ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အခြေအနေ ဘယ်လိုရှိလဲ။
အခြေနေက အရမ်းဆိုးနေပြီ။ အစားအသောက်က တရက်ကို ဆန် လေးအိတ်ခွဲ ချက်တယ်။ ဆန်ဈေးက တအိတ် လေးသောင်း ဖြစ်သွားပြီ။ ၀က်သားအာလူး ချက်ရင် တနေ့ကို ၀က်သား အချိန် အစိတ်သုံးဆယ် ချက်ရတယ်။ ဘဲဥချက်ရင် အလုံး ၁၅၀၀ အနိမ့်ဆုံး ချက်တယ်။ ကျနော်တို့ ငါးပိကြော်တို့ ငါးခြောက်ကြော်တို့ ကြော်တယ်။ လောလောဆယ် အဲဒါတွေ လုပ်နေတယ်။ ဧရာဝတီတိုင်း ဆင်းသွားတဲ့ အဖွဲ့တွေ ပြန်တက်မလာသေးဘူး။
အခြေအနေကတော့ လုံးဝ ငတ်မွတ်နေတာ အမှန်ပဲ။ ဒီနေ့ မနက်စာက ဘဲဥနဲ့ ပဲကုလားဟင်းရယ်။ ညနေစာက ငါးခြောက်နဲ့ ငရုတ်သီး လေးခြမ်းကွဲကြော် လုပ်တယ်။ ကျနော်တို့ တနေ့ နှစ်ကြိမ်သွားတယ်။
မနက်ဖြန်ကို အခု စီစဉ်တာတော့ မနက်စောစောကို ၀က်သားဝယ်ဖို့ စဉ်းစားထားတယ်။ မနက်စာ ၀က်သားဖြစ်ရင် ၀က်သားကို တခုခု ရောတာပေါ့။ အာလူးလေးရောတော့ စားတဲ့လူလဲ ပိုစားရတာပေါ့။
ဘယ်နေရာတွေ ရောက်ဖြစ်လဲ။
ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကြည့်မြင်တိုင် တဘက်ခြမ်း အေးရွာ၊ ကွမ်းခြံကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ။ ဘိုကလေးဘက်လဲ ကျနော်တို့လူ သုံးယောက် ဆင်းသွားတယ်။ အခုပဲ သူတို့နဲ့ ဖုန်းပြောပြီးသွားတာ။ ဆေးလှမ်းတောင်းတယ်။
လိုအပ်တဲ့ ဆေးတွေက ...
ပါရာစီတမော ၅၀၀ မီလီဂရမ် လိုတယ်။ ဓာတ်ဆား လိုတယ်။ ၀မ်းကိုက်ပျောက်ဆေး လိုတယ်။ ဒယ်ကိုဂျင် လိုတယ်။ အမောက်ဆက်စလင် လိုတယ်။ တက်ထရာ လိုတယ်။ နိုဘယ်ဂျင် လိုတယ်။ အဲဒါတွေ လတ်တလော လိုအပ်တယ်။ အခုလေးတင်ပဲ အောက်က ကျနော့်ကို ဆက်သွားတယ်။
အခု ရောက်တဲ့အထဲမှာ အခြေအနေ အဆိုးဆုံး နေရာတွေက ဘယ်တွေလဲ။ ဘယ်လိုတွေ ဖြစ်နေလဲ။
လှိုင်သာယာ ရွှေပြည်သာ....ဟာ ဆိုးတယ်။ ဆိုးတယ်။ အဲဒီဘက်တွေ ဆိုးတယ်။ ဒလ ကွမ်းခြံကုန်း၊ ဒေးဒရဲ။ ဒလထက် ကွမ်းခြံကုန်းက ပိုအဆင်မပြေဘူး။ စားရေးသောက်ရေးက ဧရာဝတီတိုင်းကို အားကိုးနေရတာ။ ဧရာဝတီတိုင်း ဒီလို ဖြစ်တော့ သူက ဆိုးသွားတာပေါ့။ သူနဲ့ အနီးကပ်ဆုံးက ဒေးဒရဲ၊ ဒေးဒရဲမှာလဲ အလောင်းတွေ တအားပေါ်တာ။
