင်များကလည်း "ဝေလီဝေလင်း" အချိန်မှာတောင် သွပ်ပြားကောက် ထွက်နေကြတာကိုလည်း မြင်ရသည်။ သူတို့အဖို့တော့ ကိုယ့်အသက်ထက် ငွေတွင်းတွေ ကျလာပြီဟုများ ထင်နေကြရော့သလားမသိ။
နည်းနည်း လင်းလင်းချင်းချင်း ရှိလာတဲ့ အချိန်ကြတော့ လူသံတွေ ကြားလာရသည်။ အိမ်ထဲမှာ ဆက်လက် ဘုရား တနေလို့မရတော့။ လမ်းမပေါ်ထွက်ပြီး အနီးအနားဝန်းကျင် သတင်းမေးစမ်း အခြေအနေ ကြည့်ထွက်ရသည်။ မြင်ကွင်းကတော့ အသေးစိတ် ရေးပြချင်စရာ မရှိ၊ သက်တမ်းရင့် အပင်ကြီး၊ အပင်ငယ်အားလုံး မြေပြင်ပေါ်တွင် ထက်ပိုင်း ကျိုး၊ အမြစ်က ပြုတ်ထွက်ကာ တုံးလုံးလဲကုန်ကြပြီ။ ယိုင်ပြီးသား အိမ်တွေအဆင့် ရောက်ကုန်သည်။ အိမ်တော်တော် များများတွင် ခေါင်မိုးများ မရှိတော့။ ဒီမြင်ကွင်းတွေ ကြားမှပင် တွေးမိတာတခုကတော့ "သြော်… ငါတို့ နိုင်ငံတော် လူကြီးများ ဖြစ်စေချင်နေသော ဆန္ဒတစ်ခုတော့ ပြည့်သွားပြီ" လို့။ ဘာဖြစ်လို့လည်းဆိုတော့ တပ်ထားသော ၈ ပေ စလောင်းတွေဟာ မြေကြီးပေါ် ရောက်တဲ့ဟာကရောက်၊ ခေါင်မိုးပေါ်တွေမှုာပဲ ခေါက်ရိုးကျိုး တွဲလဲကျကာ၊ တိုက်ခေါင်မိုး တွေပေါ်မှာ စက္ကူစွန် ငြိသလို ကျေနေကြရှာလေပြီ။
လူလေး စုစုရုံးရုံး ရှိလာတဲ့အခါကျတော့ ရှိတဲ့ဓါးမ ကိုယ်စီဆွဲ၊ ရဲဒင်း၊ ပုဆိန်တွေဆွဲလို့ ကိုယ့်အိမ်ထက် လမ်းမှာ ပိတ်နေသမျှ အပင်တွေ ဓါတ်တိုင်တွေကို ရှင်းလင်း ဖယ်ရှားပစ်ကြသည်။ အလုပ်လုပ်ရင်း ပြောမိကြတဲ့ အကြောင်းအရာ ကတော့ နာဂစ်ရယ် လုပ်ရက်ပါပေ့ပေါ့။ ဘယ်သူမျှ ဒီလောက် ဖြစ်မယ် ထင်မထားကြပါ။ ဘယ်သူမှလည်း မကြုံဘူးကြတော့ ဘာမှ ကြိုတင် မစီမံနိုင်ခဲ့သလို ဒီလောက်အထိ ဖြစ်မယ်မှန်းသိရင် စလောင်းကလေး ဖြုတ်ထားပါရဲ့၊ အမိုးလေးကို သံတွေနဲ့ ပြန်ရိုက်ထားပါရဲ့နဲ့ ပြောကြဆိုကြရင်းနဲ့ ညဘက်ကကြားခဲ့ရတဲ့ လော်စပီကာသံ ကိုလည်း သတိတရနဲ့ ပြန်လည် ဆဲရေးမိကြတယ်။
ဒီအချိန်မှာတော့ အစိမ်းရောင်ဝတ်တွေကော၊ စွမ်းအားရှင်ကြီးတွေကော ဘယ်ဆီဘယ်ဝယ် ပျောက်နေတယ် မသိတော့ပါဘူး။
