နာဂစ် ဆိုင်ကလုံးမုန်တိုင်း အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံလိုက်ရသည့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသတွင် ရက်သတ္တပတ် ၂ ပတ် ကြာမြင့်သည်အထိ ရွာများ၏ အဖြစ်အပျက်များ ပုံရိပ်များမှာ အခက်အခဲ အပြည့်၊ စိတ်ပျက် အားငယ်မှု အပြည့်သာ ရှိနေသေးသည်။ အချို့သော ရွာများဆိုလျှင် လူနေအိမ်ခြေများပင် မရှိတော့ပါ။
လပွတ္တာမြို့ တောင်ဘက် လှေဖြင့် ၂ နာရီ ခရီးသွားရသည့် ဘီတွတ်ကျေးရွာတွင် မုန်တိုင်းမတိုက်မီက လူဦးရေ ၉၁၆၉ ရှိခဲ့ပြီး ၉၁၁ ဦး မုန်တိုင်းအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။ လူဦးရေ ၁ဝ၆၈၂ ရှိသော မြစ်ပေါက်ရွာတွင် ၄၆၄၉ ဦးသေဆုံးခဲ့ကာ၊ လူဦးရေ ၆၂၁ဝ ရှိသော မောင်ငယ်ရွာတွင် ၁၂၄၇ ဦး သေဆုံးခဲ့သည်။ ထိုရွာတွင် မူလတန်းကျောင်းသား ကလေးငယ်အားလုံး တယောက်မကျန် သေဆုံးသွားခဲ့သည်။
ဒေသခံ စေတနာ့ဝန်ထမ်း တဦးက မေလ (၁၆) ရက်နေ့တွင် ဧရာဝတီ မြစ်လက်တက်တခုတွင် စောင့်ကြည့်ရာ ၃ မိနစ် အတွင်း အလောင်း ၂၇ လောင်း မျောပါသွားသည်ကို တွေ့ခဲ့ရသည်။ ထိုအထဲတွင် ကလေးငယ် ၅ ဦးနှင့် သံဃာတော် ၇ ပါး ပါဝင်သည်။ ဇီးဖြူ ကျေးရွာတွင် သူငယ်တန်းမှ ၇ တန်းအထိ ကျောင်းသားပေါင်း ၁၉၇ ယောက် ရှိရာ မုန်တိုင်း အပြီးတွင် အယောက် ၅ဝ သာကျန်သည်။ စစ်ကုန်းကျေးရွာတွင်မူ ပင်လယ် ဆားငံရေများ ဝင်ကာ ရေလွှမ်းနေသည့် လယ်ကွင်းများထဲတွင် ပုပ်ပွနေသော အလောင်း ၁၂ လောင်း ကို ဟိုနေရာတလောင်း ဒီနေရာတလောင်း ပျံ့ကြဲနေသည်ကို တွေ့မြင်ခဲ့ရသည်။ အနီးအနားတွင် မြေပြင်ပေါ် ပြိုလဲပျက်စီးနေသည့် ဝါးဖြင့် ဆောက်ထားသော တဲအိမ်များကို တွေ့ခဲ့ရသည်။
ကွမ်းခြံကုန်းနှင့် ဒေးဒရဲအကြား ကျေးရွာများသို့ သွားရောက်နိုင်ခဲ့သည့် အခြား ဒေသခံ တဦးကလည်း အလားတူ အသေအပျောက်များ၊ အပျက်အစီးများ၊ တာရှည်နေပြီ ဖြစ်သည့် ဆင်းရဲဒုက္ခများကိုသာ ပြန်လည် ပြောပြကြသည်။ ကြက်ဆင်ဖြူ ကျေးရွာသို့ မေလ (၁၁) ရက်နေ့က သွားရောက်ခဲ့ရာ လူဦးရေ ၁ဝဝ ကျော်တွင် ၈ ဦးသာ မုန်တိုင်းအပြီး အသက်ရှင် ကျန်ရစ်သည်ကိုတွေ့ရသည်။ ထူးခြားသည်မှာ အဆိုပါ အသက်ရှင်ကျန်သူ ၈ ဦးအနက် ၄ ဦးမှာ လသား ကလေးများ ဖြစ်ကြသည်။ ထိုဒေသတွင် အတွေ့ရများသည့် ရာဝင်အိုးကြီးများတွင် ကလေးများကို ထည့်ထားခဲ့သဖြင့်သာ ထိုအိုးကြီးများ မုန်တိုင်းအတွင်း ရေပေါ်တွင် မျောပါကာ ကလေးများ အသက်မသေ ကျန်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အဆိုပါ လသားကလေးများ အားလုံး ယခုအခါ မိဘမဲ့ ကလေးများ ဖြစ်သွားကြပြီ ဖြစ်သည်။