ဒေးဒရဲဘေးက ရွာမှာ လူ ၅၀၀၀ လောက် ရှိတာ။ ၉၀၀ ကျော် သေတယ်။ အခုတော့ ရတဲ့ သစ်ကလေးတွေကို လိုက်စုပြီး နီးစပ်ရာ ကုန်းမြင့်တွေမှာ နေနေကြတယ်။ ရေတက်လာလို့ အိမ်ခေါင်မိုးပေါ် တက်နေတယ်။ အိမ်ခေါင်မိုးက ရေတက်ပြီး အပင်ကြားမှာ ညပ်သေတယ်။ ရေနစ်သေတယ်။ အမြင့် တက်နေတာကို နာဂစ်က အပေါ်က ကိုင်ထည့်လိုက်တော့ လွင့်ပြီး သေတာ။ ကလေးတွေ များတယ်။ မိဘတွေကလဲ အရေးပေါ် ဖြစ်နေတဲ့ အချိန်မှာ ကလေးတွေကိုလဲ ဆွဲတာပဲ။ ဒါပေမယ့် ရေလှိုင်းခုန်တော့ လွတ်သွားတာလဲ ရှိတယ်။ ကလေးတွေက ကံဆိုးတာပေါ့။
အခု ရန်ကုန် ဆင်ခြေဖုံးတွေမှာရော အခြေအနေ ဘယ်လိုရှိလဲ။
လူတွေက အကုန်လုံး ရေသောက်စရာ မရှိတော့ လည်ပင်းတွေ နာနေပြီ။ တချို့က ၀မ်းလျှောနေပြီ။ မီးတွင်းထဲမှာ မုန်တိုင်းကျနေတဲ့အချိန် ကလေးမွေးသွားတဲ့ နှစ်ယောက် ရှိတယ်။ ကလေးအမေ တယောက်က သွေးလန့်သွားတာ မျက်စိ မမြင်တော့ဘူး။ အဲဒီတော့ သူတို့အတွက် လက်လှမ်း မီသလောက် ဆရာဝန် ခေါ်သွားဖို့ အစီအစဉ် ရှိတယ်။
ဆိပ်ကြီးခနောင်တို အနောက်က လူတွေကတော့ သောက်ရေတောင် မရှိဘူး။ ကန်တွေက မြစ်ရေ လျှံတက်ပြီး ရေပြည့်သွားတာ။ ဘုန်းကြီးကျောင်း ဘေးမှာ အုတ်ကန်လေးတကန်က ရေကို သောက်နေရတာ။ အဲဒီရေကို သောက်ရေပဲ လုပ်ရတယ်။ သုံးရေ လုံးဝ မရဘူး။ ရေက နှစ်ပေ လောက်ပဲကျန်တော့တယ်။ အဲဒီရေ ကုန်ရင် ဒုက္ခရောက်ပြီ။
ဝမ်းရောဂါ ဖြစ်နေတာ ဘယ်နေရာတွေလဲ။ အခြေအနေ ဆိုးသလား။
အခြေအနေက အရမ်းဆိုးတယ်။ ရန်ကုန်နား အနီးတ၀ိုက် ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေးဘက်ခြမ်း၊ ကြည့်မြင်တိုင် တဘက်ခြမ်း အေးရွာတို့ ၀မ်းရောဂါတွေ အရမ်း ဖြစ်နေပြီ။ ကယ်ဆယ်ရေးတွေ မရောက်သေးဘူး။ ဒဂုံ တောင်မြောက်တွေလဲ အရမ်း အခြေအနေ ဆိုးတယ်။ ဒီနေ့နဲ့ဆို ထမင်းကျွေးတာ ၈ နပ် ရှိသွားပြီ။ ဒီနေ့ တဖွဲ့က ဒေးဒရဲ၊ တွံတေး၊ အေးရွာ သွားတယ်။ သောက်ဖို့ ရေတောင် မရှိဘူး။ မြစ်ရေတက်သွားတော့ သောက်ရေကန်တွေပါ ပျက်စီးသွားတာ။ ဒီနေ့ အေးရွာမှာ တအိမ်ထောင် ၅ ထောင်နဲ့ ၁၅ သိန်း ဖိုး ပေးခဲ့တယ်။ ဆေးခန်းလေးဖွင့်၊ ဆရာဝန်ငှားပြီး ကျန်းမာရေး လုပ်ပေးဖို့ပါ အစီအစဉ် ရှိတယ်။ ဖျားနာသူတွေ များလာပြီ။ ၀မ်းလျှောလာပြီ။ ကယ်ဆယ်ရေးကို အကုန်လုံးက မျှော်နေတယ်။
