
အဲသည်နေ့က မပြုံးကြည်(၄၃)နှစ်ရဲ့ အိမ်ပေါ်မှာ လူအယောက်၉၀ကျော်ခန့်ရှိနေခဲ့တယ်။ လေကြမ်းနဲ့အတူရေတဖြည်းဖြည်းတက်လာတဲ့အချိန်က စပြီးသည်အိမ်ပေါ်ကို တဖြည်းဖြည်း လူတွေရောက်လာကြတာ။ သည်အိမ်မှာ အမှန်တကယ်နေတာ အမျိုးသမီး နှစ်ယောက်တည်း။ ပထမတော့ မပြုံးကြည် ခေါင်းရင်းအိမ်ကကိုသိန်းဝင်း(၄၅နှစ်)အိမ်မှာလည်း လူ၂၀လောက် ရှိတယ်။ လေအရမ်းကြမ်းလာတဲ့အချိန်မှာ ကိုသိန်းဝင်းရဲ့ဘေးအိမ်ကပြိုကြပြဲီး ပိတာရယ်၊ သရက်ပင်ပိတာရယ်ကြောင့် ကိုသိန်းဝင်းအိမ်ပါပြိုတယ်။ ကိုသိန်းဝင်းအိမ်မှာရှိတဲ့ လူတွေကော နှစ်အိမ်ပေါင်းကလူ ၉၀ကျော် မပြုံးကြည်အိမ်ပေါ်ရောက်လာတယ်။ မေ ၂ ရက်က နာဂစ်ဆိုက်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံမြစ်ဝကျွန်းဒေသေကို ၀င်ရောက်တိုက်ခတ်စဉ်က ကွမ်းခြံ ကုန်းမြို့နယ်၊ တော်ပုလဲရပ်ကွပ်က လူအများစုကို ကယ်တင်နိုင်ခဲ့တဲ့ အိမ်ကလေး အကြောင်းပါ။ မေ ၂ ရက်ည လေစကြမ်းကတည်းက မပြုံးကြည်နဲ့အတူနေ မမြင့်အေး(၄၇နှစ်) နဲ့ကိုသိန်းဝင်း တို့က မခိုင်တဲ့အိမ်ကလူတွေ သူတို့အိမ်တွေအပေါ် ပြောင်းလာနေကြဖို့ လိုက်အော်ပြောကြတယ်။
နောက်တော့ ကိုသိန်းဝင်းရဲ့ ပျဉ်ခင်း၊ ၀ါးထရံကာ၊ သွပ်မိုးအိမ်လေးပါ ပြိုလဲခဲ့တယ်။ ပျဉ်ထောင်ပျဉ်ခင်း၊သွပ်မိုးထားတဲ့ မပြုံးကြည်အိမ်လေးကတော့ ကံကောင်းစွာနဲ့ မပြိုမပျက်နိုင်ဘဲ ကျန်ခဲ့တယ်။ “ဒီအိမ်ကလေးကျန်ခဲ့လို့ ကျွန်မတို့အသက်ရှင်တာ၊ ဒီအိမ်လေးသာ ပြိုခဲ့ရင် အိမ်ပေါ်ကလူအများစုသေမှာပဲ” လို့ လာရောက်ခိုလှုံခဲ့တဲ့ အမျိုးသမီး တစ်ဦးက ပြောတယ်။ အဲသည်အနီးအနားက အိမ်ခြေအများစုဟာ မုန်တိုင်းကြောင့် ရာနှုန်းပြည့်ပျက်စီးခဲ့တယ်။ ပျက်စီးသွားတဲ့အိမ်ကလူတွေ သည်အိမ်ကလေးမှာ စုရုံးရောက်လာကြတာပါ။ “ဒီအခန်းထဲမှာတင် လူ၂၀လောက်ရှိတယ်၊ ကျပ်ညပ်ပြွတ်သိပ်ပြီးနေရတာ” လို့ ကိုသိန်းဝင်းက ခုနှစ်ပေပတ်လည်လောက်ရှိမယ့် အိမ်ခန်းတစ်ခုကို ညွှန်ပြရင်းပြောတယ်။ “ရေကအိမ်ပေါ်တင် ခါးကျော်တယ်” လို့ မပြုံးကြည်ကပြောတယ်။ မနက် ၅နာရီခွဲလောက်မှ ရေကလျော့တယ်ဆိုရုံဖြစ်လာတယ်။ အဲသည်အချိန်မှာ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ဓါတ်မီးလေးတွေနဲ့ ရေထဲမှာ စမ်းတ၀ါးဝါးလျောက်ရင်း ကုန်းမြင့်ပိုင်းကို ပြောင်းရွှေကြတယ်။ “ရေစီးကအရမ်းကြမ်းတော့ လမ်းမှာသစ်ငုတ်တစ်ခုကို ဖက်ထားရသေးတယ်၊ ဓါတ်မီးသာမရှိရင် မလွယ်ဘူး” လို့ကိုသိန်းဝင်းကပြောတယ်။ တော်ပုလဲတစ်ရပ်ကွက်လုံးနီးပါး ပျက်စီးခဲ့တာကြောင့် အများစုက ရပ်ကွက်ဘုန်းကြီးကျောင်းမှာ သွားနေကြရတယ်။ ဘုန်းကြီးကျောင်းလည်း အမိုးအချို့လန်ထွက်တာကြောင့် အမိုးအကာရှိတဲ့နေရာလေးမှာ စုရုံးခိုလှုံနေတာတွေ့ရတယ်။ တချို့ကလည်း မြို့ပေါ်ကနီးစပ်ရာဆွေမျိုးတွေအိမ်မှာ သွားနေကြတယ်။ မုန်တိုင်းတိုက်ခတ်ခံရပြီးနောက်ပိုင်းမှာ ရေစိုဆန်တွေပဲစားခဲ့ရတယ်။ ရေတ၀က်လောက်ပဲရှိတဲ့ အိုးတွေကရေကြီးလာတဲ့အခါ ရေပေါ်ပေါလောမျောနေတယ်။ အဲသည်အိုးထဲက ရေတွေလိုက်စုပြီး သောက်ရေလုပ်ခဲ့ရတယ်လို့ ပြောကြတယ်။ အပျက်အစီးအသေအပျောက်များခဲ့ရတာက လေနဲ့အတူပါလာတဲ့ ရေလှိုင်းတွေကြောင့်လို့ ဆိုကြတယ်။ “ပင်လယ်ရေပါတက်လာတော့ လှိုင်းလုံးတစ်လုံးတစ်လုံးဆိုတာ မနည်းဘူး၊ ချောင်းရေလောက်တော့ ကျွန်တော်တို့ကစာမဖွဲ့ဘူး” လို့ကိုသိန်းဝင်းကပြောတယ်။ သူ့အိမ်ပြိုတဲ့အပြင် ဘာပစ္စည်းမှပြန်မရတော့ဘဲ သူဝတ်ထားတဲ့အ၀တ်တစ်စုံသာ ကျန်ခဲ့တယ်လို့ဆိုတယ်။ အဲသည်ရပ်ကွက်မှာ မိသားစုဝင်ခြောက်ယောက်ရှိတာ ငါးယောက်သေဆုံးသွားလို့ အသက် ၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦး စိတ်ဝေဒနာခံစားနေရတယ်လို့လည်းပြောကြတယ်။ မုန်တိုင်းကြောင့် ရပ်ကွက်တစ်ခုလုံးပျက်စီးခဲ့ရပြီး မိသားစုတွေပါတစ်ကွဲတစ်ပြားဖြစ်ခဲ့ရတယ်။ ကိုသိန်းဝင်းက သူ့သားကိုရင်ဝတ်နေတဲ့ ဘုန်းကြီးကျောင်းမှာ အခုလောလောဆယ် လိုက်နေတယ်။ ကျောင်းဖွင့်ချိန်ကြရင် သူ့သားကိုကျောင်းထားနိုင်ဖို့ အဆင်ပြေမယ့်တစ်နေရာရာကို ပြောင်းရွှေ့မယ်လို့ဆိုတယ်။ သူ့ဇနီးတော မိဘတွေစီပြန်ပို့ထားမယ်လို့ပြောတယ်။ “အရင်က ဒီနေရာကနေကြည့်လိုက်ရင် စိမ်းစိမ်းစိုစို လေကလေးတဖြူးဖြူးနဲ့ အရမ်းသာယာခဲ့တာ၊ အခုတော့ဒီနေရာမှာ နေရာတာ နှလုံးမသာယာတော့ဘူး၊ မိသားစုတွေလည်းတစ်ကွဲတစ်ပြားဖြစ်နေတယ်၊ ဒီနေရာမှာ ကြာကြာနေရင် ကယ်ပါယူပါအသံတွေနဲ့ မျက်စိထဲပြန်မြင်လာတယ်၊ ဒါကြောင့်မနေချင်တော့ဘူး” လို့ ကိုသိန်းဝင်းကပြောတယ်။