ကြက်ဆင်ဖြူ ကျေးရွာမှ သူယခင် စာသင်ကြားပေးခဲ့ဖူးသည့် ခေါင်လှသည့် “အမည်မဲ့ ရွာကလေး” သို့ ဆက်လက် သွားရောက်ခဲ့သည်။ “ဘာမှ မရှိတော့ဘူးဗျ၊ ရွာလဲ မရှိတော့ဘူး၊ အိမ်တွေလဲ မရှိတော့ဘူး” ဟု အဆိုပါ ကျောင်းဆရာက သူမြင်ခဲ့ရသမျှကို ပြောပြသွားပါသည်။ သူတွေ့ကြုံခဲ့ရသမျှမှာ အပျက်အစီးပုံများ အောက်က ပေါ်ထွက်လာသည့် သူ့ ကျောင်းသားဟောင်းများ၏ “တစ္ဆေသံများ” သာ ဖြစ်သည်ဟု ဆိုသည်။ ဤဝေးလံ ခေါင်သီလှသည့် နေရာတွင် တချိန်က ရှိခဲ့ဖူးသည့် အမည်မဲ့ ရွာကလေး အကြောင်း ထိုရွာကလေးမှ ရွာသားများ အကြောင်း နောင်တချိန်တွင် သမိုင်းကမေ့ ပျောက်သွားမည်သာ ဖြစ်သည်။
ဤမြင်ကွင်းများကို နိုင်ငံတကာ အကဲခတ်များနှင့် အဖွဲ့အစည်းများက မြင်တွေ့ခွင့် ရကြမည် မဟုတ်ပေ။ သူတို့ကို အဓိက မြို့များဖြစ်သည့် ဒေးဒရဲ နှင့် လပွတ္တာသို့သာ သွားခွင့် ပြုထားသည်။ ထိုအတောအတွင်း ကျေးလက်ဒေသရှိ လေဘေး ဒုက္ခသည်များ၏ ဒုက္ခမှာ တိုး၍သာလာနေသည်။
အဆိုပါ ကျေးရွာများသို့ မုန်တိုင်းကျအပြီး တပတ်အကြာ မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် လိုအပ်သည့် ထောက်ခံမဲများ ရရှိပြီး ဖြစ်သည်ဟု စစ်အစိုးရက မေလ (၁၅) ရက်နေ့တွင် ကြေညာအပြီးတွင်မှ သွားရောက်ခွင့် ပေးခဲ့ခြင်းကို မတွေးတတ်အောင်ပင် ဖြစ်ရသည်ဟု ဒေသခံစေတနာ့ ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်။ ဤဆန္ဒခံယူပွဲကို ကျင်းပခဲ့သော ဒေသများရှိ ပြည်သူများက စိတ်လည်း မဝင်စားခဲ့၊ ဝင်ရောက် ဆင်နွှဲနိုင်ခြင်းလည်း မရှိပါ။ ရီစရာကောင်းသည်မှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသော လေဘေးဒုက္ခသည်များကို သူတို့၏ ပျက်စီးသွားပြီ ဖြစ်သည့် ကျေးရွာများသို့ ပြန်ရန် အတင်းအကြပ် လိုက်လံ မောင်းထုတ်လျက် ရှိပြန်သည်ဟု သတင်းများ ရရှိပါသည်။ အတည်ပြုပြီး ဖြစ်သည်ဟု ကြေညာခဲ့သော အဆိုပါ ဆန္ဒခံယူပွဲကို မုန်တိုင်းဒဏ်ခံ ဒေသများတွင် မေလ (၂၄) ရက်နေ့၌ ထပ်မံ ပြုလုပ်ဦးမည် ဖြစ်သည်။
ဘီတွတ်အကြောင်း ပြန်ပြောရလျှင် စိတ်ပျက်အားငယ်ကာ ကြံရာမရ ဖြစ်နေသည့် လူ ၃ ဦးက အလောင်းများမှ လက်ချောင်းများနှင့် နားရွက်များကို ဖြတ်ကာ လက်ဝတ် ရတနာများ ဖြုတ်ယူခဲ့သည့် ဖြစ်ရပ်တခု ဖြစ်ပွါးခဲ့သည်။ ထို့နောက် ၂ ဦးမှာ အာဏာပိုင်များထံ တိုင်ကြားခံခဲ့ရပြီး အကျဉ်းနည်းဖြင့် ကွပ်မျက် စီရင်ခြင်း ခံခဲ့ရသည်။ ယခုအခါ ဤဒေသ တခုလုံးကို မကြေညာသည့် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လျက် ရှိသည်ဟု ပြောဆိုမှုများ ပေါ်ထွက်နေသည်။