မြန်မာလူမျိုးများပါပဲ….။ ဒုက္ခတွေကြားထဲက ဘယ်သူ့ကိုမှလည်း မတမ်းတ၊ (တမ်းတလည်း လာမှာမှ မဟုတ်တာ) ရယ်ကာမောကာနဲ့ ဒုက္ခကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းကြရတာပေါ့။
၃.၅.၀၈ စနေနေ့ နေ့ခင်းပိုင်းလောက် ရောက်တော့ နာဂစ် လုံးဝမရှိတော့သလောက် ဖြစ်သွားပါပြီ။ လူတွေမှာ ဆန်အိတ် ၀ယ်သူဝယ်၊ မီးသွေးအိတ် ၀ယ်သူဝယ်၊ ခေါက်ဆွဲခြောက်ထုပ် ၀ယ်သူဝယ်နဲ့ ဗရုတ်ဗရက်တွေ ဖြစ်ကုန်ကြတယ်။ ဈေးသည်တွေလည်း ဆက်သွယ်ရေး ကိရိယာတွေသာ ပြတ်တောက်သွားပေမယ့် ဈေးတက်ရာမှာတော့ လက်ညီကာ မြိုင်လှသည်။ ခေါက်ဆွဲခြောက်တထုပ် ၃၀၀၊ ဘဲဥတလုံး ၃၀၀ ဖြစ်ကုန်သည်။ ထိုစနေလည်း သစ်ပင်ခုတ်၊ အမိုးဖာဖြင့် ကုန်ဆုံးကြရသည်။
တနင်္ဂနွေနေ့ မနက်မှာတော့ လက်သမား၊ သွပ် နှင့်သံရောင်းသူများ၊ စက်ပြင်ဆရာများ၊ ရေစက်လိုက် မောင်းသူများ မင်းသား ဖြစ်ကုန်ကာ အလုအယက် ခေါ်ငင်ကြသည်။ အမျှော်အမြင် ရှိလှသော စီးပွားရေး လုပ်တတ်သူတွေကတော့ လက်တွန်းလှည်းပေါ် ရေစက်နဲ့ မီးစက် တွဲထိုင်ပြီး ရေတစည်ကို ၅၀၀ ကျပ် (၃မိနစ်) နှုန်းနဲ့ လိုက်လံ ဆော်သြ ရောင်းချပေးကြသည်။ ၀ိသမလောဘသမားလို့ သူတို့ကို ဘယ်သူမှ မခေါ်ရက် "ဟာ… ဟုတ်ပေသားပဲ၊ ရေ ရဖို့က အရေးကြီးတယ်" ဒီလိုနဲ့ ၁ နာရီ ၅၀၀၀ ကျပ်၊ ကိုယ့်ဓါတ်ဆီ ကိုယ်ထည့်၊ နောက်ဆုံး တနာရီ ၁၂၀၀၀ ကျပ် အထိ တက်တောင်းသူတွေ ရှိကြသလို တချို့ စေတနာတ၀က်၊ စီးပွားရေးအမြင် တ၀က်ရှိသူတွေကလည်း တစ်နာရီ ၃၀၀၀ လို့ ပြောကြပြန်ပါတယ်။ တစ်ချို့ စိတ်ရင်းလည်းပြည့်၊ ငွေကြေးလည်း နောက်က လိုက်နိုင်သူတွေကတော့ အခမဲ့ ရေဝေနေတာ တွေ့ရပါသည်။
ရေပုံးလေးတွေ ကိုယ်စီဆွဲလို့ တန်းစီ ရပ်နေကြတဲ့ မြင်ကွင်းကို တွေ့နေရသည်။ တချို့ရပ်ကွက် တွေမှာတော့ ကန်ထရိုက် တိုက်တွေပေါ် ရေစက်နဲ့လည်း တင်မရလို့ ရေသွားချိုး၊ ရေသွားခပ်ရင်တောင် ရေတစည် ၁၀၀၀ ကျပ် ကနေ ၁၂၀၀ ကျပ်အထိ ယူကြပြန်ပါတယ်။ ပြည်သူတွေလည်း ဘယ်သူကများ ကူပါ့မလဲလို့ တွေးရင်း မျက်ဖြူဆိုက်၊ အသက်ရှုရပ်မတတ် ဖြစ်နေကြပါပြီ။
