http://www.meebo.com/rooms

Padauk Myay

ReliefWeb: Updates by Country

Welcome to the Mizzima News - Burmese Version

သတင်းမဵား

VOA News: Burma

VOA News: Disasters and Accidents

NYI LYNN SECK 18+ DEN

CYCLONE NARGIS - Google News

MoeMaKa Media - မိုးမခ မီဒီယာ

ဒေါက်တာလွဏ်းဆွေ

နေနတ်နွယ်

ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ

Promoting Humanity

Saturday, May 31, 2008

ကိုယ်တွေ့ရန်ကုန်နာဂစ် ( Courtesy of drlunswe.blogspot.com)

၂၀၀၈ခုနှစ် မေလ (၂)ရက်နေ့ (သောကြာ)
နံနက်ခင်းကတည်းက မိုးတွေအုံ့မှိုင်းလို့နေသည်။ ရွာတော့ မရွာသေး။ နေရောင် မမြင်ရသဖြင့် ရန်ကုန်တမြို့လုံး ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေသည်။ နံနက် ၉း၀၀နာရီ၊ အီးမေးလ်ဖွင့်ကြည့်လိုက်တော့ US Embassy၊ ရန်ကုန်မြို့က အဆင့်မြင့် သတိပေးမှုတခု ပေးပို့ထားသည်ကို ဖတ်လိုက်ရသည်။ အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော ‘နာဂစ်’ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့ဘက်သို့ အရှိန်အဟုန်ပြင်းစွာ ရွှေ့လျားနေပြီး နောက်ထပ် သုံးနာရီအတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းတော့မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် သတိပေးထားခြင်း ဖြစ်သည်။ ထိုနေ့က ရန်ကုန်မြို့၊ အမေရိကန်သံရုံး ပိတ်ထားလိုက်သည်။ အမေရိကန် မိုးလေ၀သဋ္ဌာန၏ သတိပေးချက်အရ မုန်တိုင်းအရှိန်ဖြင့် ပင်လယ်ဒီရေ (၁၈)ပေအထိ မြင့်တက်နိုင်သည်ဟု ဆိုသည်။ မုန်တိုင်းဒဏ်ခံရပြီးလျှင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် အထူးသဖြင့် ‘သောက်ရေ’ အလုံအလောက် ရရှိရေး ကြိုတင်ပြင်ဆင်ထားရန် နှိုးဆော်ထားသည်။

အမေရိကန်သံရုံးမှ အီးမေးလ်ဖြင့် ကြိုတင်သတိပေး နှိုးဆော်မှုက အတန်အသင့် ထိရောက်သည်ဟု ဆိုနိုင်သည်။ နံနက် (၁၀)နာရီကျော်မှာပင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ရန်ကုန်လူထုမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ “နောက်သုံးနာရီမှာ မုန်တိုင်းဖြတ်မယ်လို့ ပြောတယ်” သံရုံးအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ကုမ္ပဏီ ၀န်ထမ်းများက ‘မုန်တိုင်း’ သတင်းကို အထိတ်တလန့် ဖြစ်နေသော်လည်း သာမန်လက်လုပ်လက်စား အသိုင်းအ၀ိုင်းကတော့ သတိမူမိပုံမရ။ ထိုနေ့ထုတ် ကြေးမုံသတင်းစာတွင် ‘နာဂစ်’ မုန်တိုင်းသတင်းအကြောင်း မိုးလေ၀သဋ္ဌာနမှ ဦးထွန်းလွင်၏ ပြောကြားချက် ပါသော်လည်း ထိရောက်သော သတိပေးမှုမျိုးမပါ။ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံက ပုံမှန်အတိုင်း နေ့လည်လောက်မှ ထွက်သည်။ ရန်ကုန်လူထု အများစု သတင်းစာ မဖတ်သဖြင့် ‘နာဂစ်’ သတင်းကို မသိကြ။