ရေသန့် ဆေးပြားများ မရှိသဖြင့် ဒေသအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါမှာ ကပ်ရောဂါ အသွင်ဖြင့် ဖြစ်ပေါ်လာလျက် ရှိသည်။ ပုပ်ပွနေသော တိရိစ္ဆန် အသေကောင်များ မျောပါနေသည့် ရေကန်များမှ နံစော်နေသည့် ရေများကိုသာ ရွာသားများ သောက်သုံး နေကြရသည်။
သောက်သုံးရေသန့် မရရှိခြင်းက ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေမှု အကြီးအကျယ် မလုံလောက်ကြောင်း၊ ထိုသို့ ဝေငှနိုင်စွမ်း မရှိကြောင်း ပြသနေသည်။ ယခုအခါ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများအတွက် ပုဂ္ဂလိက အလှူရှင်များကိုသာ အဓိက မှီခိုနေရသည်။ ရေနံနှင့် ဓါတ်ငွေ့ဝန်ကြီး၏ ဇာတိရွာ ဖြစ်သည့် မြစ်ဝကျွန်းပေါ်ရှိ ကျုံနဒါးရွာကိုမူ အကြီးအကျယ် ကယ်ဆယ် စောင့်ရှောက်ထားသည်ကို တွေ့ရသည်။ ထိုရွာနှင့် မလှမ်းလှသည့် အိမ် ၂ဝဝ အနက် ၁၉၄ လုံး ပျက်စီးသွားခဲ့ရသည့် ရွာတွင် လူ ၂ဝ သေဆုံးခဲ့သည်။ သို့သော် ကယ်ဆယ်ရေး ပစ္စည်းအဖြစ် ပေးအပ်သည့် ဆောက်လုပ်ရေး ပစ္စည်းများမှာမူ အိမ်တလုံးစာသာ ရှိသည်။ ဒါတောင် ဆောက်လုပ်စရာ လက်နက် ကိရိယာ ဘာမျှမပေး။
ဖျာပုံတွင်မူ ရေတပ် တပ်ကြပ်ကြီးတဦး၏ ပေါ့ဆမှုကြောင့် အာလူခင်းများ ပျက်စီးခဲ့ရသည်။ လပွတ္တာတွင်မူ ကယ်ဆယ်ရေး ပစ္စည်းများကို အစိုးရ ဂိုဒေါင်တွင်းသို့ သွင်းရန် ဒေသခံများကို အခကြေးငွေပေး၍ ငှါးရမ်း ခိုင်းစေခဲ့သည်။ ဤဂိုဒေါင်များမှ ပစ္စည်းများ ဒုက္ခသည်များထံသို့ ရောက်မည် မရောက်မည်ကိုမူ မသိရသေးပါ။ UN, WFP, JICA, MSF, MERLIN and Melteser တို့မှ ဒေသခံဝန်ထမ်းများမှာ သူတို့၏ စေ့စပ် သေချာလှပြီး အလျှံပယ် ပေါကြွယ်ဝလှသည့် စာရွက်စာတမ်း များဖြင့်သာ အလုပ်ရှုပ်နေကြပြီး အကူအညီ အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များထံသို့ အကူအညီများကို မပေးအပ်သေးဘဲ ဆက်လက် ထိန်းသိမ်းထားနေတုံး ရှိသေးသည်ဟု ပြောဆိုမှုများလည်း ပေါ်ထွက်လာနေသည်။ လပွတ္တာတွင် မြို့ပေါ်သို့ ပြောင်းရွှေ့လာသော လူဦးရေက UNDP က ခန့်မှန်းထားသည်ထက် အများကြီး ပိုနိုင်သည်ဟု ပုဂ္ဂလိက လေ့လာ အကဲခတ်သူများက ပြောကြပါသည်။
မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဤလယ်သမားများ၏ ရေရှည် အနာဂါတ်ကကော မည်သို့မည်ပုံ ရှိပါမည်လဲ။ လယ်သမားများက သူတို့ချစ်သည့် လယ်ကွင်းများသို့သာ အရောက် ပြန်ချင်သည်ဟု ပြောဆိုကြသည်။ သို့သော် လယ်ကွင်းများ ပျက်စီးပြီး၊ ပိုဆိုးသည်မှာ ကျွဲနွားများလည်း ဆုံးရှုံး ခဲ့ကြရသည့် သူတို့အတွက် ဘယ်လို လယ်လုပ်ရပါမည်လဲ။ စိုက်ပျိုးရေး ဝန်ကြီးကမူ အဆိုပါ ကျွဲနွားတိရိစ္ဆာန်များကို အစားထိုးရန် ယခုနှစ်ကုန်တွင် စက်ယန္တရားများ အလုံအလောက် ရရှိမည်ဟု ဆိုသည်။ နာဂစ်မုန်တိုင်းက ဖျက်ဆီးသွားခဲ့သမျှကို ဤစက်ယန္တရားကြီးများဖြင့် အစားထိုး လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။ သို့သော် ဤစက် ယန္တရားကြီးများကို မည်သို့ ကိုင်တွယ်မောင်းနှင်ရမည် ဆိုသည်ကို လယ်သမားများ မသိပါ။ လယ်သမားများကမူ ကျွဲနွားများကိုသာ လိုချင်နေကြသည်။
အပျက်အစီး အတိုင်းအတာကို အထက် အာဏာပိုင်များ မသိစေရန် ဒေသခံ အာဏာပိုင်များက ဖုံးဖိထားသည့် ကိစ္စမှာ ယခုအခါ ပိုမို ထင်ရှားလာနေပြီ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်မတိုင်မီ သူလာမည့် လမ်းတလျှောက် မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်ရာ အဓိက လမ်းမကြီးပေါ်တွင် ပုဂ္ဂလိက အလှူရှင်များ၏ ကားများကို မောင်းထုတ် ဖယ်ရှားခဲ့ခြင်းက ထိုဖြစ်ရပ် မှန်ကန်ကြောင်း သက်သေ ပြနေသည်။ ဗိုလ်ချုပ်မှူးကြီးသည် မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ၂ ပတ်ကြာမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကူအညီပေးရေး လုပ်သားများနှင့် မီဒီယာများမှ တင်ပြသော သတင်းများ အစီရင် ခံချက်များမှာလည်း တဦးချင်းစီ အပေါ်တွင်သာ မူတည်ပြီး အမျိုးမျိုး ကွဲပြားစွာ ဖေါ်ပြနေကြသည်။
သူတို့လုပ်ငန်းတွင် အကူအညီ ရစေရန် အချို့က ပိုပိုသာသာ အကောင်း ရေးနေကြပြီး၊ အချို့ကမူ ကြီးမားသော အတားအဆီး အကန့်အသတ်များကြောင့် အဖြစ်မှန်နှင့် ဝေးလျက် ရှိသည်။
မြစ်ဝကျွန်းပေါ် ကျေးလက်ဒေသ၏ ဘဝမှာ ယခုအခါ လုံးလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို အပျက်အစီးများကို ပြန်လည် ပြုပြင်ရန် လုံလောက်သည့် အကူအညီများ သိသိသာသာ တိုးမြှင့်ရရှိခြင်း မရှိလျှင် အခြေအနေမှာ ပို၍ ဆိုးသွားဘွယ်ရာ ရှိနေသည်။ ယခု အသစ်တဖန် ထပ်မံ စိုးရိမ် နေရပြန်သည်မှာ ဤဒေသ၌ နောက် ၃ လအတွင်း ကြီးမားကျယ်ပြန့်သော ငတ်မွတ် ခေါင်းပါးမှုဘေးကြီးနှင့် ကြုံတွေ့ရမည့် အရေးဖြစ်သည်။ အများအပြား သေကြေ ပျက်စီးခဲ့ရသည့် ဤလူထုထံသို့ နောက်ထပ် အနိဌာရုံများ စုပုံ ရောက်ရှိလာဦးမည် ဖြစ်သည