လမ်းမများပေါ်မှ အပင်ကြီး၊ အပင်ငယ်များကို တနင်္ဂနွေနေ့လည်အထိ လာရောက် ရှင်းလင်းမည့်သူ ပေါ်မလာသေးပါ။ စည်ပင်လည်း မလာ၊ စစ်သားလည်း မရှိ၊ ကြံ့ဖွတ်တွေလည်း ရှာမတွေ့နှင့် လမ်းတွေ ပိတ်ကာ ဘယ်ကိုမှ သွား၍မရ ဖြစ်နေချိန်တွင် ကယ်တင်ရှင် ပေါ်လာသည်ကတော့ ဘုန်းဘုန်းတို့ ဖြစ်သည်။ ဘုန်းဘုန်းတို့ ဓါးကိုင်၊ လွှတိုက်၊ သစ်ပင်ခုတ် လိုက်သည်မှာ မြန်မာပြည်၏ လမ်းမများပေါ်တွင် ဒုတိယအကြိမ် သင်္ကန်းတပ်တို့ဖြင့် ပြည့်လေသည်။ ဘုရား သားတော်များ ပီပီ ခွင့်လွှတ်တတ်ကြသော ဘုန်းဘုန်းတို့က လမ်းပေါ်မှအပင်များ သာမက သူတို့ကို ရိုက်နှက်၊ ဖမ်းဆီး ခဲ့သော ရဲစခန်းအတွင်းမှ လမ်းပေါ်သို့ လဲကြနေသော သစ်ပင်များကိုပါ ခုတ်ထွင် ရှင်းလင်းပေးခဲ့ကြသည်။ နေ့တစ်ဝက် ခန့်သာ ကြာလိုက်သည်။ လမ်းများပွင့်သွား၍ ကားများ သွားလာနိုင်လာကြသည်။
တနင်္လာနေ့တွင် ဆီဆိုင်များမှ ဆီပြန်ပေးသည်။ ဆီတန်းစီသော ကားများမှာ ကွေ့ကာ ၀ိုက်ကာနှင့် တန်းစီ ကြရသည်မှာ မနက် ၇ နာရီတွင် သွားတန်းစီသူများ နေ့လည် ၃ နာရီတွင် ဆီမရကြသေး၊ ဒီလို ကားပေါင်းများစွာ စီတန်းပြီး လမ်းတွေ ကြပ်ပိတ်နေမည့် အစား ဆီစာအုပ်နှင့် ပုန်းတွေ ယူလာကာ ဆီလာထည့်ကြပါဟု ကြေငြာစေချင်ပါသည်။ ရှားပါးလာတော့မည့် အချိန်တွင် တရွေ့ရွေ့ စီတန်း ရွှေ့လျားနေရသဖြင့် ကုန်သော ဆီကိုလည်း ချွေတာပြီး ဖြစ်သွားမည်ဟု ထင်ပါသည်။ နိုင်ငံတော်တွင် ခိုင်းတတ်သော လူကြီး တယောက်တော့ အလိုရှိပါသည်။ လမ်းပိတ်နေသော သစ်ပင်များအား ခုတ်ထွင် ရှင်းလင်၍ တနေရာတွင် စုပုံစေချင်ပါသည်။ ကျန်တဖွဲ့က ပြတ်ကျနေသော ဓါတ်ကြိုးများနှင့် ပြိုလဲနေသော ဓါတ်တိုင်များအား သိမ်းဆည်း ထောင်မတ်စေလိုပါသည်။ သက်ပြင်းသာ အခါခါ ချနေရုံကလြွဲ့ပီး ကြိတ်မှတ်ခံရုံသာ ရှိပါတော့သည်။