ထမင်းဟင်းဝေတော့ အဝေးရွာတွေကို ဘယ်လို သွားကြလဲ။
ကျနော်တို့ ပဲ့ထောင်နှစ်စီး ငှားသွားတယ်။ ဒီနေ့ ထမင်းသွားကျွေးတဲ့ ရွာက ရွာက ဆိပ်ကြီးခနောင်တိုကနေ တော်တော် သွားရတယ်။ အိမ်ခြေ ၁၃၀၀ လောက် ရှိတယ်။ ဘုန်းကြီးကျောင်းကနေ ထမင်းဟင်းဝေတာ။ ဟင်းတွေဘာတွေကို ကျနော်တို့ ရန်ကုန်မှာ ချက်တယ်။ ထမင်းရော ဟင်းရော ချက်ပြီး တခါတည်း ယူသွားတာ။ တရက် ဟိုမှာ ချက်သေးတယ်။ သိပ်အဆင်မပြေတာနဲ့ မချက်တော့ဘူး။ ကိုင်းချိုင့်ကြီးတွေ အိုးတွေနဲ့ ယူသွားတာ။ ဒီနေ့ မနက် ဘဲဥ ပဲဟင်း၊ ညနေဟင်းက ငါးခြောက်နဲ့ ငရုတ်သီးကြော်။ မနေ့က ကြက်ဥကြော်နဲ့ ပန်းဂေါ်ဖီကြော်။ ဘူးသီးကြော်ချက်။
ကျနော်တို့က ဘုန်းကြီးကျောင်း သွားလိုက်တယ်။ ဘုန်းကြီးကျောင်းမှာ ဝေတယ်။ လိုအပ်ရင် ဆရာဝန်တွေက ထိုးပေးတယ်။ ဆရာဝန်တွေကို ကူညီပေးပါဆိုပြီး အကုန်လိုက်နှိုးဆော်ထားတယ်။
ဒုက္ခသည်တွေ ဘ၀အခြေအနေက....
သူတို့တွေရဲ့ ဘ၀က စားစရာမှ မရှိတာ။ လုံးဝ ဘာမှ စားစရာ မရှိဘူး။ ကျနော်တို့ ဒီက ချက်သွားပေးတာ မရှိရင် ရှိတဲ့ ဆန်လေးကို ချက်စားနေရတာ။ ဘုန်းကြီးကျောင်း စင်္ကြန်တွေ၊ မြင့်တဲ့နေရာလေးတွေမှာ တာလပတ်လွှမ်းပြီး အိပ်နေကြတာ။ တချို့လဲ တဲလေးတွေ ပြန်ပြင်ပြီး ယာယီလေး နေလို့ရရအောင် နေကြတယ်။ အမိုးအကာ သူတို့ ဘယ်ဝယ်နိုင်မှာလဲ။ တနေ့လုပ် တနေ့စားလေးတွေပဲဥစ္စာ။ တာလပတ်လေးတွေ တအိမ်ကို ခုနစ်ကိုက် ရှစ်ကိုက်လောက်ဆိုရင် ယာယီ မိုးထားလို့ ရမယ်။ အဲဒီလောက်လေးတွေ ကျနော်တို့ စဉ်းစားတယ်။
အခု လမ်းမတော်လူငယ် ဘောလုံးအသင်းက ချက်ကျွေးပြီး လိုက်ဝေနေနေကြတာ တနေ့ လူဘယ်နှစ်ယောက်စာလောက် ရှိမလဲ။
ကျနော်တို့က ခွဲကျွေးတယ်ဆိုတော့ အားလုံး ကျနော်တို့ ကျွေးတဲ့ အင်အားက ပေါင်းလိုက်ရင် ၂၅၀၀ လောက် ရှိမယ်။ သုံးနေရာ ခွဲကျွေးတာဆိုတော့။