မွန်းလွဲ ၁း၀၀နာရီကျော်တွင် ရန်ကုန်တစ်မြို့လုံး မိုးတွေအုံ့မှိုင်းပြီး စတင်ရွာသည်။ တချို့နေရာတွေမှာ မိုးသည်းပြီး တချို့နေရာတွေမှာတော့ စွေရုံမျှ စွေသည်။ ခါတိုင်း မုန်တိုင်းရှိသည်ဆိုသော သတင်းထွက်လျှင် သည်လိုပဲ မိုးတွေ တအားရွာသဖြင့် မိုးစဲသွားလျှင် မုန်တိုင်းပြီးပြီဟု ရန်ကုန်လူထု အများစု မှတ်ယူထားကြသည်။ မိုးက မွန်းလွဲပိုင်းမှစပြီး တောက်လျှောက် တစ်ညနေလုံး ရွာသည်။ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေစတင်လွှမ်းသည်။ သို့သော် ကြီးကြီးမားမား ထိခိုက်မှု ဘာမျှမရှိသေး။ သည်လိုနှင့် မေ(၂)ရက်နေ့ညကို ဖြတ်သန်းခဲ့သည်။

ည(၈း၀၀)နာရီ ကျော်ကျော်တွင် အရှေ့ဘက်မှ လေတွေ တဟူးဟူး အော်ပြီး တိုက်လာသည်။ လေသာတိုက်ပြီး မိုးမပါသေး။ လေတိုက်နှုန်းက သမားရိုးကျတိုက်ပြီး ရပ်သွားသည်မဟုတ်။ တရစပ်အားဖြင့် တိုက်နေရာ သစ်ပင်ကြီးများအားလုံး အနောက်ဘက်သို့ ယိမ်းညွှတ်ပြီး အကိုင်းတွေ အရွက်တွေ စတင်ပြတ်ထွက်သည်။ လေဒဏ် ခံနိုင်စွမ်းမရှိသော အပင်ကြီးအချို့ မြေသို့ ဗုန်းဗုန်းလဲပြိုသည်။ အိမ်ပြတင်းမှန်များ လေဒဏ်ကြောင့် ဖျောင်းခနဲ ဖျောင်းခနဲ ကွဲသည်။ အိမ်ခေါင်းမိုကို နာနာဘာဝ တစ်ကောင်လို လာရောက် ဆွဲမွှေ့နေသည့် အသံက လေသံနှင့် ရောနေသည်။ လေနှင့်အတူ မိုးများပါလာပြီ။ အိမ်ပြတင်းတံခါးကို မည်သူမျှ မဖွင့်ရဲ။ တောဆင်ရိုင်း တစ်ကောင်လို တဟူးဟူး အသံပေးပြီး ၀င်လာသော လေပြင်းနှင့် ယိမ်းထိုးနေသော သစ်ပင်ကြီးများကို အမှောင်ထဲမှာ မြင်ရသည်။ ပုံမှန်လျှပ်စစ်မီး မရသော ရန်ကုန်မြို့သည် ထိုနေ့ မွန်းလွဲပိုင်းကတည်းက လျှပ်စစ်ဓာတ်အားလိုင်း အားလုံးကို ဖြတ်ထားလိုက်ပြီ။

ဖျောင်းခနဲ သစ်ကိုင်းကျိုးသံ၊ ၀ုန်းခနဲ အိမ်ခေါင်မိုး လန်ကျသံ၊ ဗြန်းခနဲ အဝေးမှ လေနှင့်အတူ ပြုတ်ကျလာသော အရာဝတ္ထုသံများ ဆူညံနေသည်။ ခေါင်မိုးတွင် တပ်ထားသော ဂြိုဟ်တုစလောင်းမှာ ထီးရွက်စုတ်တစ်ခုလို အရိုးတံပဲ ကျန်ခဲ့သည်။ ညသန်းခေါင်ကျော် နောက်တစ်နေ့ နံနက် ၄း၀၀နာရီ ကျော်မှာတော့ စောစောက အရှေ့ဘက်မှ တိုက်နေသော လေသည် အနောက်ဘက်မှ တဟူးဟူး ပြန်တိုက်လာသလို ရေတိုင်ကီတွေ မှောက်ချလိုက်သလို မိုးက ဒလဟော သည်းထန်စွာ ရွာသည်။ အိမ်ခြံဝင်းထဲမှာ ပေါင်လယ်လောက် ရေ၀င်လာသည်။ ပုံမှန်မိုးသည်းလျှင်တောင် ခြေမျက်စိလောက်ပဲ ရေမြုပ်သည့် နေရာမှာ ရေဒလဟော ၀င်လာသဖြင့် အောက်ထပ်တခုလုံး ရေလွှမ်းသည်။ စာအုပ်စင်၊ ကွန်ပျူတာ၊ အရေးကြီး ပစ္စည်းများအားလုံး ရေလွတ်ရာ သိမ်းကြုံးရွှေ့ပြောင်းရသည်။ “အမေတို့ တသက်နဲ့ တကိုယ် တစ်ခါမှ မကြုံဖူးဘူး” အိမ်ရှိ အသက် ၈၀ကျော် အမေအိုက မှတ်ချက်ချသည်။

နံနက်(၈း၀၀)နာရီအထိ မိုးရော လေရော ကောင်းနေတုန်းဖြစ်သည်။ လမ်းပေါ်ကြည့်လိုက်တော့ တစ်နွေလုံး အရိပ်ပေးထားသည့် ခရေပင်တွေ တစ်ပင်မျှ မရှိတော့။ အားလုံး အမြစ်ကျွတ်ကာ လဲပြိုပြီး လမ်းမပေါ် တုံးလုံးပက်လက် ဖြစ်နေသည်။ နေ့လည် (၁၁း၀၀)နာရီ အကျော်မှာ မိုးရောလေရော အရှိန်နည်းနည်း လျော့လာသည်။ လမ်းမပေါ် လူတချို့ ထွက်လာသည်။ အိမ်ရှေ့မှာ ရေကြီးနေပြီ။ ရပ်ကွက်တခုလုံး ရေလွှမ်းထားသည်။

အခြေအနေ သိချင်သဖြင့် အိမ်ထဲမှ ထွက်ခဲ့သည်။ ပေါင်လယ်လောက် ရောက်နေသော ရေထဲမှဖြတ်၍ လမ်းမရှိရာ မှန်းလာခဲ့သည်။ လမ်းရှာမရတော့။ လမ်း၏ ဟိုဘက်သည်ဘက်မှ သစ်ပင်ကြီးများအားလုံး လဲကျသဖြင့် ရှေ့ဆက်၍ မရတော့။ တယ်လီဖုန်းတိုင်များ ပြိုကျနေသည်။ ကွန်ကရစ် ဓာတ်တိုင်များ လမ်းမပေါ် အတုံးအရုံး ကျိုးကျနေသည်။ သစ်ကိုင်းများ၊ ဓာတ်ကြိုးများကို ဖယ်ရှားပြီး လူတစ်ကိုယ်စာ ရှောင်ရှားရင်း လမ်းမပေါ် မရောက်အရောက် ထွက်ခဲ့သည်။ လူတွေအားလုံး မင်သက်မိနေသည်။ လမ်းဆုံလမ်းခွရှိ အချက်ပြ မီးတိုင်များ တုံးလုံးပက်လက် လဲပြိုသလို ကြော်ငြာဆိုင်းဘုတ်ကြီးများ လမ်းပေါ်ပြားကျနေသည်။ သစ်ပင်ကြီး အားလုံးနီးပါး လဲပြိုကာ ကျန်နေသော အပင်အားလုံး အရွက်ကြွေကုန်သဖြင့် မြင်နေကျ ရန်ကုန်မြင်ကွင်းမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ စစ်ကြီးပြီးစ မြင်ကွင်းမျိုး။ မကြာသေးမီကမှ ဗုံးဒဏ်ခံလိုက်ရသလို မြင်ကွင်းမျိုး။