ရွှေဈေးလား … မသိတော့ပါ။ သွပ်ရိုက်သံ ဈေးကတော့ ကောင်းလှသည်။ သွပ်ရိုက်သံက တပိသာ ၃၀၀၀၀ ကျပ် ဈေး။ သွပ်မိုးတချပ်က ၁၅၀၀၀ ဈေး၊ လာမယ့်ဘေး ပြေးတွေ့၊ မည်သို့မည်ပုံ ရှာကြံ ဖန်တီးကြမည်မသိ။ စာရေးသူ အနီးဝန်းကျင်မှာ သွပ်မိုးလေးတွေ အဟောင်းအသစ်ရောလို့ ပြန်ပြည့်စုံလာသည်။ ဒီလိုနဲ့ တနင်္လာ မနက်ကျ တော့ လော်စပီကာသံ ပြန်ကြားရပြန်သည်။ သတင်းစာထဲမှာတော့ အရေးပေါ် အခြေအနေ ဒေသအဖြစ် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့အား ကြေငြာထားတာ တွေ့ရပြီ။ "ရှေးဦးမဆွကပင် ဖွဲ့စည်း ထားရှိသည့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ကော်မတီတွေ ဖွဲ့စည်းနေကြောင်း ကြားသိရသည်။ အမျိုးသား ညီလာခံလောက် မကြာပါစေနဲ့ဟု ဆုတောင်းမိသည်။ ထိုကက လော်စပီကာတွင်လည်း အလကားပေးမည့် အကူအညီ အကြောင်း လုံးဝမပါဘဲ စားအုံးဆီ၊ ရေနံဆီ၊ ဖယောင်းတိုင် တို့ကို လိုသလောက် ၀ယ်ယူရရှိမည် ဖြစ်ကြောင်းနှင့် သွပ်တချပ်လျှင် ၄၉၀၀ ကျပ် ဈေးနှင့် လိုသလောက် ရောင်းချပေးမည် ဖြစ်ကြောင်း ကြေငြာသွားခဲ့သည်။ စာရေးသူ နားထဲတွင် မကြားလိုက်ရတာ တခုရှိ၍ အခြားသူများအား ကြားလိုက်သလားဟု လိုက်လံမေးကြည့်ရာ သူတို့လည်း မကြားလိုက်ပါတဲ့။ ထိုအရာကား မည့်သည့် နေရာတွင် ၀ယ်ယူ ရရှိနိုင်သည် ဆိုတဲ့ အသံပါပဲ။ တချို့က ပြောတာကတော့ မ.ရ.က ရုံးတွင် ရနိုင်တယ်လို့ ကြားလိုက်သလားလို့၊ တချို့ ပြောပြန်တာကတော့ "အေး၊ ဘယ်နေရာမှာ ရမယ်ဆိုတဲ့ အသံက ကြေငြာရင်းနဲ့ လုံးသွားသလိုပဲကွာ" တဲ့။ ဘာကိစ္စများ လူခြေတိတ်ချိန်၊ ညသန်းခေါင်မှ ကြေငြာသလဲ မသိပါဘူးကွာတဲ့။ ကြေငြာထဲမှာလည်း "ပြည်ပတိုင်းပြည် အကူအညီကို ယူစရာ မလိုဘဲ" လို့ ကြားလိုက်မိတယ်တဲ့။ ထိုလော်စပီကာသံသည်လည်း ညသန်းခေါင်ယံ တခေါက်သာ ပေါ်လာခဲ့ပါသည်။
နောက်တနေ့ကျတော့ မသတီစရာ သတင်းကော၊ နည်းနည်း သတီချင်စရာ မြင်ကွင်းတွေပါ မြင်လာရ၊ ကြားလာရသည်။ လမ်းမကြီးတွေဘက် ထွက်လို့ရတဲ့ အချိန်ကျတော့ လမ်းရှင်းနေကြတဲ့ တပ်မတော်သားကြီးတွေကို မြင်လာရသည်။ သြော်…. ဒီလို အခြေအနေတွေကို မျှော်ကိုးပြီး "တပ်မတော် အင်အားရှိမှ တိုင်ပြည် အင်အားရှိမည်" လို့ ကြွေးကြော် နေကြတာများလား လို့ တွေးမိပါသည်။ တကယ် ဟုတ်လား၊ မဟုတ်ဘူးလားတော့ မသိပါ။ သစ်ပင်ဖြတ်တဲ့ မော်တာလွှစက်ကို အရာရှိများသာ ကိုင်တွယ်ခွင့် ရသတဲ့။ မမြင်တွေ့ရသေးတဲ့ အဖြူ အစိမ်း ခြင်္သေ့တပ်ကလည်း သတင်းစကား ပါးလိုက်ပါသည်။ လမ်းပေါ် ကျနေသော သစ်ပင်များအား လူအများ မထိရ၊ သူတို့ လာမည်၊ သူတို့ ခုတ်မည်၊ သူတို့ ရှင်းလင်းပြီး ထင်းကိုလည်း သူတို့ပဲ ယူမည်တဲ့။ သို့သော်လည်း အခုထိ မတွေ့ရသေးပါ။ ဆပ်ကော်မတီ များ ဖွဲ့နေကြမည် ထင်ပါသည်။ သူတို့လည်း အမျိုးသား ညီလာခံလောက် မကြာပါစေနဲ့ဟု ဆုတောင်းမိသည်။ ပုဂ္ဂလိက သစ်ပင်ခုတ်သော အဖွဲ့များ ကတော့ ရှိသည်။ အပင်ကြီးဆိုရင် ၅၀၀၀၀/ ၆၀၀၀၀ ကျပ်ခန့် ပေးရသည်။ ခုတ်ရုံသာ ခုတ်ပေးမည်။ ရှင်းလင်းပေးမည် မဟုတ်ပါတဲ့။ ထိုအချိန်တွင် အကြံပိုင်သော ငခွေးကား Air- Bagan သူဌေး။ ထိုပုဂ္ဂလိက သစ်ပင်ခုတ်သူများအား Air-Bagan တံဆိပ်ပါသော တီရှပ်များ လိုက်လံဝေငှ၍ ၀တ်ဆင်စေပါသည်။ ဆီဘောက်ဆာ ကားကြီးများတွင် Air-Bagan မှ ရေလှူဒါန်းပါသည် ဟု စာတန်းထိုးကာ ရေကားကြီးများဖြင့် မြို့ပတ် နေသည်ကိုလည်း တွေ့ရသည်။ တကယ် လှူမလှူတော့ မသိရပါ။ ကောင်းလေစွ…. ကောင်းလေစွ။
ကုလသမဂ္ဂ ကယ်ဆယ်ရေး အခြေစိုက်အဖွဲ့တွေကို ပြည်ဝင်ခွင့် ဗီဇာမပေးဟု ကြားရပြန်သည်။ ငွေနှင့် ပစ္စည်းများကိုသာ လှူဒါန်းနိုင်သည်တဲ့။ UN ကလည်း အစိုးရအကြောင်းကို နောကြေနေလောက်ပြီ။ တဖန် UN မှ ငွေ မလှူ၊ ပစ္စည်းသာ လှူမည်ဆိုတော့ အစိုးရက ဆန်၊ ဆီ၊ ဆေး သူတို့ဆီတွင် အပြည့်အစုံ ရှိပါသည်။ အခြားမှ ၀ယ်ယူလျှင် ခရီးစရိတ် ထောင်းနိုင်သဖြင့် သူတို့ဆီမှ ၀ယ်ယူပါဟု ကမ်းလှမ်း လာပြန်သည်တဲ့။ စီးပွားရေး ပါရဂူ အစိုးရအဖွဲ့နှင့် နေရသော မြန်မာ ပြည်သူပြည်သားများ ဂုဏ်ယူသင့်လှသည်။