ဒီလောက် ချက်နေတော့ ကုန်ဈေးနှုန်းက ဘယ်လိုရှိလဲ။ ဘယ်လို ၀ိုင်းကြ၀န်းကြလဲ။
ကြက်သားတပိသာ တသောင်း၊ ၀က်သားက ၈၀၀၀ ရှိတယ်။ ဆန်တအိတ်က ၄ သောင်း။ ကန်စွန်းရွက်တစည်း ၂၅၀။ အာလူးတပိဿာ ၁၀၀၀။ တနေ့ ဆန် လေးအိတ်ခွဲဆိုတာ မနည်းတော့ မနည်းပါဘူး။ ဒါပေမယ့် တကယ်တမ်း တွက်ကြည့်ရင် ဆင့်ပါစပ် နှမ်းပက်သလို ဖြစ်နေတယ်။ ရပ်ကွက်ထဲကနဲ့ ဓမ္မာရံကလူတွေနဲ့ ကိုယ့်ဟာကိုယ် ချက်တာပေါ့နော်။ ရပ်ကွက်ထဲက သူငယ်ချင်းတွေ၊ အပြင်က သူငယ်ချင်းတွေ စုပြီး ကိုယ်တိုင် ချက်ပို့တယ်။ ကျနော်တို့ လူ ၄၀ လောက် ရှိတယ်။ ရပ်ကွက်ထဲက စေတနာရှိတဲ့ လူကြီးတွေကလဲ ၀ိုင်းထည့်ကြတာပေါ့။ ဝေတဲ့ နေရာမှာတော့ အကုန် တန်းစီခိုင်းပြီး ဘုန်းကြီးတွေကလဲ သေချာ လုပ်ပေးတယ်။
အစားအသောက် လိုက်ဝေတော့ မြင်ရတဲ့ဘ၀တွေ ပြောပါဦး။
ဒီနေ့ တွေ့ခဲ့တဲ့ မိသားစု တစုဆို ချဉ်ပေါင်ရွက်တွေ ကန်စွန်းရွက်တွေ လိုက်ခူးတယ်။ မီးဖိုပေါ်တင်ပြီး ချက်နေကြတယ်။ ကျနော်က သေချာ ကျက်အောင် ချက်စားပါလို့ မှာခဲ့တယ်။ ထင်းက လောလောဆယ် ထင်းစိုတွေပဲ ရှိတယ်။ လဲသွားတဲ့ အပင်က ခုတ်ထစ်ပြီး ချက်နေတာ။ ဆန်က ရသလောက်နဲ့ ရှိတဲ့ ဟင်းစားလေးတွေ ချက်နေတာ။ မိသားစု ငါးယောက်ရှိတဲ့ အိမ်ဆို ဆန်နို့ဆီဘူး နှစ်ဘူးပဲ ရှိတယ်။
လူတွေက အားအင် ချိနဲ့နေတယ်။ အစာ၀၀ စားနိုင်ဖို့က လောလောဆယ် အရေးကြီးနေတယ်။ အရင်လို လန်းလန်းဆန်းဆန်းလဲ မရှိဘူး။ အစက လက်သမားတို့ ဘာတို့ ကျပန်းအလုပ် လိုက်လုပ်တာ ရှိတယ်။ ခုအချိန် ဘယ်လုပ်နိုင်မလဲ။ သက်ကြီးရွယ်အိုတွေလဲ အကုန် လန့်နေတယ်။ အသက် ၇၀ ကျော် အမေကြီးဆို "ငတ်ပြီးတောင် သေမလား မသိဘူး သားလေးတွေရယ်"ဆိုပြီး ပြောတယ်။ ကျနော်တို့ကလဲ "အမေ.. ကျနော်တို့ တတ်နိုင်သလောက် ကူညီပါ့မယ်"လို့ ပြောခဲ့ရတယ်။
ရေရှည် ဘယ်လို မြင်သလဲ။
ရေရှည်အတွက်တော့ ကျနော်တို့ မစဉ်းစားရသေးဘူး။ လှူနိုင်သလောက် လုပ်ပေးနေတာပေါ့။ အခုလောလောဆယ် စားဖို့က အရေးကြီးနေတော့ စားဖို့နဲ့ ဆေးပဲ လုပ်ပေးနေတာပေါ့။
မိုးကျရင်ကော...
မိုးကျရင် ဘာမှ မစဉ်းစားနဲ့။ ဒုက္ခက သေချာတယ်။ တာလပတ်လေးတွေ ရရင်တော့ အိမ်လုံးလုံးကြီး ပြန်မဆောက်ပေးနိုင်ရင်တောင် ရွက်ဖျင်တဲ လောက်တော့ ထိုးနိုင်မယ်ပေါ့လေ။
ဒီလို ကျွေးနိုင်ဖို့ ငွေကြေးက ဘယ်လို စီစဉ်ကြလဲ။
ငွေက သူငယ်ချင်း အပေါင်းအသင်းတွေက ငါးထောင်ထည့် တသောင်းထည့်၊ လေးငါးသောင်းထည့်ကြတယ်။ တချို့လဲ ငါက ဆန်တအိတ် လှူမယ်ပေါ့။ အဲဒီလို စုပြီး သွားကြတာ။
နာဂစ် လာတုန်းက အတွေ့အကြုံ ပြောပါဦး။ နေတဲ့အိမ် ထိသွားသေးလား။
ကျနော့်အိမ်က အမြင့်ဆုံးကိုး။ သွပ်မိုးလန်သွားတယ်။ ခေါင်ပွင့်သွားတယ်။ ပထမ လေမှာ မလန်ဘဲ နောက်တလေမှာ ခေါင်ပွင့်သွားတယ်။ ကျနော့် သားနှစ်ယောက်ကို သိပ်နေရင်းနဲ့ ည ၂ နာရီခွဲလောက်မှ လေ အရမ်းကြမ်းလာတော့ ကလေးတွေ ခေါ်ပြီး ဘာပစ္စည်းမှ မယူဘဲ ကျနော့်သူငယ်ချင်းအိမ် ပထမထပ် ဆင်းပြေးတာ။
ပြန်တက်လာတော့ ကျနော့်အိမ် ပေါ်ထပ် ၈ လွှာမှာ ရေ တပေလောက် ရှိတယ်။ လေထဲမှာက စလောင်းတွေ၊ သွပ်တွေ ပါတယ်။ အိမ်ခေါင်မိုးပေါ်မှာဆိုရင် ၄-၂ သစ်သားချောင်းတွေ ၁၂ ပေလောက် အချောင်းကြီးတွေ ခြောက်ချောင်း ရှိတယ်။ အုတ်နီခဲတွေ ရှိတယ်။ သွပ်တွေ ရှိတယ်။ ၀ုန်းဒိုင်းဆို ကျလာတာ။ ကျနော်တို့လဲ ဆင်းပြေးတာပဲ။ ကားတွေ ပိတယ်။ ဓာတ်တိုင်တွေ ကျိုးတယ်။ ဒီလိုမျိုး တခါမှ မကြုံဖူးဘူး။
အ၀တ်အစားတွေ ဝေတာက ဘယ်လို စီစဉ်သလဲ။
အ၀တ်အစားတွေကို အကျီတွေ လုံချည်တွေ ပါကင် ထုပ်ပြီး ကျားမခွဲ ပို့တယ်။ ဘိုကလေးကို အစုံ ၆၀၀ ပေးလိုက်ပြီ။ ဒီနေ့ပဲ။ ကျနော်တို့ အုပ်စုထဲက ဆရာဝန်နှစ်ယောက် သူငယ်ချင်း တယောက် သုံးယောက် ဆင်းသွားပြီ။ မြစ်ဝကျွန်းပေါ်ကတော့ ၀မ်းရောဂါ စနေပြီ။ အလောင်းတွေ အများကြီး ပေါ်လာတာ။ တချို့ ဆယ်တောင် မဆယ်ရသေးဘူး။ တတ်နိုင်သလောက် ကူညီကြပါ။ ဘာပဲ ကူကူပေါ့ဗျာ။ ဒုက္ခ ရောက်နေတဲ့ သူတွေကို ကူညီရာမှာ ဘာပဲဖြစ်ဖြစ်။ ဆန်လိုတယ်။ ဆန်ရယ် ဆေးရယ် အဓိကပေါ့။
ရင်ထဲမှာ ပြောချင်တာတွေ ရှိရင်.....
ကျနော်က အခု ဖြစ်နေတဲ့ လူတွေကို မိသားစုသဖွယ် ကူညီကြဖို့ပေါ့နော်။ အခု.. ကျနော် စိတ်မကောင်းဘူး။ (ငိုသံဖြင့်)အခု အမေရိကန်တို့ ပြင်သစ်တို့ ကူညီမယ်ဆိုတာ လူကြီးတွေ ညှိနှိုင်းပြီး လက်ခံစေချင်တယ်ပေါ့နော်။ ကျနော် သူတို့ကို သဘောထား ပျော့ပျောင်းခိုင်းတာ မဟုတ်ပါဘူး။ အခုလဲ နိုင်ငံရေး ပြောတာ မဟုတ်ပါဘူး။ အခု ဖြစ်နေတဲ့ ဘေးဒုက္ခမှာတော့ ၀ိုင်းဝိုင်းဝန်းဝန်း လုပ်လိုက်ရင် ကပ်ဆိုးတွေ သက်သာမယ် ထင်တယ်။
ကျနော်တို့ကတော့ ဆေးလေးတွေ လိုချင်တယ်။ ငွေလှူနိုင်ရင်လဲ ငွေလှူကြပါ။ ဒီနှစ်ခုက အရေးအကြီးဆုံး။ (အသံတုန်လျက်) စိတ်မကောင်းဘူး။ အဲဒီလို ဖြစ်တာ။