ဘယ်မှာလဲ ကြက်ခြေနီ၊ ဘယ်မှာလဲ မီးသတ်၊ ဘယ်မှာလဲ ကြံ့ဖွတ်၊ ဘယ်မှာလဲ ရဲ၊ ဘယ်မှာလဲ စစ်တပ်။
လမ်းမပေါ်မှာ အတုံးအရုံး လဲပြိုနေသော သစ်ပင်ကြီးများကြောင့် ယာဉ်သွားလာမှု လုံးဝရပ်တန့်သွားသည်။ ဟိုနားသည်နား ဆိုက္ကားခ ၃၀၀၀၊ ၄၀၀၀။ တက္ကစီ ၁၀၀၀၀။ ဘတ်(စ်)ကား ၅၀၀ကျပ်။ လမ်းပေါ်မှာ အပင်ကြီးတွေ လဲနေသဖြင့် အချို့ကားများ ရှောင်ကာကွင်းကာ မောင်းသွားရသည်။ အချို့လမ်းများ လုံးဝ သွားမရတော့။ တာမွေအ၀ိုင်းကြီးထိပ်ရှိ ရွှေညောင်ပင်ကြီး လမ်းမပေါ် တုံးလုံးလဲကျသည်။ လမ်း၏ ဟိုဘက်ခြမ်းမှ ကြော်ငြာဘီလ်ဘုတ်ကြီးက အလျားလိုက် တစ်ဖက်ခြမ်းသို့ လဲကျသဖြင့် လမ်းပိတ်သွားသည်။ ဦးဝိစာရလမ်းတလျှောက် အပင်ကြီးများအားလုံး လဲပြိုသည်။ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ လူသုံးဖက်စာလောက် ကြီးသော ကုက္ကိုပင်ကြီးမှာ လမ်းပေါ်အလျားလိုက် လဲကျသဖြင့် နောက်ငါးရက်လောက်အထိ သည်အတိုင်း ပိတ်ဆို့နေသည်။

မုန်တိုင်းစဲပြီး နောက်တနေ့အထိ ရန်ကုန်မြို့မှာ ငြိမ်သက်နေသည်။ ဘာကယ်ဆယ်ရေးမှ မရှိ။ ဘာအကူအညီမှ မလာ။ ကိုယ့်အိမ်ရှေ့ သစ်ပင် ကိုယ့်ဖာသာကိုယ် ခုတ်ရှင်း။ အတုံးအရုံး အလဲအပြို အကျိုးအပျက်များ … သည်အတိုင်း … ရှင်းမည့်သူ မရှိ၊ ကူမည့်သူ မရှိ၊ တစ်ရက် နှစ်ရက် သုံးရက် …။

“ကျွန်တော်တို့ ပြည်သူတွေဟာ မိဘမဲ့ ကလေးတွေလို အားကိုးမဲ့ကြရတယ်။ တာဝန်ယူသူမဲ့၊ စောင့်ရှောက်သူမဲ့နဲ့ အစွန့်ပစ်ခံတွေလို နေကြရတယ်။ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရဟာ ကိုယ့်ပြည်သူပြည်သားတွေ ဒုက္ခရောက်နေတာကို မသိကျိုးကျွံ လျစ်လျူရှုနေနိုင်ခဲ့တယ်။ ဘာမှ မဖြစ်သလို၊ ဘာမှ မဆိုင်သလို လက်ပိုက်ကြည့်နေတာဟာ အင်မတန် အကြင်နာကင်းမဲ့တဲ့ လုပ်ရပ် လူသားချင်း စာနာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်ပဲ”

“ဆန္ဒပြတဲ့ လူတွေကို သေနတ်နဲ့ပစ် ဖြိုခွဲဖို့ လက်မနှေးတဲ့ စစ်တပ်၊ အခု လူတွေ ဒုက္ခရောက်နေတော့ ဘယ်ရောက်နေသလဲ”

“မနေ့တနေ့က ဆန္ဒမဲပေးဖို့ လိုက်ဆွယ်နေတဲ့ ကြံ့ဖွတ်တွေရော ဘယ်ရောက်ကုန်ပြီလဲ”

နာဂစ်မုန်တိုင်း ၀င်မွှေအပြီး ရန်ကုန်သူ ရန်ကုန်သားတို့၏ ရင်ထဲမှ အသံတွေက ပွက်လောရိုက်လို့ နေတော့သည်။

(စီ.ဂျေ)