မဖြစ်ခင် ၁ ရက်အလိုက နိုင်ငံတကာမှ ကြိုတင် အသိပေးခဲ့သည်ကို မိုးလေ၀သဌာနမှ ပုသိမ်သို့သာ ဦးတည်ပြီး ရန်ကုန်ကို အဖျားခတ်နိုင်သည်ဟု မုန်တိုင်းလာခါနီး အချိန်အထိ ကြေငြာနေဆဲ ဖြစ်ကြောင်း၊ ထောင်တွင်း မီးလောင်သည်ကို ထောင်ဆူသည်ဟု ယူဆကာ စစ်ကားနှစ်စီးဖြင့် လာရောက်ပစ်ခတ် နှိမ်နင်းခဲ့၍ အသေအပျောက် ရှိကြောင်း ကြားသိရပြန်သည်။
နောက်ဆုံးသတင်း အနေဖြင့် မေလ ၁၀ ရက်နေ့ ပြည်သူ့ဆန္ဒ ခံယူပွဲကြီးကို ၂၄ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း၊ သွပ်ရောင်းသော ဆိုင်များတွင် သွပ်များ ၀ယ်ယူ၍ မရတော့ကြောင်း၊ ရပ်ကွက် ရယက ရုံးတွင် အမိုးမိုးပြီး သူများမပါ၊ အမိုး မမိုးရသေးသူများသာ သွပ်ဝယ်ယူရန် လာရောက် လျှောက်ထားနိုင်ကြောင်း စသည်ဖြင့် ကောင်းလေစွ…. ကောင်းလေစွ….. စုံလင်လှသည်။
အရာရာကို တွေးပူတတ်တဲ့ စာရေးသူကတော့ လမ်းဘေး ၀ဲယာတွင် စုပြုံထားသော သစ်ကိုင်းသစ်ရွက်များ ခြောက်သွေ့လာချိန်၊ ရေရှားပါးသော အချိန်၌ မီးဘေးအန္တရာယ်ကို တွေးပူမိပါသည်။ နောက်ဆုံးအချိန်ထိ မြေငလျင် လှုပ်မည်ဟု လူအများ ပြောဆိုနေကြကာ ကုန်ပစ္စည်းများဈေးမှာ တက်ချင်တိုင်း တက်နေကြပါသည်။ ဖြစ်ကာစမှာ လိုင်းကားခများ ဟိုနားဒီနား ၅၀၀ မှ ၁၀၀၀ အထိ ကောက်ခံယူကြောင်း ကြားသိရပါသည်။
ဟိုဟာ ဖြစ်မည်၊ ဒီဟာ ဖြစ်မည်နှင့် ကြားသမျှ ကောလဟလ သတင်းများအား စိတ်နာလှပြီ ဖြစ်သဖြင့် စာရေးသူကိုယ်တိုင် သတင်းတပုဒ် ထုတ်လွှင့်လိုက်သည်။ လူအများ ဒုက္ခဝေဒနာများ ကြားထဲမှ အနည်းငယ်တော့ ပြုံးမိမည်ဟု ထင်ပါသည်။
"UN ကယ်ဆယ်ရေးနှင့် ပြည်တွင်း ကယ်ဆယ်ရေး ဆပ်ကော်မတီများမှ မုန်တိုင်း တိုက်ခတ်သော ဒေသများ သို့ လိုက်လံကြည့်ရှု၍ အိမ်အမိုး အကောင်း ပကတိရှိသူများ မှ အိမ်အမိုးပြင်ပြီးသူများ မသိအောင် မိမိတို့၏ အိမ်အမိုး များကို ညအချိန်၌ တိတ်တဆိတ် ဆွဲလှန်ပစ်ရန် ကြံစည်နေကြခြင်း၊ အထူးသတင်းအနေဖြင့် မကြာမှီ ရက်ပိုင်းအတွင်း ၌ ရန်ကုန်ကို ဗဟိုပြု၍ "ဂျာဂစ်" အမည်ရှိ နာဂစ် ၏ အကိုတော်သူ လေဆင်နှာမောင်းကြီးက သူ၏ညီမငယ် ဆိုးသွမ်း ဆော့ကစားမှုကြောင့် ပျက်စီးသွားသော အပျက်အစီးများ၊ အမှုက်များကို သယ်ဆောင်ဆွဲငင်၍ ယူဆောင်သွားပြီး ရန်ကုန်မြို့မှ ထွက်ပြေး ပုန်းရှောင်သွားသော မြို့တော်ကြီးတွင် သွားရောက် စုပုံထားမည် ဖြစ်ကြောင်း၊ ကြိုးပြတ်တောက်၍ လဲကျနေသော ဓါတ်တိုင်များကို ဟယ်ရီပေါ်တာနှင့် သူငယ်ချင်းတစုမှ မှော်ကြိမ်လုံးများဖြင့် လာရောက်ပြုပြင်ပေး သွားသောကြောင့် ဓါတ်တိုင်များ ပြန်လည် တည့်မတ်ပြီး မီးများ ထိန်ထိန်လင်းတော့မည် ဖြစ်ကြောင်း၊ လူအများ လက်မခံသော ဆန္ဒခံယူပွဲကြီးကို ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက လေဆင်နှာမောင်းကြီးသည် နောက်တခါ ပြန်လာ၍ ကူရာ၊ ကယ်ရာမဲ့နေသော ကျောမွဲ လူတန်းစားများအား သယ်ဆောင်ကာ မဲရုံများသို့ သယ်ဆောင်လာကာ ချထားခဲ့ပြီး ရိုက်ပွဲ၊ သတ်ပွဲ၊ လုယက်ပွဲများ ဖန်တီးမည် ဖြစ်ကြောင်း ကြားသိရပါသည်။
ကောင်းလေစွ၊ ကောင်းလေစွ။ စိတ်ကူးနဲ့တင် အရသာ ရှိလှပါသည်။
မင်းသစ်တည်
7.5.2008စကားချပ်။ ။ ဆောင်းပါးကို ၇.၅.၂၀၀၈ တွင် ရေးသား ပြီးစီးသော်လည်း လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် ကွန်ပြူတာစာစီ၍ မရခြင်း၊ တယ်လီဖုန်းလိုင်းအချို့ မကောင်းသေးသဖြင့် Internet မရခြင်းတို့ကြောင့် ဆောင်းပါးသည် အနည်းငယ် နောက်ကျသွားပါသည်။
ဤဆောင်းပါးကို နောက်ဆုံး ကွန်ပြူတာ တင်ပြီးချိန် ရရှိသော သတင်းများအရ အပြည်ပြည်ဆိုင်ရာမှ ပေးပို့သော ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ နို့ဆီများကို စားဖူးလိုပါက ညောင်ပင်လေးဈေးတွင် လိုသလောက် ရရှိနိုင်ကြောင်း၊ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိရသော မီးစက်ကြီးများ၊ ကွန်ပြူတာများကို ဘုရင့်နောင် တွင် အဆက်အသွယ် ရှိပါက ၀ယ်ယူ၍ ရနိုင်ကြောင်းနှင့် လေဘေးခံ ရန်ကုန်ပြည်သူများ အနေဖြင့် အိမ်ထောင်စု စာရင်းကို ပြသနိုင်ပါက ၃ရက်၁ခါ၊ ရ.ယ.က ရုံးတွင် ဆီ၂၀ သားကို တဆယ်သားလျှင် ၂၅၀ ကျပ်ဈေးနှင့် ၀ယ်ယူ ရရှိနိုင်ကြောင်း သတင်းများကိုပါ ထည့်သွင်း တင်ပြလိုက်ရပါသည်။